ခေတ်မီသီးနှံ ကာကွယ်ရေးစနစ်များကို တောင်သူများ လက်ဝယ်အရောက် အသိပညာပေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်

ခေတ်မီသီးနှံ ကာကွယ်ရေးစနစ်များကို တောင်သူများ လက်ဝယ်အရောက် အသိပညာပေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်

ဖေဖော်ဝါရီ၊ ၁၁

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ဖေဖော်ဝါရီ ၁၁ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ရှိ စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေးဌာနခွဲနှင့်မြေအသုံးချရေးဌာနခွဲ၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဝန်ထမ်းများနှင့်တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက သီးနှံများအရည် အသွေးကောင်းမွန်ရေး၊ စားသုံးသူဘေးကင်းလုံခြုံရေးအပါအဝင် သီးနှံများ စတင်စိုက်ပျိုးသည်မှ စားသုံးသူလက်ဝယ် အရောက်သည်အထိ လုပ်ငန်းစဉ်အဆင့်ဆင့်တွင် GAP စံနှုန်းများနှင့်အညီ ဆောင်ရွက်မှုဖွံ့ဖြိုး လာရေးကြိုးပမ်းကြရန်လိုကြောင်း၊ စပါး၊ ပဲတီစိမ်း ၊ ပဲစင်းငုံ၊ မတ်ပဲ နှင့် ဝါသီးနှံများအပြင် ပြည်ပသို့တင်ပို့ရောင်းချနေသော သီးနှံများအားလုံး GAP ကျင့်စဉ်နှင့် အညီ လိုက်နာ ဆောင်ရွက်ရန် လိုကြောင်း၊ အလားတူ သုတေသနဖွံ့ဖြိုးရေးလုပ်ငန်းများ နည်းပညာဖြန့်ဖြူးရေး လုပ်ငန်း များ တိုးမြှင့် ဆောင်ရွက်ရေး၊ ပန်းတိုင်အထွက်နှုန်း မထိခိုက်စေရေးနှင့် စတင်စိုက်ပျိုးသည်မှ ရိတ်သိမ်းခြွေလှေ့သည်အထိ သီးနှံလေလွင့်ဆုံးရှုံးမှု နည်းပါးစေရေး၊ ပိုးသတ်ဆေးနှင့် ဓာတုဆေးဝါးများကြောင့် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ကို မပျက်စီးစေရန် ခေတ်မီသီးနှံကာကွယ်ရေးနည်းစနစ်များကို တောင်သူများလက်ဝယ် အရောက် အသိပညာပေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန်ဖြစ်ကြောင်း၊

ထိုသို့ဆောင်ရွက်ရာတွင် ဘက်စုံသီးနှံကာကွယ်ရေးစနစ်ဖြင့် အခြေခံ ဆောင်ရွက်ရန်နှင့် သီးနှံတစ်ခုချင်းအလိုက် ဘက်စုံသီးနှံကာကွယ်ရေးပုံစံများချမှတ်ရန်၊အပြည်ပြည်ဆိုင်ရာသီးနှံကာကွယ်ရေးစံချိန်စံညွှန်းများနှင့်အညီ ပြည်ပပို့ကုန်/သွင်းကုန်သီးနှံများကို ထုတ်လုပ်တင်ပို့/ တင်သွင်းနိုင်ရန်၊ ပြဌာန်းထားသောဥပဒေများနှင့်အညီ အရည် အသွေးပြည့်ဝသော စိုက်ပျိုးရေးသုံး ဓာတုဆေးများ တင်သွင်း/ဖြန့်ဖြူခြင်းအား စနစ်တကျ ကြပ်မတ် ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။ 

ဆက်လက်၍ သီးနှံကာကွယ်ရေးဌာန တာဝန်ရှိသူက ဌာန၏ ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်ချက်များဖြည့်စွက်ဆွေးနွေးမှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် မြေအသုံးချရေးဌာနခွဲသို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ရေနှင့်ပတ်သက်သည့်သုတေသန၊ မြေဆီလွှာနှင့်ပတ်သက်သည့်သုတေသနများ ဆောင်ရွက်ရန်၊ အာဟာရတစ်မျိုးချင်းအလိုက်၊ သီးနှံ တစ်မျိုးချင်းအလိုက် မြေတွင်း မြေလွှာနှင့် မြေတွင်း ရေလွှာ အာဟာရဓာတ်စုတ်ယူမှု၊မြေတွင်းရေပမဏ ဆက်စပ်မှုများ ကိုလေ့လာရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

MOALI