ရန်ကုန်ဈေးကွက်

ဆန်
ရွှေဘိုပေါ်ဆန်းဆန် အလတ်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၁၄၅၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၁၄၀၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဖျာပုံပေါ်ဆန်း အလတ်စတစ်တင်းခွဲ တစ်အိတ်လျှင် ၁၂၀၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၁၁၀၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ပေါ်ကျွဲဆန် အလတ်စတစ်တင်းခွဲ တစ်အိတ်လျှင် ၁၀၂၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၁၀၀၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ဇီယာဆန် အလတ်စ တစ်တင်းခွဲတစ်အိတ်လျှင် ၇၉၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၇၈၀၀၀ ကျပ်နှုန်း ဖြင့်လည်းကောင်း၊ ဧည့်မထဆန် ၂၅ ရာခိုင်နှုန်းအကြမ်း အလတ်စတစ်တင်းခွဲတစ်အိတ်လျှင် ၇၂၀၀၀ ကျပ်နှင့် အောက်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၇၁၀၀၀ကျပ်နှုန်းဖြင့် လည်းကောင်း ရောင်းဝယ်လျက်ရှိကြောင်းသိရသည်။ ဆန်ဟောင်းလက်ကျန် နည်းလာချိန်ဖြစ်သော် လည်း ဆန်သစ်များလည်း ဝင်ရောက်မှုရှိခြင်း၊ ပြည်တွင်း ဆန်စပါးဖူလုံရေး၊ ပြည်ပသို့ စနစ်တကျတင်ပို့နိုင်ရေး၊ ဆန်စပါးဈေးကွက်နှင့် ကုန်ဈေးနှုန်းတည်ငြိမ်မှု မှန်ကန်စေရေး၊ ဆန်စပါးသိုလှောင်မှုအခြေအနေကို စနစ်တကျ စာရင်းပြုစု မှတ်တမ်းတင်ထားနိုင်ရေး၊ အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ-၅ အရ ထိရောက်သော အရေးယူမှုများပြုလုပ်နေသောကြောင့် ဆန်စက်များ၊ ဆန်အရောင်းဆိုင်များ၊ ကုန်သည်များနှင့် ဆန်လုပ်ငန်းရှင်များမှ အလေးအနက်ထား၍ လိုက်နာဆောင်ရွက်ရန်လည်း ထုတ်ပြန်ထားခြင်းကြောင့်လည်းကောင်း၊ ဈေးကွက်သို့ ကုန်အဝင် ပုံမှန်ရှိခြင်းနှင့် ပြည်တွင်း/ပြည်ပမှ ဝယ်လိုအား ပုံမှန်ရှိခြင်းတို့ကြောင့်လည်းကောင်း ဆန်ဈေးနှုန်းများ ယခင်လများနည်းတူ ဈေးနှုန်းအမြင့်တွင် တည်ငြိမ်နေခဲ့သည်။ မြန်မာနိုင်ငံမှ အင်ဒိုနီးရှား၊ တရုတ်၊ မလေးရှား၊ ဖိလစ်ပိုင်၊ မိုဇမ်ဘစ်စသော နိုင်ငံ များသို့ ဆန်တင်ပို့လျက်ရှိကြောင်းသိရသည်။ ပြင်ပလက်လီဈေးကွက်တွင်လည်း အရည်အသွေး ပိုမိုကောင်းမွန်သော ဆန်များအား သတ်မှတ်ဈေးနှုန်းများထက် ပိုမိုသော ဈေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိသည်။ ရန်ကုန်ဈေးကွက်သို့ ဖျာပုံ၊ မော်ကျွန်း၊ ဘိုကလေး၊ ကွမ်းခြံကုန်း၊ ဒေဒရဲ၊ ကော့မှူး၊ တွံတေး၊ ဝါးခယ်မ၊ မြောင်းမြ၊ ကျိုက်လတ် ၊ လပွတ္တာ၊ ရွှေဘိုဒေသများမှ ဆန်ဝင်ရောက်မှု ပုံမှန်ရှိခဲ့ပြီး စားသုံးသူများမှ ပုံမှန်ဝယ်ယူမှုရှိခဲ့ကြောင်းသိရသည်။
အစေ့ထုတ်ပြောင်း
အစေ့ထုတ်ပြောင်းဈေးနှုန်းများမှာ ရေကြီးရေလျှံမှုများကြောင့် ပျက်စီးမှုများရှိခဲ့ခြင်း၊ သွင်းအားစု စရိတ်များ ဈေးမြင့်ခဲ့ခြင်း ကြောင့် စိုက်ပျိုးထုတ်လုပ်မှုစရိတ်များ မြင့်ကာ ပြောင်းဈေးမြင့်နေခြင်း၊ ပြည်ပနိုင်ငံများမှ ဝယ်လိုအားကောင်းကာ ပြည်တွင်းမှ ရောင်းလိုအားနည်းနေခြင်းတို့ကြောင့် အစေ့ထုတ်ပြောင်းဈေးနှုန်းများမှာ ယခင်အပတ်ထက် သိသာစွာ ဈေးမြင့်လာခဲ့သည်။ အစေ့ ထုတ်ပြောင်း ၅၄ ပိဿာလျှင် ပျမ်းမျှဈေးနှုန်းမှာ ၈၆၉၄၀ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၉၀၁၈၀ ကျပ်ဖြစ်သည်။ လတ်တလောတွင် အစေ့ထုတ်ပြောင်း များအား ပယ်လယ်ရေကြောင်း မှတင်ပို့မှုရှိပြီး အိန္ဒိယနိုင်ငံသည် အကောက်ခွန်လွတ်ဖြင့် အများအပြားဝယ်ယူမှုရှိခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံ၊ ဗီယက်နမ်နိုင်ငံနှင့် တရုတ်နိုင်ငံများသို့လည်း တင်ပို့မှုရှိကြောင်း သိရသည်။
ပဲမျိုးစုံ
အဓိကဝယ်လက်ဖြစ်သော အိန္ဒိယနိုင်ငံတွင် မိုးစိုက်ပဲအသစ်များ ထွက်ပေါ်ချိန်ဖြစ်၍ ပြည်ပမှ ပဲများအား ဝယ်လိုအားနည်းကာ ဈေးအေးလျက်ရှိသည်။ ထို့ကြောင့် မြန်မာ မတ်ပဲ (သင်္ဘောတင်)နှင့် ပဲစင်းငုံ(သင်္ဘောတင်) ဈေးနှုန်းများမှာလည်း ယခင်အပတ်ထက် ဆက်လက် ဈေးနိမ်ခဲ့သည်။ ယခုရက်သတ္တပတ်အတွင်း ကုန်စည်ဒိုင်ဖွင့်ရက် ၆ ရက်ရှိခဲ့သော်လည်း မတ်ပဲ (သင်္ဘောတင်)မှာ ကုန်သေတ္တာ ၄၀ လုံးခန့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ပဲစင်းငုံ(သင်္ဘောတင်)မှာ ကုန်သေတ္တာ ၅ လုံးခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့သည်။ ယခင်ရက်သတ္တပတ်က မတ်ပဲ (သင်္ဘောတင်) တစ်တန်လျှင် ၃၅၀၀၀၀၀ ကျပ်နှင့် ပဲစင်းငုံ(သင်္ဘောတင်) တစ်တန်လျှင် ၃၇၀၀၀၀၀ကျပ်နှုန်းတို့ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုရက်သတ္တပတ်တွင် မတ်ပဲ(သင်္ဘောတင်) တစ်တန်လျှင် ၃၄၇၆၀၀၀ ကျပ်နှုန်းနှင့် ပဲစင်းငုံ(သင်္ဘောတင်)တစ်တန်လျှင် ၃၅၈၇၀၀၀ ကျပ်နှုန်းသို့ အသီးသီးရောက်ရှိဈေးနိမ့်ခဲ့ခြင်းဖြစ်သည်။ ဘိုကိတ်ပဲမှာ ပဲဟောင်းလက်ကျန်များ အရည်အသွေးနိမ့်လာခြင်းနှင့် ဝယ်လိုအားနည်းခြင်းတို့ကြောင့် ယခင်အပတ်ထက် ဈေးနိမ့်ခဲ့ သည်။ ဘိုကိတ် ၃တင်း / ၆၀ ပိဿာလျှင် ယခင်အပတ်ပျမ်းမျှဈေးနှုန်းမှာ ၃၃၀၀၀၀ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၂၉၄၉၀၀ ကျပ်သို့ ရောက်ရှိဈေးနိမ့်ခဲ့သည်။ ပဲပုပ်ပဲနှင့် ထောပတ်ပဲမှာ ရောင်းလိုအား၊ ဝယ်လိုအားမျှနေခြင်းကြောင့် ယခင်အပတ်ဈေးနှုန်းများဖြင့်သာ ဈေးငြိမ် အရောင်းအဝယ်အေးခဲ့သည်။ ပဲပုပ်ပဲ ၃တင်း / ၆၀ ပိဿာလျှင် ပျမ်းမျှဈေးနှုန်းမှာ ၄၃၅၀၀၀ ကျပ်ဖြစ်ပြီး ထောပတ်ပဲ ၃တင်း / ၆၀ ပိဿာလျှင် ပျမ်းမျှဈေးနှုန်းမှာ ၃၆၈၄၀၀ ကျပ်ဖြစ်သည်။ ပဲလွမ်းဖြူမှာ စိုက်ပျိုးထုတ်လုပ်မှုနည်းသော ပဲအမျိုးအစားဖြစ်ခြင်း၊ ပြည်တွင်း သုံးစွဲရန် ဝယ်လိုအားများခြင်းတို့ကြောင့် ယခင်အပတ်ထက် ဈေးမြင့်ခဲ့သည်။ ပဲလွမ်းဖြူ ၃တင်း / ၆၀ ပိဿာလျှင် ယခင်ပျမ်းမျှဈေးနှုန်းမှာ ၂၈၅၀၀၀ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၂၈၇၄၀၀ ကျပ်သို့ ရောက်ရှိဈေးမြင့်ခဲ့သည်။ ကုလားပဲမှာ ပဲဟောင်းလက်ကျန်နည်းလာချိန်ဖြစ်ခြင်း၊ စားသုံး သူများမှ ဝယ်လိုအားများခြင်းတို့ကြောင့် ယခင်အပတ်ထက်ဈေးမြင့်ခဲ့သည်။ ကုလားပဲလုံး တစ်ပိဿာလျှင် ယခင်အပတ်ပျမ်းမျှဈေးနှုန်းမှာ ၄၉၈၀ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၅၀၆၅ ကျပ်ဖြစ်သည်။ ကုလား ပဲခြမ်း တစ်ပိဿာလျှင် ယခင်အပတ်ပျမ်းမျှဈေးနှုန်းမှာ ၆၈၂၅ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၆၉၇၅ ကျပ်ဖြစ်သည်။ ပဲတီရွှေဝါမှာ မိုးစိုက်ပဲများ လက်ကျန် နည်းလာချိန်ဖြစ်ခြင်း၊ တရုတ်ဝယ်လက်များမှ ဝယ်ယူမှုများခြင်းတို့ကြောင့် ယခင်အပတ်ထက် ဈေးမြင့်လာခဲ့သည်။ ပဲတီရွှေဝါ ၃တင်း / ၆၀ ပိဿာလျှင် ယခင်အပတ်ပျမ်းမျှဈေးနှုန်းမှာ ၃၂၆၁၀၀ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၃၂၈၉၅၀ ကျပ်သို့ ရောက်ရှိဈေးမြင့်ခဲ့သည်။
စားသုံးဆီ
စားအုန်းဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း၊ လုပ်ငန်းကြီးကြပ်မှု ကော်မတီ၏ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၉ ရက်မှ ၁၅ ရက်အထိ ကုန်ဆုံးသောကာလအတွက် ထုတ်ပြန်ထားသော ရန်ကုန်အထိုင်လက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၇၂၅၅ ကျပ်ဖြစ်ပြီး ယခင်အပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ဆီတစ်ပိဿာလျှင် ၉၀ ကျပ် ဈေးနိမ့်လာခဲ့ခြင်းဖြစ်သည်။ ပြင်ပရှိ လက်လီဈေးကွက်တွင် သတ်မှတ်ထားသော ဆီဆိုင်အချို့၌ ရည်ညွှန်းဈေးနှုန်းထက်များစွာ မကွာသော ဈေးနှုန်းများဖြင့် တစ်အိမ်ထောင်လျှင် စားအုန်းဆီ ၅၀ ကျပ်သားနှုန်းဖြင့် ရောင်းချပေးလျက်ရှိသည်။ အချို့သော မြို့နယ်များတွင် စားအုန်းဆီ တစ်ပိဿာ၏ ပြင်ပပေါက် ဈေးမှာ ၁၃၀၀၀ ကျပ်ဝန်းကျင်ဖြစ်သည်။
အေးသန္တာဝင်း