နှစ်သစ်နှုတ်ခွန်းဆက်

မင်္ဂလာရှိသော နှစ်သစ် ၂၀၂၅ ခုနှစ်တွင် ကိုယ်စိတ်နှလုံး ရွှင်လမ်းချမ်းမြေ့ကြပါစေကြောင်း ဦးစွာ ဆုမွန်တောင်းအပ်ပါသည်။

၂၀၂၄ နှစ်ဦး ဇန်နဝါရီ ၁ ရက်နေ့မှ စတင်ခဲ့သည့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ဒစ်ဂျစ်တယ်စာစောင်ဖြစ်သည့် The Agribiz News မှာ တစ်နှစ်တာခရီးကို ကောင်းမွန်စွာ ကျော်ဖြတ်ခဲ့ပြီးဖြစ်ပါသည်။

ဖြတ်သန်းခဲ့သည့် ၂၀၂၄ တစ်နှစ်တာကာလအတွင်း၌ ရာသီဥတုပြောင်းလဲမှုအရ ဖြစ်ပေါ်သည့် မုန်တိုင်းများကြောင့် မြန်မာ့စိုက်ပျိုးမွေးမြူရေးကဏ္ဍအနေဖြင့် သီးနှံရေကြီးနစ်မြုပ်မှုဒဏ်များကို တွေ့ကြုံခံစားခဲ့ကြရပါသည်။ ကမ္ဘာနှင့်အဝန်း နိုင်ငံအချင်းချင်းတို့၏ ပဋိပက္ခများ ဖြစ်ပေါ်မှုကလည်း ကမ္ဘာ့လယ်ယာထွက်ကုန် ဈေးကွက်အပေါ်သို့ ရိုက်ခတ်မှု ရှိခဲ့ကြောင်း တွေ့ရှိရပါသည်။

တစ်ဖက်တွင်လည်း ယခုဆယ်စုနှစ်အတွင်း တရုတ်နိုင်ငံနှင့်အိန္ဒိယနိုင်ငံတို့ ဦးဆောင်သော အာရှတိုက် အင်ပါယာ ထွန်းကားလာခြင်း (Rising Asia) ကို တွေ့မြင်နေကြရပါသည်။ ဖွံ့ဖြိုးဆဲ အာရှတိုက်နိုင်ငံများ၏ ၂၀၂၄ နှင့် ၂၀၂၅ ခုနှစ်များ အတွက် ပျမ်းမျှတိုးတက်မှုနှုန်းသည် ၄ ဒသမ ၅ ရာခိုင်နှုန်း ဖြစ်ပါသည်။ အထူးသဖြင့် လူဦးရေအများဆုံး အိမ်နီးချင်းနိုင်ငံကြီး ၂ ခုတွင် တရုတ်နိုင်ငံသည် ပြည်တွင်းစီးပွားရေး တုံ့ဆိုင်းပြီး အိမ်ယာမြေအခက်အခဲများ ဖြစ်ပေါ်နေသည့်ကြားမှ ၄ ဒသမ ၈ ရာခိုင်နှုန်းနှင့် အိန္ဒိယသည် ၆ ဒသမ ၈ ရာခိုင်နှုန်းထိ တိုးတက်လျက်ရှိနေပါသည်။ အာရှတိုက်၏ရာစုနှစ် (Asian Century) ဟု အချို့က ဆိုကြပါသည်။ တစ်နည်းအားဖြင့် ကမ္ဘာ့ဝယ်လိုအား အမြင့်မားဆုံး ဈေးကွက်ကြီးမှာ မိမိတို့နိုင်ငံ ပတ်လည်တွင် ဖြစ်ပေါ်လျက်ရှိနေပြီဟု ဆိုရမည်ဖြစ်ပါသည်။

လက်ရှိအခြေအနေတွင် နိုင်ငံတကာ နယ်နိမိတ် အကန့်အသတ်များ လျော့ပါးလာပြီး၊ ကုန်စည်၊ ဝန်ဆောင်မှု၊ ငွေကြေးနှင့် လူများဖြတ်ကျော်စီးဆင်းမှု ကမ္ဘာလုံးဆိုင်ရာ ပေါင်းစည်းမှုသည်လည်း ပုံစံ အသစ် (New Globalization) ဖြစ်လာပြီဟု ဆိုရပါမည်။ စက်မှုထွန်းကားမှု၏အကျိုးဆက်အဖြစ် စိုက်ပျိုးမွေးမြူရေးကဏ္ဍတွင် ဉာဏ်ရည်တု(AI) အသုံးပြု စက်ကိရိယာများလည်း ကမ္ဘာတစ်ဝန်းတွင် သိသိသာသာ တိုးမြင့်လာခဲ့ပါသည်။

ယင်းအခြေအနေများတွင် စိုက်ပျိုးမွေးမြူထုတ်လုပ်မှုသာမက ထွက်ရှိသော ကုန်ပစ္စည်းများ၏ တန်ဘိုးမြှင့် ကွင်းဆက်တစ်လျှောက်လုံးပါဝင်သည့်လုပ်ငန်းများ ချိတ်ဆက်နေမှုကို လွှမ်းခြုံဆောင်ရွက်သည့်စနစ်ပုံစံဖြင့် ဆောင်ရွက်နိုင်မည်ဆိုပါက မိမိတို့ စိုက်ပျိုးမွေးမြူရေးကဏ္ဍထွက်ကုန်များသည် အရည်အသွေးပြည့်ဝပြီး ပြည်တွင်း စားရေရိက္ခာ ဖူလုံမှုအတွက်သာမက ကမ္ဘာ့လယ်ယာထွက်ကုန်ဈေးကွက်တွင်လည်း အခြားအာရှနိုင်ငံများနှင့် ယှဉ်ပြိုင်ပါဝင်နိုင် မည်ဖြစ်ပါကြောင်း အကြံပြု တိုက်တွန်း လိုက်ရပါသည်။

The Agribiz News အနေဖြင့် ပြည်တွင်း၊ ပြည်ပ လယ်ယာကဏ္ဍ၊ သတင်း/ဆောင်းပါးများ၊ အချက်အလက်များကို တတ်နိုင်သမျှ ပြည့်ပြည့်စုံစုံတင်ဆက်ရန် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ပါကြောင်းနှင့် ၂၀၂၅ နှစ်သစ်တွင် စာဖတ်သူ ပရိတ်သတ်အပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် အောင်မြင်မှုများရရှိကာ သာယာပျော်ရွှင်ဖွယ် မိသားစုဘဝများ တည်ဆောက်နိုင်ပါစေကြောင်း လေးမြတ်စွာ ထပ်မံဆုမွန်တောင်းအပ်ပါသည်။

အယ်ဒီတာအဖွဲ့
 

agribiz