မိုးရွာသွန်းမှု ၄၀ ရာခိုင်နှုန်းလျော့ကျခြင်းက ပါကစ္စတန် ပန်ဂျပ်ပြည်နယ် စိုက်ပျိုးသီးနှံများအပေါ် ခြိမ်းခြောက်နေ

မိုးရွာသွန်းမှု ၄၀ ရာခိုင်နှုန်းလျော့ကျခြင်းက ပါကစ္စတန် ပန်ဂျပ်ပြည်နယ် စိုက်ပျိုးသီးနှံများအပေါ် ခြိမ်းခြောက်နေ

ပြင်းထန်သော မိုးခေါင်မှုကြောင့် ပါကစ္စတန် ပန်ဂျပ်ပြည်နယ်၏ သီးနှံစိုက်ပျိုးမှုအပေါ် သိသိသာသာ ထိခိုက်စေလျက်ရှိကြောင်း ပါကစ္စတန်မိုးလေဝသနှင့်ဇလဗေဒဌာနမှ ထုတ်ပြန်ထားကြောင်း သိရှိရသည်။ စက်တင်ဘာမှ ဇန်နဝါရီလလယ်အထိ မိုးရွာသွန်းမှု ၄၂ ရာခိုင်နှုန်း လျော့ကျလျက်ရှိပြီး တောင်သူများ၏ ဝင်ငွေကို ထိခိုက်စေလျက်ရှိသည်ဟု ဆိုသည်။ ပန်ဂျပ်ပြည်နယ် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်တင်ပို့သူများအသင်း ဥက္ကဌ Malic Asghar က “မိုးနည်းနေတော့ လယ်သမားတွေ ဝင်ငွေ အဓိကထိခိုက်တာပေါ့၊  ပုံမှန်ဆိုရင်ကျွန်တော်တို့တစ်ဧကကို အာလူး အိတ် ၁၀၀ ကနေ ၁၂၀ အထိ ရတယ်၊ ဒီနှစ်တော့ ၆၀ ရဖို့တောင် မလွယ်ဘူး” ဟု ပြောသည်။

ပါကစ္စတန်၏ ဂျီဒီပီ လေးပုံတစ်ပုံခန့်ကို ဖြည့်ဆည်းပေးလျက်ရှိသော စိုက်ပျိုးရေးကဏ္ဍတွင် လုပ်သားအင်အား၏ ၃၇ ရာခိုင်နှုန်း ပါဝင်နေပြီး ကြုံတွေ့နေရသည့် အခြေအနေအရ လယ်သမားငယ်များသည် မြို့ပြသို့ အခြားအလုပ်အကိုင် ရှာဖွေရန် ရွှေ့ပြောင်းနေကြကြောင်း ၎င်းကဆိုသည်။ မိုးလေဝသဌာနခန့်မှန်းချက်အရ မိုးခေါင်မှုသည် ပန်ဂျပ်အပြင် Sindh နှင့် Balochistan တွင်လည်း မိုးရွာသွန်းမှု ၅၂ ရာနှုန်းနှင့် ၄၅ ရာခိုင်နှုန်း လျော့ကျခဲ့ကြောင်း သိရသည်။

Multan မှ ဂျုံတောင်သူ Ishfaq Ahmad Jatt ကလည်း မိုးခေါင်မှုသည် ၎င်းကို ဆိုးဆိုးရွားရွား ထိခိုက်စေကြောင်း၊ ဂျုံအထွက် ၅၀ ရာခိုင်နှုန်းခန့် လျော့ကျနိုင်မည်ဟု ခန့်မှန်းထားကြောင်း ပြောကြား သည်။ နိုင်ငံ၏ အဓိကမှီခိုအားထားရာ Indus မြစ်မှာလည်း တိုးပွားလာသော လူဦးရေနှင့် မပြည့်စုံသော ရေစီမံခန့်ခွဲမှုစနစ်ကြောင့် အခက်ကြုံရလျက်ရှိသည်။ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုအရ ပြီးခဲ့သည့် ၂ နှစ်က ကြီးမားသော ရေလွှမ်းမိုးမှုဖြစ်ခဲ့ပြီး နောက် ယခု မိုးခေါင်မှုကို ကြုံရခြင်းဖြစ်သည်။

ပါကစ္စတန်တွင် သီးနှံပျက်စီးဆုံးရှုံးမှုနှင့် လေထုညစ်ညမ်းလာမှုတို့ကို ကြုံနေရသည့်အတွက် စိုက်ပျိုးရေးကဏ္ဍအနေဖြင့် ရေရှားပါးမှုကို အမြန်ဖြေရှင်းရန်နှင့် ရေရှည်တည်တံ့မည့် ဆောင်ရွက်မှုများ လိုအပ်လျက်ရှိသည်။ရာသီဥတုဖောက်ပြန်မှုအကျိုးဆက်ကို ပြင်းထန်စွာခံစားနေရသည့် နိုင်ငံအနေဖြင့် မကြာ ခဏကြုံတွေ့နေရသည့် ရာသီဥတုစိန်ခေါ်မှုများအပေါ် သင့်လျော်သည့် နည်းဗျူဟာများ ချမှတ်ဆောင်ရွက်ရန် လိုအပ်လျက်ရှိကြောင်း သိရသည်။

TTP