အဏ္ဏဝါဂေဟလောကစနစ်ကို အကျိုးပြုသော ပင်လယ်မြတ်များ

ကမ္ဘာပေါ်တွင်ပင်လယ်မြက်များသည် ပန်းပွင့်သော အပင်များအုပ်စု (Angiosperm) ၏ သုညဒသမ ၀၁ သာရှိပြီး အပူပိုင်းနှင့် သမပိုင်းဒေသများ၏ ကမ်းရိုးတန်းရေတိမ်ပိုင်းတွင် ပျံ့နှံ့ပေါက်ရောက်နေကြသည်။ ကမ္ဘာပေါ်တွင် ပင်လယ်မြက်အပင်အမျိုးအစား ၇၂ မျိုးရှိသည်။ အရွက်၊အမြစ်နှင့်အပွင့်ရှိသော အပင်ဖြစ်သည့် ပင်လယ်မြက် (Sea grass) များ သည် လွန်ခဲ့သော နှစ်သန်းပေါင်း ၁ဝဝ ခန့် အချိန်တည်းက ကုန်းမြေပေါ်ရှိမြက်များမှ ဆင်းသက်လာခြင်း ဖြစ်ပါသည်။
Marine Flowering Plants ဟူ၍လည်းခေါ်ဆိုကြသည့် ပင်လယ်မြက်များသည်သက်ရှိဝန်းကျင်အတွက် လိုအပ်သောအထောက်အပံ့အချို့ကို ပေးပါသည်။ပင်လယ်မြက်များသည် သဘာဝဖြစ်စဥ်၏ အချို့အစိတ်အပိုင်းများတွင် လူသားများ၏ လိုအပ်ချက်ကို တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်ပြီးအကျိုးပြုပါသည်။
ပင်လယ်မြက်များ၏ အရေးပါပုံ
ပင်လယ်မြက်ခင်းများသည် အောက်ပါဂေဟစနစ် ဝန်ဆောင်မှုများ (Ecosystem services) ကို သဘာဝအတိုင်း လုပ်ဆောင်ပေးနေကြသည်-
(က) ကိုယ်တိုင် အခြားသတ္တဝါများနှင့်အကောင်ငယ်များအတွက် အစာများ ဖြစ်စေခြင်း၊
(ခ) အခြားသတ္တဝါများနှင့်အကောင်ငယ်များ ခိုလှုံနေထိုင်ပေါက် ဖွားရန်နေရာများ ဖြစ်စေခြင်း၊
(ဂ) ကာဗွန်စုဆောင်းပေး၍ အောက်စီဂျင်ထုတ် ပေးခြင်း၊
(ဃ) ကမ်းပြိုမှုမှကာကွယ်ပေးခြင်း၊
(င)အပန်းဖြေနိုင်စေခြင်း၊
(စ)စီးပွားရေးအရအရေးပါသော အဏ္ဏဝါကျောရိုးမဲ့မျိုးစိတ်များနှင့် ငါးမျိုးစိတ်များ(သားပေါက်မြေ၊အစာကျွေးမြေ) ဖြစ်စေခြင်း

မြန်မာ့ပင်လယ်မြက်များ
မြန်မာနိုင်ငံ၏ (၂၈၃၂) ကီလိုမီတာရှည်လျားသည့် ကမ်းရိုးတန်းဒေသများတွင် ပေါက်ရောက်နေကြသည့် ပင်လယ်မြက်အမျိုးအစား ၁၁ မျိုးရှိကြောင်း လေ့လာသိရှိထားပြီးဖြစ် သည်။ ၄င်းတို့မှာ- (၁)မြက်ရွက်လုံး၊ (၂) မြက်မျှင်ငယ်၊ (၃) မြက်မျှင်ကြီး၊ (၄) မြက်ထိပ်ဆူး၊ (၅) မြက်ထိပ်ချော၊ (၆) မြက်အုန်းရွက်)၊ (၇) မြက်ရွက်ကွေး၊ (၈) မြက်တက်ကြီး၊ (၉) မြက်တက်ငယ်၊ (၁၀) မြက်တက်ဆူးနှင့် (၁၁) မြက်တက်သွယ် တို့ ဖြစ်ကြသည်။
မြက်မျှင်ငယ်ကို တနင်္သာရီနှင့်ရခိုင်ကမ်းခြေ နေရာအများအပြားတွင် ပေါက်ရောက်နေကြောင်း တွေ့ရသည်။ မြက်တက်ကြီးများကို ရခိုင်ကမ်းခြေနေရာများတွင်သာ ပေါက် ရောက်နေကြောင်း တွေ့ရပြီး မြက်တက်ငယ်ကို တနင်္သာရီကမ်းခြေနေ ရာများတွင်ပေါက်ရောက်ကြကြောင်း တွေ့ရသည်။ ယေဘူယျအားဖြင့်ရေချိုပြီးနုံးများသဖြင့် နောက်ကျိနေသည့် ဧရာဝတီ၊ စစ်တောင်းနှင့်သံလွင်မြစ်ဝရှိ ရေချိုရေငန်စပ်ကမ်း ခြေဒေသများတွင် ပင်လယ်မြက်အများစုသည်ပေါက် ရောက်နိုင်ခြင်းမရှိသော်လည်း အဆိုပါဒေသများ၏ ရွှံ့ပြင်များ (Mud-flats) ပေါ်တွင်မြက်တက်သွယ် အပင်တစ်မျိုးသာပေါက်ရောက်နိုင်ကြောင်း တွေ့ရသည် ။
မြန်မာနိုင်ငံတွင်တွေ့ရှိရသည့်ပင်လယ်မြက်ခင်းများ ၏ဧရိယာမှာ ဧက ၃၀၀၀-၅၀၀၀ ခန့်ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။ တနင်္သာရီကမ်း ခြေဒေသများရှိ ပင်လယ်မြက်ခင်းများသည် ရေကျချိန်တွင် လုံးဝ ရေပေါ် ပေါ်နေတတ်ကြသော်လည်း ရခိုင်ကမ်းခြေဒေသများရှိ ပင်လယ်မြက်ခင်းများသည် ရေကျချိန်တွင် လုံးဝ ရေအောက်တွင် မြုပ်နေသည့်သဘာဝများ ရှိနေတတ်ခြင်းကြောင့် ဂေဟစနစ်များလည်း ကွဲပြားခြားနားနေကြသည်။

ရေသတ္တဝါမျိုးစိတ်အချို့ကို ထိန်းသိမ်းပေးသောပင်လယ်မြက်များ
ပင်လယ်မြက်များသည် သဘာဝဖြစ်စဥ်၏ အချို့အစိတ်အပိုင်းများတွင် လူသားများ၏ လိုအပ်ချက်ကို တိုက်ရိုက်(သို့မဟုတ်) သွယ်ဝိုက်ပြီး အကျိုးပြုပါသည်။ပင်လယ်ပြင်တွင် အချို့သော Coral Reef Fish မျိုး စိတ်များ၏ အရွယ်ရောက်မှုဖြစ်စဥ်အတွက် ပင်လယ်မြက်ကို မှီခိုကြရပါသည်။
ပင်လယ်မြက်များသည် ကမ်းရိုး တန်းဒေသ အကာအကွယ်ရှိသော အော်၊ရေငန်အိုင်၊မြစ်ဝများတွင် ပေါက်ရောက်လေ့ရှိပြီး ၄င်းတို့ရှင် သန်ရန် နေရောင်ခြည်နှင့် ရှင်သန်နိုင်မည့်အပူချိန်လိုအပ်ပါသည်။ ပင် လယ်မြက်ရှိသောနေရာတွင်ပင် လယ် မျှော့၊ပင်လယ်လိပ်၊ပုစွန်ဆိတ်၊ပုစွန်ထုပ်၊ရေဝက်၊လင်းပိုင်နှင့် ပင် လယ်ငှက်အချို့ ထိန်းသိမ်းကျက်စားလေ့ရှိသည့်အတွက်ငါးမျိုးစိတ်အချို့ ကို ထိန်းသိမ်းသည့် ပတ်ဝန်းကျင်မြေပြင်အဖြစ် တာဝန်ထမ်းဆောင်ကြပါသည်။
ပင်လယ်မြက်များပျက်စီးခြင်း
ကမ္ဘာတစ်ဝှမ်းရှိ ပင်လယ်မြက် ခင်းများ၏ ၆၀ ရာခိုင်နှုန်းသည် ၁၉၈၀ ခုနှစ်မှ ယနေ့ထိ ပျက်စီးနေရခြင်းမှာ အလင်းပြင်းခြင်းနှင့် အပူချိန်လွန်ကဲခြင်း၊ရေထုညစ်ညမ်းခြင်း၊ ပင်လယ်မြက်ခင်းများ ပေါက်ရောက်ရာ ကမ်းခြေဒေသများ ဖျက်ဆီးခံရခြင်း၊ နေရာဒေသများ ဆုံးရှုံးခြင်း၊ပင်လယ်ပြင်ညစ်ညမ်းခြင်းတို့ ကြောင့် ဖြစ်သည်။
ပင်လယ်မြက်ဂေဟစနစ်ပျက်စီးခြင်း အကြောင်းအရင်း
ပင်လယ်ရေ၏စံအဆင့်သည် ၇ ဒသမ ၈ နှင့် ၇ ဒသမ ၉ ကြားသို့ ကျဆင်းသွားလျှင် ပင်လယ်ရေအတွင်းရှိ အက်ဆစ်ဓာတ်များပါဝင်မှု မြင့်တက်လာခြင်းကြောင့် ကာဗွန်နိတ်အိုင်းယွန်းပါဝင်မှုသည် ၅၀ ရာခိုင်နှုန်း လျော့နည်းသွားမည်ဖြစ်သည်။
CO2 သည် ပင်လယ်ရေတွင်ပျော်ဝင်သောအခါ သမုဒ္ဒရာအတွင်း ကာဗွန်နစ်အက်ဆစ်ဓာတ် (H2CO3) များ ဖြစ်ပေါ်လာသည်။
ရေနေသတ္တဝါများကို ကြီးထွားလာစေရန်အတွက် အရေးပါသော ပင် လယ်မြက်ဂေဟစနစ်တစ်ခုလုံးကိုလည်း အနှောင့်အယှက် ဖြစ်စေနိုင်ပါသည်။
သမုဒ္ဒရာအတွင်း အက်ဆစ်ဓာတ်ပြုခြင်းသည် သမုဒ္ဒရာအတွင်းရှိ ပလတ်စတစ်အမှိုက်များမှ ရရှိလာသော ဘက်တီးရီးယားပိုးနှင့် အဏုဇီဝပိုးများ စုပုံနေခြင်းကြောင့် ပင် လယ်မြက်ဂေဟစနစ်ကို ပျက်စီးစေပါသည်။
ကမ္ဘာ့သန္တာကျောက်တန်းများနှင့် ပင်လယ်မြက်များလျော့နည်းလာပါက ၄င်းအပေါ်တွင် မှီခိုနေထိုင်ကြသည့် ရေနေသတ္တဝါများလည်း ကျဆင်းလာနိုင်သည်ဟု သိပ္ပံပညာရှင်များက ခန့်မှန်းထားကြသည်။
ပင်လယ်မြက်များပျက်စီးရခြင်း အကြောင်းရင်းများ
မြန်မာ့ပင်လယ်မြက်ခင်းများပေါက်ရောက်ရာကမ်းခြေ ဒေသများ သည် လူနေသိပ်သည်းသည့် မြို့ပြများနှင့် အလှမ်းဝေးနေသဖြင့် မြို့ပြ ၏အညစ်အကြေးနှင့်လူများ၏အနှောက်အယှက်မှ ကင်းဝေးသည်။ သို့သော် နွေရာသီကာလရေကျချိန် လေပေါ်ပေါ်နေချိန်များတွင် အလင်းပြင်းနှင့်အပူချိန်လွန်ကဲခြင်းဒဏ်ကို ပြင်းထန်စွာ ခံရခြင်း၊ မိုးရာသီမြေပြိုခြင်းကြောင့်နှင့် ဆောင်းရာသီ လဟာလှိုင်းများသယ်ဆောင်လာ သည့်သဲနုံးများ ဖုံးအုပ်ခံရခြင်း၊ သဲထုတ်ယူခြင်း၊ ရာသီဥတု ပြောင်းလဲခြင်း၊သဘော်များ ဆီယိုဖိတ်ခြင်းကြောင့် ပျက်စီးခြင်း၊ မဆင်မခြင်ငါးဖမ်းခြင်းများကြောင့် ပျက်စီးခြင်း၊ ရေထုညစ်ညမ်းခြင်းအစရှိသည့် သဘာဝတရား၏စိုးမိုးခြယ်လှယ်ခြိမ်းခြောက်သည့်ဒဏ်များကို ခံနေရခြင်းများ ရှိနေသည်။
ရေသတ္တဝါများအတွက်အသုံးဝင်သောပင်လယ်မြက်
မြန်မာနိုင်ငံ ရခိုင်ကမ်းခြေဒေသများရှိဒေသခံများက ပင်လယ်မြက်များကို “လိပ်စာဖတ်မြက်” ဟူ၍ ခေါ်ကြသည်။ ပင်လယ်မြက်များကို ရှားပါးသည့်လိပ်များ ဖြစ်ကြသည့် ပင်လယ်လိပ် ၅ မျိုးဖြစ်သည့် လိပ်ကြက်တူရွေး၊လိပ်လှောင်း၊လိပ်စောင်းလျား၊ပြင်သာလိပ်၊လိပ်ခွေးတို့ကအဓိကစားသုံးကြသည်။ ထို့အတူပင် ပင်လယ်မြက်များသည် ရှားပါးသည့်ပင်လယ်နို့တိုက်သတ္တဝါ တစ်မျိုး ဖြစ်သည့် ရေဝက် (Dugong dugon) များ၏ အဓိက အစာလည်းဖြစ်သည်။အရွယ်ရောက်ပြီးသော ရေဝက်တစ်ကောင်သည် တစ်နေ့လျှင် ပင်လယ်မြက် ၂၈ ကီလိုဂရမ် မှ ၄၀ ကီလိုဂရမ်(အစိုအလေးချိန်)ခန့် စားပါသည်။
ပင်လယ်မြက်များ၏ စုဝေးပေါက်ရောက်နေမှုသည်ရေဝက်များ ၏ ရှင်သန်နေထိုင်မှုအပေါ်တွင် များစွာသက်ရောက်လျက်ရှိပါသည်။ရေဝက်များကို ကျယ်ပြောပြီး ရေ တိမ်သည့် ပင်လယ်မြက်များပေါက် ရောက်သော ပင်လယ်အော်များ၊လမုတောများ၏ ရေလက်ကြားများ၊ကမ်းနှင့်နီးသော ကမ်းစပ်များ၏ ရေတိမ်ပိုင်းတွင် တွေ့ရှိနိုင်သည်။

ပင်လယ်မြက်များကို ထိန်းသိမ်းခြင်း
ပင်လယ်မြက်ခင်းများ ရေရှည်တည်တံ့စေရန်အတွက် ရာသီဥတုပြောင်းလဲမှုလျှော့ချရေးလုပ်ငန်းစဥ်များအား ဆောင်ရွက်ခြင်း၊ကျွန်းနှင့် ကမ်းခြေများတွင် တည်ဆောက်ဖွင့်လှစ်ထားသော ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းများမှ ထွက်ရှိသော စွန့်ပစ်အမှိုက်များနှင့် စွန့်ပစ်ရေများကို စနစ်တကျ စွန့်ပစ်စေခြင်း၊ ပင်လယ်မြက်ခင်းများနှင့် ပင်လယ်လိပ်များရှိရာနေရာတွင် ခရီးသွားရေယာဥ်များ၊ငါးဖမ်းလှေများ ကျောက်ချခြင်းအား ရှောင်ရှားခြင်း၊ရေယာဥ်များမှ ဆီယိုဖိတ်မှုများ မရှိစေရေးအတွက် စနစ်တကျ ကြပ်မတ်ဆောင်ရွက်ခြင်းစသည်တို့ကို ဆောင်ရွက်ရပါမည်။
အချုပ်အားဖြင့် ဆိုရလျှင်-ပင် လယ်မြက်များသည် ရေနေသတ္တဝါများ၏ အစာကွင်းဆက်တွင် အရေးပါသဖြင့် ပင်လယ်မြက်ခင်းများကို ထိန်းသိမ်းခြင်းအားဖြင့် ပင်လယ်ရေ နေသတ္တဝါများ၏ အစာကွင်းဆက်နှင့် နေထိုင်ကျက်စားရာ နေရာများကို ထိန်းသိမ်းရာရောက်မည်ဖြစ်သည်။ ပင်လယ်လိပ်များနှင့် ရေဝက်များ၏ အဓိကအစာဖြစ်သည့် ပင်လယ်မြက်များ ရေရှည်တည်တံ့စေရန် ထိန်း သိမ်း လုပ်ဆောင်ခြင်းသည် အဏ္ဏဝါဂေဟစနစ်ကို ထိန်းသိမ်းဆောင်ရွက်ခြင်းဖြစ်သည့်အတွက်ပင်လယ်မြက် များ ရေရှည်တည်တံ့စေရေး စုပေါင်းထိန်းသိမ်းကြပါရန် နှိုးဆော်တိုက် တွန်းအပ်ပါသည်။
ဇော်ကြီး(ငါးဦးစီး)