မန္တလေးဈေးကွက်

ဆန်
ရွှေဘိုပေါ်ဆန်း၊ ရန်ကုန်ပေါ်ဆန်းတို့မှာ အသစ် ဝင်ရောက်မှုရှိခြင်းကြောင့် ပင်ရင်းဈေးနိမ့်ပြီး ရန်ကုန်ပေါ်ဆန်းတစ်အိတ် ၁၃၀၀၀၀ကျပ် ရွှေဘိုပေါ်ဆန်း တစ်အိတ် ၁၄၀၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ မနောသုခဆန်မှာ အသစ်ဝင်ရောက်မှုရှိခြင်း၊ အသစ်အဝင်များလာခြင်း၊ မြို့တွင်းသုံးဝယ်ယူမှု ပုံမှန် ရှိခြင်းကြောင့် အသစ်တစ်အိတ် ၇၈၀၀၀ကျပ်၊ အဟောင်းတစ်အိတ် ၈၅၀၀၀ကျပ်ဖြင့် ရောင်းဝယ်နေသည်။ ငစိန်နှင့် ဇီယာဆန်တို့မှာ ရန်ကုန်မှ တစ်ဆင့်ဝင်ရောက်ပြီး အသစ်ဝင်ရောက်ချိန်ဖြစ်ခြင်း၊ လုပ်ငန်းသမားအဝယ်ပုံမှန်ရှိခြင်းကြောင့် အသစ်တစ်အိတ် ၇၆၀၀၀ကျပ်မှ ၇၅၀၀၀ကျပ်သို့ ဈေးနိမ့်သွားပြီး ဇီယာဆန်မှာ အသစ်ဝင်ရောက်သော်လည်း ဇီယာမျိုးနွယ်ဝင်များ ပြည်ပတင်ပို့မှုရှိခြင်းကြောင့် ပင်ရင်းဈေးမြင့်သဖြင့် တစ်အိတ် ၉၀၀၀၀ ကျပ်ဖြင့် ဈေးငြိမ်နေသည်။ ဧရာမင်းဆန် အသစ်မဝင်သေးခြင်း၊ အဟောင်း များသာတွေ့ရပြီး မြို့တွင်းသုံးပုံမှန် အဝင်ပုံမှန်ရှိခြင်းကြောင့် တစ်အိတ် ၁၄၀၀၀၀ ကျပ်ဖြင့် ဈေးငြိမ်နေသည်။ မိုးမိတ်မရောက်မီမြို့များ၊ မန္တလေး ဝန်းကျင်မြို့များမှ တင်ပို့ရမှု ရံဖန်ရံခါရှိသည်။
ဆီထွက်သီးနှံ
မြေပဲ(လုံးဆန်) ဈေးနှုန်းမှာ ဆောင်းမြေပဲအသစ်ရော မိုးလက်ကျန်အဟောင်းပါ ထုတ်ရောင်းမှုရှိခြင်းကြောင့် နှစ်မျိုးလုံးတွေ့ရပြီး အသစ် ၁၀၀ ပိဿာ ၉၀၀၀၀၀ကျပ်၊ အဟောင်း ၈၈၀၀၀၀ကျပ်ဖြင့် လုပ်ငန်းသမားဝယ်ယူမှု ပုံမှန်ရှိသည်။ မြေပဲ(ဆီဆန်) ဈေးနှုန်းအနေဖြင့် ဆောင်းမြေပဲ အသစ်အဝင်နည်းသွားခြင်း၊ ဆီစက်သမားအဝယ်ပုံမှန်ရှိခြင်းကြောင့် ၁၀၀ ပိဿာ အရည် အသွေးအကောင်းဆုံး ၈၄၀၀၀၀ကျပ်မှ ၈၆၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။
နှမ်းဖြူမှာ ဆောင်းနှမ်းအသစ်ဝင်ရောက်ချိန်နီးခြင်း၊ မိုးလက်ကျန်နည်းခြင်း၊ လုပ်ငန်းသမားအဝယ်ပုံမှန်ရှိခြင်းကြောင့် ၄၅ပိဿာ ၃၅၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ နှမ်းညိုမှာ အသစ်ဝင်ရောက်မှုရှိခြင်း၊ ဆီစက်သမားအဝယ်ပုံမှန်ရှိခြင်းကြောင့် ၄၅ပိဿာ ၃၁၀၀၀၀ ကျပ်မှ ၃၀၀၀၀၀ ကျပ်သို့ ဈေးမသိမသာနိမ့်သွားသည်။ နှမ်းနက် (စမုံ)မှာ အသစ်ဝင်ချိန်နီးခြင်း၊ လုပ်ငန်းသမားတရုတ်ဝယ်လက် နည်းသော်လည်း၊ မိုးလက်ကျန်နည်းခြင်းကြောင့် ၄၅ပိဿာ အရည်အသွေးအကောင်းဆုံး ၆၇၅၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
ပန်းနှမ်း အသစ်မဝင်သေးခြင်း၊ လက်ကျန်နည်းခြင်း၊ ဈေးမြင့်သဖြင့် ဆီစက်သမား အဝယ်နည်းခြင်းကြောင့် ၄၅ပိဿာ ၂၄၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ ဆောင်းနေကြာဝင်ရောက်မှုရှိခြင်း၊ လှောင်သမားဝယ်ယူမှုရှိခြင်းကြောင့် ၂၇ပိဿာ ၁၈၀၀၀၀ ကျပ်ဖြင့် ဈေးငြိမ်နေသည်။
စားဖိုဆောင်သီးနှံ
ငရုတ်ခြောက်(ရှည်)မှာ သာစည်၊ ပျော်ဘွယ်နယ်စုံမှ အဝင်ပုံမှန် မြို့တွင်းသုံးပုံမှန်ရှိခြင်းကြောင့် တစ်ပိဿာ ၁၅၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ ငရုတ်ခြောက်(လတ်)မှာ ရှမ်းစကသီးများဝင်ရောက်မှုရှိခြင်းကြောင့် တစ်ပိဿာ ၁၂၀၀၀ကျပ်၊ အဟောင်းတစ်ပိဿာ ၉၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ ငရုတ်ခြောက်(ပွ)မှာ Aircon ဖြင့်ထာသော အပွတစ်ပိဿာ ၂၅၀၀၀ကျပ်၊ ဆင်ဖြူကျွန်းမှ ဝင်ရောက်သော အသစ်တစ်ပိဿာ ၂၀၀၀၀ကျပ်ဖြင့် ရောင်းဝယ်နေသည်။ ကြက်သွန်နီများ မြစ်သားနှင့် ရွှေဘိုမှ အသစ်ဝင်ရောက်မှုရှိပြီး မြစ်သားကြက်သွန်အဝင်များလာခြင်းကြောင့် ကြက် သွန်နီကြီး ၄၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး ကြက်သွန်နီ(လတ်) တစ်ပိဿာ ၃၈၀၀ကျပ်မှ ၃၆၀၀ကျပ်၊ သေးတစ်ပိဿာ ၃၂၀၀ကျပ်မှ ၃၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။ ကြက်သွန်နီ (ရွှေဘို)မှာ ကြီးတစ်ပိဿာ ၃၃၀၀ကျပ်၊ လတ်တစ်ပိဿာ ၃၀၀၀ကျပ်၊ သေးတစ်ပိဿာ ၂၅၀၀ကျပ်ဖြင့် အဝင်များနေသည်။ ကြက်သွန်ဖြူ(တရုတ်)မှာ ယခုအပတ် လမ်းပမ်းဆက်သွယ်ရေး အခြေအနေအရ ပစ္စည်းအဝင်နည်းပြီး ပွဲရုံများတွင် ပစ္စည်းရှားနေသည်။ ပွဲရုံအချို့၌သာ တွေ့ရပြီး တစ်ပိဿာ ၁၇၀၀၀ကျပ် ဈေးရှိသည်။ကြက်သွန်ဖြူ (ရှမ်း)မှာ အဝင်ပုံမှန် မြို့တွင်းသုံးပုံမှန်ရှိခြင်းကြောင့် အရည်အသွေးပေါ်မူတည်၍ အနိမ့်ဆုံး တစ်ပိဿာ ၁၁၀၀၀ ကျပ်မှ အရည်အသွေး အကောင်းဆုံး ၁၄၀၀၀ကျပ်ဖြင့် ရောင်းဝယ်နေသည်။ အောင်ပန်းအာလူးများ ဝင်ရောက်မှုများလာပြီး အိုကေတစ်ပိဿာ ၆၇၀၀ ကျပ်၊ အေဝမ်းတစ်ပိဿာ ၆၀၀၀ ကျပ်၊ ဆွဲတစ်ပိဿာ ၅၅၀၀ ကျပ်ဖြင့် မြို့တွင်းစားသုံးမှု ပုံမှန်ရှိနေသည်။ ကြက်သွန်နီအပါအဝင် စားဖိုဆောင်သီးနှံများအား များသောအား ဖြင့် မြို့တွင်းစားသုံးရန် ဝယ်ယူမှုများပြီး လမ်းပမ်းဆက်သွယ်ရေး အခြေအနေပေါ်မူတည်၍ အမှာရှိပါက အင်းတော်၊ ထီးချိုင့် မဲဇာနှင့် စစ်ကိုင်းတိုင်း အထက်ပိုင်းရန်ကုန်သို့ ရံဖန်ရံခါ တင်ပို့မှုရှိသည်။
ပဲမျိုးစုံ
မတ်ပဲ မတ္တရာ၊ ရွှေဘို၊ မုံရွာဘက်မှ အသစ်များ ဝင်ရောက်မှုရှိပြီး ရန်ကုန်ဝယ်လက်၊ လှောင်သမားများ အဝယ်ပုံမှန်ရှိခြင်းကြောင့် အရည် အသွေးအကောင်းဆုံး တစ်အိတ် ၂၉၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ပဲတီစိမ်း (အညာ)မှာ ဆောင်းပဲအဝင်ပုံမှန် တရုတ်ဝယ်လက် ပဲခွဲစက်များ ဝယ်ယူမှု ပုံမှန်ရှိခြင်းကြောင့် ထွက်ရှိရာ ဒေသအရည်အသွေးကွာခြားမှုပေါ်မူတည်၍ ၃တင်းတစ်အိတ် အရည်အသွေးအညံ့ဆုံး ၂၇၀၀၀၀ ကျပ်မှ အကောင်းဆုံး ၃၀၀၀၀၀ ကျပ်ထိ ဈေးအမျိုးမျိုးဖြင့် ရောင်းဝယ်နေသည်။ဆောင်းပဲပုပ် မဝင်သေးသဖြင့် မိုးလက်ကျန်နည်းခြင်း၊ လုပ်ငန်းသမား အဝယ်ပုံမှန်ရှိခြင်းကြောင့် ပဲပုပ်(မြန်မာ) မှာ ၃တင်းတစ်အိတ် ၅၃၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး ပဲပုတ်(ရှမ်း)မှာ ဆီစက်သမားအဝယ်ပုံမှန်ရှိခြင်း၊ အသစ်မဝင်သေးခြင်းကြောင့် တစ်အိတ် ၃၃၀၀၀၀ ကျပ်မှ ၃၄၀၀၀၀ ကျပ်သို့ ဈေးမသိမသာမြင့်သွားသည်။ ကုလားပဲ အသစ်မဝင်သေးသဖြင့် လက်ကျန်နည်းခြင်း၊ လုပ်ငန်းသမား၊ ပဲကြော်/လှော်သမား အဝယ်ပုံမှန်ရှိခြင်းကြောင့် ၃ တင်းတစ်အိတ် ၂၉၀၀၀၀ ကျပ်၊ ကုဖြူကြီး မှာလည်း ခွဲစက်သမား အဝယ်ပုံမှန်ရှိခြင်းကြောင့် တစ်အိတ် ၂၇၀၀၀၀ ကျပ်ဈေးဖြင့် တည်ငြိမ်နေသည်။ ခွဲခြမ်းမှာ ဟင်းသီး/ ရွက်ပေါ်သောဆောင်းကာလဖြစ်၍ မြို့တွင်း စားသုံးမှုနည်းလက်ကျန်များခြင်းကြောင့် တစ်ပိဿာ ၇၀၀၀ ကျပ်မှ ၆၈၀၀ ကျပ်သို့ ဈေးနိမ့် သွားသည်။ ပဲယင်း၊ မြေထောက်ပဲ၊ (စားတော်ပဲ(ကျွန်း)တို့မှာ အသစ်မဝင်သေးခြင်း၊ လက်ကျန်နည်းခြင်းကြောင့် ပဲယင်းမှာ ခွဲစက်သမား၊ ကြာဇံသမား အဝယ်နည်းသော်လည်း တစ်အိတ် ၂၅၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ မြေထောက်ပဲမှာ လုပ်ငန်းသမားအဝယ်နည်း အရောင်းအဝယ်ဖြစ်မှုနည်းခြင်းကြောင့် အရည်အသွေးအကောင်းဆုံး တစ်အိတ် ၃၂၀၀၀၀ ကျပ်မှ ၃၀၀၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။ စားတော်ပဲ(ကျွန်း)မှာ အသစ်မဝင်သေးသော် လည်း လက်လီသမားအဝယ်နည်းပြီး အရောင်းအဝယ်အေးခြင်းကြောင့် တစ်အိတ် ၄၇၀၀၀၀ ကျပ်ဖြင့် ဈေးတည် ငြိမ်နေသည်။ ပဲလွန်းဖြူ/ပြာတို့မှာ အသစ်ဝင်ချိန်နီး၍ လှောင်သမားထုတ်ရောင်းမှုရှိခြင်း၊ လက်လီသမားအဝယ် နည်း၍ အရောင်းအဝယ်အေးခြင်းတို့ကြောင့် ယခင်အပတ် ၂၅၅၀၀၀ ကျပ်မှ ၂၄၀၀၀၀ ကျပ်သို့ လည်းကောင်း၊ ပဲလွန်းပြာမှာ ၂၃၅၀၀၀ ကျပ် မှ ၂၁၅၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။ ထောပတ်ပဲ (ကြီး/သေး) တို့မှာ အသစ်မဝင်သေးခြင်း၊ အဝင်ပုံမှန်လုပ်ငန်းသမား၊ လှောင်သမား အဝယ်နည်းခြင်းကြောင့် ထောပတ်ပဲ(ကြီး) ၃ တင်းတစ်အိတ် ၃၉၀၀၀၀ ကျပ် ဈေးဖြင့် တည်ငြိမ်နေပြီး ထောပတ်ပဲ(သေး) မှာလက်ကျန်နည်းပြီး လက်လီသမား အဝယ်ပုံမှန်ရှိခြင်းကြောင့် ၃ တင်းတစ်အိတ် ၃၀၀၀၀၀ ကျပ်မှ ၃၂၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။ ပဲကြီး (ကြီး/သေး) တို့မှာ ပဲကြီး(ကြီး) မှာ လက်ကျန်နည်းခြင်း၊ ဆောင်းပဲ မဝင်သေးခြင်း၊ လုပ်ငန်း သမား ပဲကြော်/လှော်သမား အဝယ်နည်းခြင်းကြောင့် ၃ တင်းတစ်အိတ် ၂၉၀၀၀၀ ကျပ်ဖြင့် ဈေးငြိမ်နေပြီး ပဲကြီး(သေး)မှာ လက်လီသမား ပုံမှန်အဝယ်ရှိပြီး အသစ်မဝင်သေးခြင်းကြောင့် တစ်အိတ် ၂၃၅၀၀၀ ကျပ်မှ ၂၄၅၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။
ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ
ခရမ်းချဉ်(ရှမ်းတောင်) ရာသီကုန် မဝင်တော့ဘဲ မုံရွာ၊ မိတ္ထီလာတို့မှ ထိုင်ဝမ်နှင့်ဗမာသီးများ ဝင်ရောက်ပြီး ထိုင်ဝမ် ၁၀ပိဿာ တစ်ခြင်း ၂၀၀၀၀ ကျပ်၊ မြန်မာသီး တစ်ပိဿာ ၂၅၀၀ ကျပ်တို့ဖြင့် မြို့တွင်း စားသုံးရန် ဝယ်ယူမှုသာရှိသည်။ ငရုတ်စို(ရှည်) များ မုံရွာ၊ ချောင်းဦးဘက်မှ ဝင်ရောက်ပြီး အဝင်ပုံမှန်၊ မြို့တွင်းသုံးပုံမှန်ရှိပြီး နယ်ဝေးတင်ပို့ရခြင်းမရှိသဖြင့် တစ်ပိဿာ ၃၀၀၀ ကျပ်ခန့်သာရှိသည်။ ငရုတ်စို(လတ်)မှာ တစ်ပိဿာ ၅၅၀၀ကျပ်ဖြင့် ငါးပိထောင်း၊ လက်ဖက်၊ ဗေဒါရွှေကြာလက်ဖက်တို့မှ ပုံမှန်ဝယ်ယူ မှုရှိသည်။ရွှေသခွားများအဝင်များပြီး အရည်အသွေးပေါ်မူတည်၍ တလုံး၁၅၀၀ ကျပ်မှ ၂၀၀၀ ကျပ်၊ ညောင်ပင်ဝန်းမှ သင်္ဘောသီးတစ်လုံး ၂၅၀၀ကျပ် ရမည်း သင်းမှ စပျစ်သီးတစ်ပိသာ ၁၂၀၀၀ကျပ်, ထောပတ်သီး ၁၂၀ လုံးပါတစ်အိတ် ၃၅၀၀၀ကျပ်မှ ၄၀၀၀၀ကျပ်၊ ပန်းသီးအကြွပ် ၇၂လုံးပါတစ်ဖာ ၁၁၀၀၀၀ကျပ်, ရွှေလိမ္မော် ၁၀ ပိဿာတစ်ခြင်း ၁၆၀၀၀၀ ကျပ်တို့ဖြင့် တန်ဇယ်၊ ရွှေဘို၊ ပြင်ဦးလွင်၊ မိတ္ထိလာနှင့် မန္တလေးဝန်းကျင်အမှာရှိသော မြို့များသို့တင်ပို့သည်။
ဂျုံနှင့် အစေ့ထုတ်ပြောင်း
ငါန်းဇွန်၊ မြို့သာ၊ မုံရွာ၊ ဘုတလင်၊ စစ်ကိုင်း၊ ဆာတောင်၊ ရွှေဘို၊ မြင်းမူ၊ မြောင်ဂျုံများ အသစ်မဝင်သေးခြင်း၊ လက်ကျန်နည်းခြင်း ရှိသော် လည်း ဂျုံစက်များမှ အဝယ်နည်းခြင်းကြောင့် အရည်အသွေးအကောင်းဆုံး ၂၂၀၀၀၀ကျပ်၊ ရှမ်းဂျုံ ၃တင်းတစ်အိတ် ၂၀၀၀၀၀ ကျပ်၊ ကြူကုတ်ဂျုံ ၁၈၀၀၀၀ကျပ်တို့ဖြင့် ဈေးတည်ငြိမ်နေပြီး ဩစတြေလျဂျုံမှုန့်မှာ တစ်ပိဿာ ၃၇၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ အစေ့ထုတ်ပြောင်း မိုးလက်ကျန်များ အရည်အသွေးညံ့သွားခြင်း၊ ဆောင်းပြောင်းဝင် ချိန်နီးခြင်း၊ အစာစပ်သမားဝယ်ယူမှုသာရှိခြင်း တို့ကြောင့် ယခင်အပတ် ၃ တင်းတစ်အိတ် ၈၆၀၀၀မှ ယခုအပတ် ၈၂၀၀၀ကျပ်သို့ ဈေးမသိမသာ နိမ့်သွားသည်။
ခင်မေကြည်