ရုရှားနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုပိုငွေ ၁၂၆ ဒသမ ၉ ဘီလီယံသို့ ကျဆင်းခဲ့သော်လည်း အာရှနိုင်ငံများနှင့်ကုန်သွယ်မှုမှာ မြင့်တက်လျက်ရှိ

၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ၁၁ လတာကာလအတွင်း ရုရှားနိုင်ငံ၏ နိုင်ငံ ခြားကုန်သွယ်မှုပိုငွေသည် ၂၀၂၂ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၃၁၀ ဒသမ ၁ ဘီလီယံမှ ၁၂၆ ဒသမ ၉ ဘီလီယံသို့ ကျဆင်းသွားခဲ့ကြောင်း၊ သို့သော် အာရှနိုင်ငံများနှင့် ကုန်သွယ် မှုပမာဏမှာ မြင့်တက်လျက်ရှိကြောင်း ရုရှားဖက်ဒရယ် အကောက်ခွန်ဝန်ဆောင်မှု (Federal Customs Service) မှ ထုတ်ပြန်ကြေညာထားပါသည်။
ဖော်ပြပါကာလအတွင်း ရုရှားပို့ကုန်မှာ အမေရိကန်ဒေါ်လာ ၅၃၈ ဒသမ ၉ ဘီလီယံမှ ၃၈၅ ဒသမ ၉ ဘီလီယံသို့ ကျဆင်းသွားခဲ့ပြီး သွင်းကုန်မှာ အမေရိကန်ဒေါ်လာ ၂၂၈ ဘီလီယံမှ ၂၅၉ ဘီလီယံအထိ မြင့်တက်ခဲ့သည်။
ရုရှားနိုင်ငံမှ အာရှနိုင်ငံများသို့ တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၂၅၇ ဒသမ ၁ ဘီလီယံမှ ၂၇၆ ဒသမ ၁ ဘီလီယံအထိ တိုးတက်ခဲ့ပြီး သွင်းကုန်မှာ အမေရိကန်ဒေါ်လာ ၁၂၈ ဒသမ ၉ ဘီလီယံမှ ၁၆၉ ဒသမ ၉ ဘီလီယံ အထိ မြင့်တက်ခဲ့သည်။ ဥရောပနိုင်ငံများသို့ တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၂၄၈ ဒသမ ၃ ဘီလီယံမှ ၇၈ ဒသမ ၄ ဘီလီယံသို့ ကျဆင်းသွားခဲ့ပြီး သွင်းကုန်မှာ အမေရိကန်ဒေါ်လာ ၈၀ ဒသမ ၇ ဘီလီယံမှ ၇၁ ဒသမ ၇ ဘီလီယံသို့ ကျဆင်းခဲ့သည်။
အာဖရိကနိုင်ငံများနှင့် ကုန်သွယ်မှုမှာလည်း တိုးမြင့်လာခဲ့သည်။ ပို့ကုန်သည် အမေရိကန် ဒေါ်လာ ၁၂ ဒသမ ၉ ဘီလီယံမှ ၁၉ ဒသမ ၈ ဘီလီယံအထိ တိုးလာပြီး သွင်းကုန်မှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၈ ဘီလီယံမှ ၃ ဘီလီယံအထိ တိုးလာခဲ့သည်။ မြောက်နှင့် တောင်အမေရိကနိုင်ငံများသို့ ရုရှားတင်ပို့မှု မှာ အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၈ ဘီလီယံမှ ၁၁ ဒသမ ၄ ဘီလီယံသို့ ကျဆင်းခဲ့ပြီး သွင်းကုန်မှာ အမေရိကန် ဒေါ်လာ ၁၅ ဒသမ ၂ ဘီလီယံမှ ၁၃ ဒသမ ၇ ဘီလီယံသို့ ကျဆင်းခဲ့သည်။
ရုရှားနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုပမာဏအရ ဥရောပနိုင်ငံများနှင့် ကုန်သွယ်မှု ပမာဏသည် သိသိသာသာကျဆင်းသွားခဲ့ပြီး အာရှနိုင်ငံများနှင့် ကုန်သွယ်မှုပမာဏသည် မြင့်တက်လာခဲ့ကြောင်း တွေ့ရှိရသဖြင့် အနာဂတ်တွင်လည်း အာရှနိုင်ငံများနှင့် ကုန်သွယ်မှုပမာဏသည် ဆက်လက်မြင့် တက်နိုင်ခြေရှိကြောင်း သုံးသပ်ရပြီး မြန်မာနိုင်ငံအနေဖြင့်လည်း ရုရှားနိုင်ငံနှင့် ကုန်သွယ်မှုအလား အလာကောင်းများရှိနေပါကြောင်း သုံးသပ်ရပါသည်။
Source : https://tass.ru/ekonomika/19741401
ခွန်မျိုးသူ