ရန်ကုန်ဈေးကွက်

ရန်ကုန်ဈေးကွက်

ဆန်

ယခုရက်သတ္တပတ်အတွင်း ဆန်စပါးကုန်စည်ဒိုင်၊ ဝါးတန်းလမ်း တွင် ထုတ်ပြန်ထားသော ဆန်‌ဈေးနှုန်းများအရ ရွှေဘိုပေါ်ဆန် အလတ်စတစ်တင်းခွဲတစ်အိတ်လျှင် ၁၄၅၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်တင်းခွဲ တစ်အိတ်လျှင် ၁၄၀၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဖျာပုံပေါ်ဆန် အလတ်စ တစ်တင်းခွဲတစ်အိတ်လျှင် ၁၂၀၀၀၀ ကျပ်နှုန်းနှင့်အောက်စတစ်တင်းခွဲ တစ်အိတ်လျှင် ၁၁၀၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ပေါ်ကျွဲဆန် အလတ်စတစ်တင်းခွဲတစ်အိတ်လျှင် ၁၀၂၀၀၀ ကျပ်နှုန်းနှင့် အောက်စ တစ်တင်းခွဲတစ်အိတ်လျှင် ၁၀၀၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဇီယာဆန်အလတ် စတစ်တင်းခွဲတစ်အိတ်လျှင် ၇၉၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်တင်းခွဲတစ်အိတ်လျှင် ၇၈၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဧည့်မထဆန် ၂၅ ရာခိုင်နှုန်းနှင့် ငစိန် ဆန်အလတ်စ တစ်တင်းခွဲ တစ်အိတ်လျှင်၇၂၀၀၀ကျပ်နှုန်းနှင့် အောက်စတစ်တင်းခွဲတစ်အိတ်လျှင် ၇၁၀၀၀ ကျပ်နှုန်းဖြင့်လည်းကာင်း ရောင်းဝယ်လျက်ရှိကြောင်း သိရသည်။ ဈေးကွက်အတွင်း ရောင်းလိုအား၊ ဝယ်လိုအားမျှကာ ဆန်စပါး‌ဈေးနှုန်းများ လက်ရှိ‌ဈေးနှုန်းတွင်ပင် တည်မြဲ‌နေခဲ့သည်။ မြန်မာနိုင်ငံမှ အင်ဒိုနီးရှား၊ တရုတ်၊ ဖိလစ်ပိုင်၊ မိုဇမ်ဘစ် စသော နိုင်ငံများသို့ ပုံမှန်တင်ပို့မှုရှိခဲ့ကြောင်း သိရသည်။ ပြင်ပရှိ လက်လီဈေးကွက်တွင် အရည် အသွေး ပိုမိုကောင်းမွန်သော ဆန်များအား သတ်မှတ်ဈေးနှုန်းများထက် ပိုမိုသောဈေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိသည်။ ရန်ကုန်ဈေးကွက်သို့ ဖျာပုံ၊ မော်ကျွန်း၊ ဘိုကလေး၊ ကွမ်းခြံကုန်း၊ ဒေးဒရဲ၊ ကော့မှူး၊ တွံတေး၊ ဝါးခယ်မ၊ မြောင်းမြ၊ ကျိုက်လတ်၊ လပွတ္တာ၊ ရွှေဘိုဒေသများမှ ဈေးကွက်သို့ ဆန်ဝင်ရောက်မှု ပုံမှန်ရှိခဲ့ပြီး စားသုံးသူများမှလည်း လိုအပ်သလောက်သာ ဝယ်ယူမှုရှိခဲ့ကြောင်း သိရသည်။

အစေ့ထုတ်ပြောင်း

အစေ့ထုတ်ပြောင်းများမှာ နယ်မြေဒေသ အခြေအနေများအရ စိုက်ပျိုးမှုလျော့ကျခြင်း၊ ရေဘေးသင့်ခဲ့ခြင်း၊ သွင်းအားစုစရိတ်များ ဈေးမြင့်မားမှုကြောင့် စိုက်ပျိုးထုတ်လုပ်မှုစရိတ်များမြင့်ကာ ပြောင်းဈေးမြင့်နေခြင်း၊ ပြည်ပနိုင်ငံများမှ ဝယ်လိုအားကောင်းကာ ပြည်တွင်းမှ ရောင်းလိုအားနည်းခြင်း၊ ပြည်ပပို့ကုန်/သွင်းကုန်ကဏ္ဍတွင် ငွေပေးချေမှုကို ပြည်ပငွေများနှင့် ပေးချေနိုင်ခြင်း၊ အိန္ဒိယနိုင်ငံသို့ အကောက်ခွန်လွတ်ဖြင့် အများ အပြားတင်ပို့ မှုရှိခြင်း၊ဖိလစ်ပိုင်၊ဗီယက်နမ်၊ တရုတ်နိုင်ငံများမှလည်း ဝယ်ယူမှုရှိခြင်းတို့ကြောင့်  အစေ့ထုတ်ပြောင်း ဈေးနှုန်းများ ယခင်အပတ်ထက်ဈေးမြင့်ခဲ့သည်။အစေ့ထုတ်ပြောင်း ၅၄ ပိဿာလျှင် ယခင်အပတ် ပျမ်းမျှဈေးနှုန်းမှာ ၈၉၆၄၀ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်း ၉၀၁၈၀ ကျပ်သို့ ပြန်လည်ရောက်ရှိ ဈေးမြင့်ခဲ့ခြင်းဖြစ်သည်။

စားဖိုဆောင်သီးနှံ

ငရုတ်ခြောက်(ရှည်)မှာ ဈေးကွက်သို့ ကုန်အဝင်အနည်းငယ်ပိုလာခြင်း၊ စားသုံးသူများမှ ဝယ်လိုအားနည်းခြင်းတို့ကြောင့် ယခင်အပတ်ထက် အနည်းငယ်ဈေးနိမ့်ခဲ့သည်။ ငရုတ်ခြောက်(လတ် နှင့် ပွ)မှာ ဈေးကွက်သို့ ကုန်အဝင်နည်းကာ ဈေးမြင့်နေသော်လည်း စားသုံးသူများမှ ဝယ်ယူစားသုံးမှု နည်းခြင်းကြောင့် ယခင်အပတ်ဈေးနှုန်းများဖြင့်သာ ဈေးငြိမ်အရောင်းအဝယ်အေးခဲ့သည်။ ဈေးကွက် သို့ ပန်းတ‌နော်၊ ပန်းရဲ၊ မြားနီ၊ မြစ်ဝ(မိုးထောင်)နှင့် ဆင်ဖြူကျွန်း၊ မြစ်ဝပုငရုတ်များ ဝင်ရောက်မှုရှိခဲ့ ပြီး ငရုတ်ခြောက်(ရှည်၊လတ်၊ပွ)တစ်ပိဿာလျှင် ယခင်အပတ်ပျမ်းမျှ ဈေးနှုန်းမှာ (၈၀၀၀-၁၅၂၅၀-၁၂၀၀၀)ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ (၇၇၅၀-၁၅၂၅၀-၁၂၀၀၀)ကျပ်ဖြစ်သည်။ ကြက်သွန်နီ (ထူး၊လတ်၊သေး) ဈေးနှုန်းများမှာ နွေကြက်သွန်နီ အဟောင်းလက်ကျန်များ အရည်အသွေးနိမ့်လာ ချိန်ဖြစ်ခြင်း၊ ဈေးကွက်သို့ ကုန်အဝင်များခြင်း၊ ရောင်းလိုအားများခြင်းတို့ကြောင့် ယခင်အပတ်ထက် ဈေးနိမ့်ခဲ့သည်။ ကြက်သွန်နီ (ထူး၊လတ်၊သေး) တစ်ပိဿာလျှင် ယခင်အပတ် ပျမ်းမျှဈေးနှုန်းမှာ ၃၇၅၀-၂၈၀၀-၁၈၀၀ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၂၉၀၀-၁၈၅၀-၁၀၀၀ ကျပ်သို့ ရောက်ရှိ ဈေးနိမ့်ခဲ့သည်။ဈေးကွက်သို့ ဆိတ်ဖြူ၊ မြင်းခြံ၊ မုံရွာ၊ တောင်သာ၊ ပခုက္ကူဒေသများမှ ကုန်ဝင်ရောက် မှုရှိခဲ့ကြောင်းသိရသည်။ ကြက်သွန်ဖြူ(ကြူကုတ်)မှာဈေးကွက်သို့ ကုန်အဝင်မရှိသလောက်နည်းခြင်းကြောင့် ဈေးနှုန်းကောက်ယူနိုင်ခြင်း မရှိခဲ့ပါ။ ကြက်သွန် ဖြူ (ရှမ်း)မှာ ဈေးကွက်သို့ ကုန်အဝင်အနည်း ငယ်ပိုလာခြင်း၊ စားသုံးသူများမှ ဝယ်လိုအားနည်းခြင်းတို့ကြောင့် ယခင်အပတ်ထက် အနည်းငယ် ဈေးနိမ်ခဲ့သည်။ကြက်သွန်ဖြူ(ရှမ်း)တစ်ပိဿာလျှင် ယခင်အပတ်ပျမ်းမျှဈေးနှုန်းမှာ ၁၄၀၀၀ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၁၃၇၅၀ ကျပ်သို့ ရောက်ရှိဈေးနိမ်ခဲ့သည်။အာလူးဈေးနှုန်းများမှာ တရုတ်အာလူးများ ကုန်အဝင်နည်းကာ ဈေးမြင့်နေချိန်တွင် ရှမ်းအာလူးများ ကုန်အဝင်ရှိလာခြင်း၊ အရောင်းအဝယ်အေးခြင်းတို့ကြောင့် တရုတ်အာလူးမှာ အနည်းငယ် ဈေးနိမ့်လာခဲ့သည်။ ရှမ်းအာလူးများမှာ ဈေးကွက်သို့ ကုန်အဝင်ပုံမှန်ရှိလာခြင်း၊ ရောင်းလိုအားဝယ်လို အားမျှနေခြင်းတို့ကြောင့် ယခင်အပတ် ဈေးနှုန်းများဖြင့်သာ ဈေးငြိမ်အရောင်း အဝယ်အေးခဲ့သည်။ တရုတ်အာလူးတစ်ပိဿာလျှင် ယခင် အပတ် ပျမ်းမျှဈေးနှုန်းမှာ ၆၅၀၀ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၆၀၀၀ ကျပ်ဖြစ်သည်။  ရှမ်း အာလူးတစ်ပိဿာ၏ ပျမ်းမျှဈေးနှုန်းများမှာ အာလူး(S1၊ OK၊ A1)တစ်ပိဿာလျှင် ၆၀၀၀-၅၀၀၀-၄၀၀၀ ကျပ်ဖြစ်သည်။

စားသုံးဆီ

စာအုန်းဆီ အမြောက်အများ ထုတ်လုပ်သော အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံများတွင် စားအုန်းဆီအထွက်နှုန်းကျဆင်းခဲ့ခြင်း၊ ဇီဝလောင်စာ ဆီအဖြစ်တိုးမြှင့်အသုံးပြုမှုရှိခဲ့ခြင်း၊ ဆီကြမ်းပို့ကုန်အခွန်နှုန်းထားများ မြင့်လာခြင်းစသည့် အခြေအနေများကြောင့် စားအုန်းဆီတင်သွင်းဈေးနှုန်းများ မြင့်တက်လာခဲ့သည်။  ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သော နိုင်ငံများတွင် ဖြစ်ပေါ်လျက်ရှိသော ဈေးကွက်ဈေးနှုန်းများအပေါ်အခြေခံ၍ စားအုန်းဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း၊ လုပ်ငန်းကြီးကြပ်မှုကော်မတီ၏ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၃ ရက်မှ ၂၉ ရက်အထိ ကုန်ဆုံးသော ကာလအတွက် ထုတ်ပြန်ထားသော ရန်ကုန်အထိုင် လက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၇၂၈၀ ကျပ်ဖြစ်ပြီး ယခင်အပတ် ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ဆီတစ်ပိဿာလျှင်  ၃၀ ကျပ် ဈေးမြင့်လာခဲ့သည်။ ပြင်ပရှိ လက်လီဈေးကွက်တွင် သတ်မှတ်ထားသော ဆီဆိုင်အချို့၌ ရည်ညွှန်းဈေးနှုန်းထက် များစွာမကွာသော ဈေးနှုန်းများဖြင့် တစ်အိမ်ထောင်လျှင် စားအုန်းဆီ ၅၀ ကျပ်သားနှုန်း ရောင်းချပေးလျက်ရှိသည်။ အချို့သော မြို့နယ်များတွင် စားအုန်းဆီတစ်ပိဿာ၏ ပြင်ပပေါက်ဈေးမှာ ၁၄၀၀၀ ကျပ် ဝန်းကျင်ဖြစ်သည်။

အေးသန္တာဝင်း