အိန္ဒိယတွင် ဆန်သစ်များ ဈေးကွက်ဝင်ရောက်လာမှုမြင့်တက် ဗီယက်နမ်တွင် ဈေးနှုန်းကျဆင်းမှုရှိ

အာရှဆန်ဈေးကွက် -အိန္ဒိယမှတင်ပို့သော ပေါင်းဆန်ဈေးသည် ရာသီသစ်ဆန်များဈေးကွက်အတွင်းများစွာဝင်ရောက်လျက်ရှိသော ကြောင့် ဈေးနှုန်းဖိအားများရှိသော်လည်း အာဖရိကမှဝယ်လိုအား ကောင်း မွန် ခြင်းကြောင့် ယခုအပတ်တွင် ပုံမှန်ဈေးနှုန်းအတိုင်း တည်ငြိမ်လျက်ရှိကြောင်း၊ သို့ရာတွင် ဗီယက်နမ်၌မူဈေးကွက်အတွင်း ရောင်းလိုအားများပြားမှုကြောင့် ဆန်ဈေးနှုန်းမှာ ကျဆင်းခဲ့ကြောင်း၊ ထိုင်းနိုင်ငံတွင် ဘတ်ငွေတန်ဖိုးကြောင့်ဆန်ဈေးနှုန်း မှာ အနည်းငယ်မြင့်တက်ခဲ့ကြောင်း The Economic Times သတင်း စာတွင် ဖော်ပြထားပါသည်။
ထိပ်တန်းဆန်တင်ပို့သူနိုင်ငံဖြစ်သည့် အိန္ဒိယ၏ ၅ မှတ်ပေါင်းဆန်မျိုးကွဲများကို ယခင်အပတ်ကဈေးနှုန်းများအတိုင်းပြောင်းလဲခြင်းမရှိဘဲ ယခုသီတင်းပတ်တွင် မက်ထရစ် တစ်တန်လျှင် ကန်ဒေါ်လာ ၄၄၄ မှ ဒေါ်လာ ၄၅၀ ဖြင့် ရောင်းချလျက်ရှိကြောင်း၊ အိန္ဒိယ၏ ၅ မှတ် ဆန်ဖြူသည် ယခုအပတ်တွင် မက်ထရစ်တစ်တန်လျှင် ကန်ဒေါ်လာ ၄၅၀ မှ ၄၅၈ ဒေါ်လာ အကြားတွင် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။
အိန္ဒိယသည် စပါးစိုက်ပျိုးစရိတ်များ မြင့်တက်နေသော်လည်း ရူပီးဈေးနှုန်း ကျဆင်းမှုက ဆန်တင်ပို့သူ များကို ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းရှိစေရန် ကူညီပေးနေကြောင်း နယူးဒေလီ အခြေစိုက် ကုန်သည်တစ်ဦး က ပြောကြားထားသည်။ အိန္ဒိယရူပီးသည် ယခုသီတင်းပတ်အတွင်း ဒေါ်လာ နှင့်နှိုင်းယှဉ်ပါက စံချိန်တင်ကျဆင်းခဲ့ပြီး ပို့ကုန်လုပ်ငန်းရှင်များ ၏ အမြတ်ဝင်ငွေကို တိုးတက်ရရှိစေ ခဲ့ကြောင်း သိရှိရသည်။
ဗီယက်နမ်နိုင်ငံတွင် ၅ မှတ်ဆန်သည် ယခင်တစ်ပတ်က ၅၁၇ ဒေါ်လာ ရှိခဲ့ရာမှ ယခုအခါ မက်ထ ရစ် တစ်တန်လျှင် ၅၀၉ ဒေါ်လာဖြင့် ကမ်းလှမ်းရောင်းချလျက်ရှိကြောင်း ဗီယက်နမ်စားနပ်ရိက္ခာအသင်းမှ သိရသည်။
အမေရိကန်နိုင်ငံစိုက်ပျိုးရေးဦးစီးဌာန (USDA) က ဆန်ရောင်းလိုအားကောင်းမည်ဟု ခန့်မှန်းထားသောကြောင့် စျေးနှုန်းများကျဆင်းခဲ့ခြင်းဖြစ်သည်ဟု ဟိုချီမင်းမြို့အခြေ စိုက် ကုန်သည်တစ်ဦးက ပြောကြားထားသည်။
ဗီယက်နမ်နိုင်ငံ မဲခေါင်မြစ်ဝ ကျွန်းပေါ်ဒေသရှိ လယ်သမားများ သည် နိုဝင်ဘာ ၂၀ ရက်အထိ နွေစပါး ဟက်တာ ၅၀၀,၀၀၀ ကို စိုက်ပျိုးခဲ့ပြီး ယင်းသည် ယခင်နှစ်ထက် ၃၀ ရာခိုင်နှုန်း မြှင့်တက်ခဲ့ ကြောင်း ဗီယက်နမ် အထွေထွေစာရင်းအင်းရုံး၏ အချက်အလက်များအရ သိရသည်။
ထိုင်းနိုင်ငံ၏ ၅ မှတ်ဆန်သည် ယခင်အပတ်က ကန်ဒေါ်လာ ၅၁၀ နှုန်းသာရှိခဲ့ရာမှ ယခု တစ်ပတ်တွင် မက်ထရစ်တစ်တန်လျှင်ကန်ဒေါ် လာ ၅၁၀ မှ ၅၁၅ ဒေါ်လာသို့ အနည်းငယ်မြင့်တက်ခဲ့ကြောင်းနှင့် နှစ်ကုန်နီးလာသည်နှင့်အမျှ ဝယ် လိုအား ငြိမ်နေကြောင်းနှင့် ရေရရှိမှုကောင်းမွန်သောကြောင့် နောက်ရာသီ သီးနှံအထွက်နှုန်းမှာလည်း ကောင်းမွန်နိုင်ကြောင်း ဘန်ကောက်မြို့အခြေစိုက် ကုန်သည်တစ်ဦးက ပြောကြားထားကြောင်းသိရှိရသည်။ အခြားသော ကုန်သည်တစ်ဦးကမူ ဘတ်ငွေအားကောင်းခြင်းကြောင့် စျေးအနည်းငယ် တက်လာရခြင်းဖြစ်သည်ဟု ပြောကြားထားသည်။
မျိုးမြင့်မောင်
Asia rice: New Season supplies rise in India; Vietnam rates drop, The Economic Times, 12 December, 2024.