ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကုန်းမြင့်လယ်ယာမြေ ဖော်ထုတ်ရေးလုပ်ငန်း ကွင်းဆင်းစစ်ဆေး

နေပြည်တော်၊ ဇန်နဝါရီ ၁၈
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည် မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ထွန်းအေးသည် ရှမ်းပြည်နယ် (ရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ယန်းခကျေးရွာအုပ်စု၊ ဟွေကွတ်နှင့်နောင်ယန်းကျေးရွာတို့တွင် ပြည်ထောင်စုအစိုးရရန်ပုံငွေဖြင့် ကုန်းမြင့်လယ်ယာ မြေ ဧက ၁၀၀ ဖော်ထုတ်ဆောင်ရွက်နေမှုအား ဇန်နဝါရီ ၁၆ နေ့က သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ညွှန်ကြားရေးမှူးချုပ်သည် ထိုနေ့နံနက်ပိုင်းတွင် ကျိုင်းတုံမြို့နယ်၊ ယန်းခကျေးရွာအုပ်စု၊ ဟွေကွတ်နှင့်နောင်ယန်းကျေးရွာရှိကုန်းမြင့်ဒေသ လယ်ယာမြေ ဖော်ထုတ်ရေးရှင်းလင်းဆောင်သို့ ရောက်ရှိခဲ့ရာ စီမံကိန်းတာဝန်ခံ ဦးသိန်းဇော်(ဒုတိယညွှန်ကြားရေးမှူး)က စီမံကိန်းလုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဒေသခံတိုင်းရင်းသားတောင်သူများ၏လိုအပ်ချက်များအပေါ် ညွှန်ကြားရေးမှူးချုပ်က လုပ်ငန်းဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်သည် ဇန်နဝါရီ ၁၇ ရက် နံနက်ပိုင်းတွင် တာချီလိတ် မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ မယ်အောကျေးရွာတွင် ပြည်နယ်အစိုးရ ရန်ပုံ ငွေဖြင့်ဆောင်ရွက်လျက်ရှိသည့် ကုန်းမြင့်ဒေသ လယ်ယာမြေဖော်ထုတ် ရေးစီမံကိန်း လုပ်ငန်းခွင်သို့ ရောက်ရှိစစ်ဆေးခဲ့ရာ စီမံကိန်းတာဝန်ခံမှ စီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ဒေသခံ တိုင်းရင်းသား တောင်သူများ၏ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၂) ကုန်းမြင့်ဒေသလယ်ယာမြေဖော်ထုတ်ရေးစီမံကိန်းရုံး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့အနေဖြင့် နှစ်စဉ် ပြည်ထောင်စု/ပြည်နယ်အစိုးရ ရန်ပုံငွေတို့ဖြင့် ကုန်းမြင့်လယ်ယာမြေဧက ၃၀၀ ခန့်ဖော်ထုတ်ပေးလျက်ရှိရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း) အတွင်း ကုန်းမြင့်လယ်ယာမြေဧက ၉၃၇၃ ဒသမ ၄၅ အားဖော်ထုတ်ပေးနိုင်ခဲ့ပြီးဖြစ်သည်။
AMD