အောင်နိုင်တိုးစပါးမျိုးသစ် ကွင်းသရုပ်ပြပွဲကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာ၂၃
စိုက်ပျိုးရေးသုတေသနဦးစီးဌာန သုတေသနပညာရှင်များက ထုတ်လုပ်လိုက်သည့် အောင်နိုင်တိုး စပါးမျိုးသစ် ကွင်းသရုပ်ပြပွဲကို ဒီဇင်ဘာလ (၂၃)ရက်နေ့၊ နံနက်ပိုင်းက နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းရှိ သုနေသနစိုက်ကွင်း၌ ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်များ တာဝန်ရှိသူများ၊ သုတေသီများနှင့် ကွင်းဝန်ထမ်းများ၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ တောင်သူနှင့် စိုက်ပျိုးရေးလုပ်ငန်းရှင် ၁၁၈ ဦး တက်ရောက်ကြသည်။
ကွင်းသရုပ်ပြပွဲ၌ တောင်သူများ စိုက်ပျိုးရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးပြောကြားရာ၌ရေမြေသဘာဝ ရာသီဥတုစုံလင်သည့် မိမိတို့ မြန်မာနိုင်ငံ၏ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးရေးအတွက် ဒေသအလိုက် စိုက်ပျိုးဖြစ်ထွန်းစေမည့်စပါးမျိုးသစ်များကို မိမိတို့ဝန်ကြီးဌာနက ထုတ်လုပ်ခဲ့ရာ ၁၉၇၂ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ဆည်ရေသောက် စပါးမျိုး ၃၄ မျိုး၊ မိုးကောင်းသောက် စပါးမျိုး ၃၉ မျိုး အပါအဝင် စုစုပေါင်း စပါးမျိုး ၁၃၈ မျိုး ထုတ်ဝေပေးခဲ့ပြီးဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး၌ စိုက်ပျိုးလျက်ရှိသည့် မိုးစပါးစိုက် ဧရိယာ၏ ၈၀ ရာခိုင်နှုန်းခန့်နှင့် နွေစပါး ၉၀ ရာခိုင်နှုန်းခန့်သည်စိုက်ပျိုးရေး သုတေသနဦးစီးဌာနက ထုတ်လုပ်ထားသည့် စပါးမျိုးများဖြစ်သည်ကို တွေ့ရှိရမှာဖြစ်ကြောင်း၊ ယခု အောင်နိုင်တိုးစပါးမျိုးသစ်သည် အထွက်ကောင်းခြင်း၊ ပြည်တွင်း၊ ပြည်ပဈေးကွက်ဝင် အရည်အသွေးရှိခြင်း၊ ရောဂါပိုးမွှား ဒဏ်ခံနိုင်သော နွေ၊ မိုး စိုက်ပျိုးနိုင်သည့် သက်လျင် စပါးမျိုးဖြစ် တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိအသုံးပြုနိုင်ကြစေရန် ယနေ့ ကွင်းသရုပ်ပြပွဲကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊
စပါးမျိုးသစ်ထုတ်လုပ်ရာတွင်လည်း ရေဆင်း စိုက်ပျိုးရေးသုတေ သနဌာနစမ်းသပ်ကွက်နှင့် သက်ဆိုင် ရာ ဒေသသုတေသန စမ်းသပ်ကွက်များတွင်အကြိမ်ကြိမ်စမ်းသပ်စိုက် ပျိုးပြီး သတ်မှတ် ပန်းတိုင်အထွက်နှင့် သီးနှံ အရည်အသွေး အတည်ပြုချက်များ ထွက်ရှိပြီးမှသာ နိုင်ငံတော် ၏ခွင့်ပြုချက်ဖြင့် တောင်သူများထံ မျိုးဖြန့်ဖြူးခြင်း လုပ်ငန်းကို ဆက် လက်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ တောင်သူများနှင့်စိုက်ပျိုး ရေးလုပ်ငန်းရှင်များ အနေဖြင့် မျိုး၊ မြေ၊ ရေ၊ နည်းပညာဆိုင်ရာများ စနစ်တကျလိုက်နာ ဆောင်ရွက်ပြီးပန်းတိုင်အထွက်ရရှိအောင် အားသွန်ခွန်စိုက်ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ပေးကြစေလိုကြောင်း၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများအနေဖြင့်လည်း မိမိဒေသ နှင့် ကိုက်ညီဖြစ်ထွန်းစေမည့် အထွက်ကောင်း အရည်အသွေးကောင်းမျိုးများ အသုံးပြုစိုက်ပျိုး နိုင်ရေးနှင့် လိုအပ်ချက်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးပြီး တောင် သူနှင့်လုပ်ငန်းရှင်များအတွက် အကျိုး စီးပွား ပိုမိုဖြစ်ထွန်းစေရေးနှင့် နိုင်ငံ ၏ ဆန်စပါးထုတ်လုပ်မှုတိုးတက်စေရေး ပူးပေါင်းကြိုးပမ်းကြရန်လိုအပ်ကြောင်း၊
နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် အထူးအထွက်တိုးစီမံကိန်းတွင် ပါဝင်ဆောင်ရွက်ကြသည့် တောင်သူများအနေဖြင့်လည်း ချေးငွေများအရင်းမပျောက်စေရန် သတ်မှတ် ကာလအတွင်း အပြေအကြေ ပြန်လည်ပေးဆပ်ကြပြီး နောက်ရာသီ စိုက်ပျိုးရေးချေးငွေအတွက် အရှိန်မပျက် လှည့်ပတ်သုံးစွဲနိုင်ရေး ပူးပေါင်း ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြား သည်။
ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းက အောင်နိုင်တိုး စပါးမျိုးသစ် ထုတ်လုပ်နိုင်ရေးအတွက် သုတေသနလုပ်ငန်းအဆင့်ဆင့်ဆောင်ရွက်ခဲ့မှု၊ မျိုးစေ့နှုန်းထား၊ ပျိုးထောင်ခြင်းနှင့်ပျိုးပင်စောင့်ရှောက်ခြင်း၊ စိုက်ပျိုးနည်း စနစ်အမျိုးမျိုးဖြင့် ဆောင်ရွက်နိုင်မှု၊ အပင်ပြုစုခြင်း၊ မြေဩဇာကျွေးခြင်း၊ ပေါင်းမြက်နှင့်ပိုးမွှားရောဂါနှိမ်နင်းခြင်း၊ အောင်နိုင်တိုး စပါးမျိုးသစ်၏ အရည်အချင်းလက္ခဏာများကို ရှင်းလင်းတင်ပြပြီး တောင်သူများ၏ မေးမြန်းချက်များကို အသေးစိတ်ရှင်းလင်းဖြေကြားခဲ့သည်။
စိုက်ပျိုးရေးတက္ကသိုလ် နှစ်(၁၀၀)ပြည့် အခမ်းအနားတွင် နိုင်ငံတော်အဆင့် ဆုချီးမြှင့် အသိအမှတ်ပြုခြင်းခံခဲ့ရသည့် အောင်နိုင်တိုးစပါးမျိုးသစ်ကို ၂၀၁၅ ခုနှစ်မှစတင်၍ သုတေသနပြုဆောင်ရွက်ခဲ့ပြီး နေပြည်တော်အပါအဝင် တိုင်းဒေသကြီး ပြည်နယ်များ၌ စမ်းသပ် စိုက် ပျိုး၍ ရလဒ်ကောင်းများ ရရှိခဲ့ပြီးဖြစ်ကြောင်း၊ အဆိုပါ အောင်နိုင်တိုး စပါးမျိုးကို တောင်သူများစီးပွား ဖြစ်စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် မျိုးဖြန့်ဖြူးခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် တောင်သူများ စိုက်ပျိုးရေး လုပ်ငန်းရှင်များနှင့်အတူ အောင်နိုင်တိုးစပါးရိတ်သိမ်းမှုကို ကြည့်ရှုကြရာ တစ်ဧက စပါးအစို ၁၂၄ တင်းနှုန်း (စပါးအခြောက်-၁၁၆ တင်းနှုန်း)ထွက်ရှိသည်။ ဆက်လက် ၍ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် စိုက်ပျိုးရေး သုတေသနဦးစီးဌာန မြေပဲ၊ နေကြာ၊ ပဲပုပ်သုတေသနစိုက်ကွင်းများနှင့် တီမြေ ဆွေးသုတေသန ဆောင်ရွက်နေမှုများကိုလည်းကောင်း ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်း ရရှိသည်။
MOALI