မိတ္ထီလာခရိုင်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရံပုံငွေဖြင့် စိုက်ပျိုးရေတိုးချဲ့ပေးဝေနိုင်ရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

မိတ္ထီလာခရိုင်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရံပုံငွေဖြင့် စိုက်ပျိုးရေတိုးချဲ့ပေးဝေနိုင်ရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

နေပြည်တော်၊ ဇန်နဝါရီ ၂၈

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ဇန်နဝါရီ ၂၇ ရက်၊ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ကဖြူကျေးရွာအုပ်စု၊ မင်းတဲကုန်းကျေးရွာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် ဆိုလာစနစ် စက်ရေတွင်းများမှ စိုက်ပျိုးရေ ရယူစိုက်ပျိုးထားသော ကြက်သွန်နီစိုက်ခင်းနှင့် ကြက်သွန်မျိုးစေ့ထုတ် စိုက်ခင်းများအား ကြည့်ရှုစစ်ဆေးသည်။ 

ကြည့်ရှုစစ်ဆေးစဥ် ဒုတိယဝန်ကြီးက ဒေသခံတောင်သူများအား နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စက်ရေတွင်းများ တူးဖော်ခြင်း၊ ဆိုလာတပ်ဆင်ခြင်းလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးခြင်းဖြင့် စိုက်ပျိုးရေး လုပ်ငန်းအတွက် အဓိက လိုအပ်ချက် ဖြစ်သည့် စိုက်ပျိုးရေ ဖူလုံစွာရရှိပြီး စိုက်ပျိုးထုတ်လုပ်မှု တိုးတက်လာမည်ဖြစ်ကြောင်း၊ ကြက်သွန်သီးနှံမှာ ရေလိုအပ်ချက်အတော်အသင့်အသုံးပြုရပြီး၊ အကျိုးအမြတ် တွက်ခြေကိုက်သော သီးနှံဖြစ်သဖြင့် ရေရရှိရေး လုပ်ငန်းများကို အလေးထား ဆောင်ရွက်ပေးနိုင်သည်နှင့်အမျှ တောင်သူများအနေဖြင့် စိုက်ပျိုးရေး ထွက်ကုန်များ ပိုမိုရရှိလာပြီး လူမှုစီးပွားဘဝများ  ဖွံ့ဖြိုးတိုးတက်ကာ နိုင်ငံ၏ စားရေရိက္ခာ ဖူလုံမှုကိုလည်း ကြီးမားစွာ အထောက်အကူပြုပေးနိုင်မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် သာစည်မြို့နယ် ညောင်အိုင်ကျေးရွာ အုပ်စု၊ ကမ္ဘားမြင့် ကျေးရွာ ( ကွင်းအမှတ် ၁၇၄၅ -  ဦးပိုင် ၅၆ ) တွင် တစ်ကွင်းတစ်စပ်တည်း စိုက်ပျိုးထားရှိသော ကြက်သွန်နီ ဧက ၁၀၀ စံပြစိုက်ကွင်းရှိ ရွှေဖလား ထိပ်မောက်မျိုး ကြက်သွန်နီစိုက်ခင်းသို့ ရောက်ရှိပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံဆွေးနွေးစဉ် တောင်သူများက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆိုလာတပ်ဆင်ခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးရန် တင်ပြကြရာဒုတိယဝန်ကြီးက အမြန်ဆုံးရရှိရေး တင်ပြဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆိုလာတပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်ရမည့် စံလုပ်ထုံးလုပ်နည်း(SOP)များကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

ကြက်သွန်နီသည် သက်တမ်း တစ်လျှောက်လုံးတွင် ၁၀ ကြိမ်ခန့် ရေပေးသွင်းရန် လိုအပ်သည့်သီးနှံဖြစ်ရာ ရေကို လိုအပ်ချိန်တွင် လိုသလောက်ပေးသွင်းပေးခြင်းဖြင့် တစ်ဧက အထွက်နှုန်း ပိုမိုထွက်ရှိပြီး၊ တစ်ဧကမှ အမြတ်ငွေ ပိုမိုရရှိလာကြောင်း တွေ့ရှိလာရသည့်အတွက် ယခုနှစ်တွင် ယခင်နှစ်ထက် ကြက်သွန်စိုက်တောင်သူများ ပိုမိုများပြားလာကြောင်းနှင့် တောင်သူများအနေဖြင့်လည်း ရေရရှိရေးလုပ်ငန်းအပေါ် ပိုမိုအလေးထားလာကြကြောင်း တွေ့ရှိရသည်။

ဆက်လက်၍ တမာကုန်းကျေးရွာအုပ်စု တမာကုန်းရွာတွင် စိုက်ပျိုးရေရရှိရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆိုလာစနစ် စက်ရေတွင်းများ ရရှိရေး တင်ပြတောင်းခံထားသည့် တောင်သူများနှင့်တွေ့ဆုံခဲ့၍ တောင်သူများ၏ တစ်ကွင်းတစ်စပ်တည်း စိုက်ပျိုးထားရှိသော ကြက်သွန်စိုက်ခင်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ပေးခဲ့ကြောင်း သတင်းရရှိသည်။

MOALI