အိန္ဒိယနိုင်ငံသည် လာမည့်နှစ်တွင် အစားအစာနှင့် ဓာတ်မြေသြဇာထောက်ပံ့မှုအတွက် ရူပီး 4 ထရီလီယံ သုံးစွဲမည်

အိန္ဒိယသည် လာမည့်ဘဏ္ဍာရေးနှစ်တွင် အစားအစာနှင့် ဓာတ်မြေသြဇာထောက်ပံ့မှု အတွက် ရူပီး ၄ ထရီလီယံ (ဒေါ်လာ ၄၈ ဘီလီယံ) ခန့်လျာထားသည်ဟု အစိုးရသတင်းရင်းမြစ် နှစ် ခုက ပြောကြားထားကြောင်း The Economic Times သတင်းစာတွင် ဖော်ပြထားပါသည်။
မတ် ၃၁ ရက်တွင်ကုန်ဆုံးမည့်လက်ရှိဘဏ္ဍာရေးနှစ်တွင် အိန္ဒိယ၏စုစုပေါင်းဘတ်ဂျက် အသုံးစရိတ်၏ ကိုးပုံတစ်ပုံခန့်သည် အစားအစာနှင့် ဓာတ်မြေသြဇာ ထောက်ပံ့မှုဖြစ်ကြောင်း၊ စား သုံးသူရေးရာ၊ စားနပ်ရိက္ခာနှင့် အများပြည်သူ ဖြန့်ဖြူးရေးဝန်ကြီးဌာန၏ လာမည့်နှစ်အတွက် စားနပ်ရိက္ခာထောက်ပံ့မှုအတွက် ရူပီး ၂ ဒသမ ၂ ထရီလီယံ (ဒေါ်လာ ၂၆ ဒသမ ၅၂ ဘီလီယံ) လျာထားကြောင်း၊ ၎င်းသည် လက်ရှိ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် အစားအစာအတွက် ထောက်ပံ့မှု ရူပီး ၂ ထရီလီယံခန့် (ဒေါ်လာ ၂၄ ဒသမ ၁၁ ဘီလီယံ) ထက် ၁၀% ပိုများကြောင်း အဆိုပါသတင်းရင်းမြစ်နှစ်ခုက ဆိုသည်။
ထို့အပြင် လာမည့်ဘဏ္ဍာရေးနှစ်အတွက် ဓာတ်မြေသြဇာထောက်ပံ့မှုအား ရူပီး ၁.၇၅ ထရီ လီယံ (ဒေါ်လာ ၂၁ ဒသမ ၁၀ ဘီလီယံ) မျှော်မှန်းထားပြီး လက်ရှိ ၂၀၂၂-၂၃ ဘဏ္ဍာနှစ်တွင် ထောက်ပံ့ သည့် ရူပီး ၂ ထရီလီယံနီးပါးထက် ကျဆင်းသွားကြောင်း သတင်းရင်းမြစ်တစ်ခုက ဆိုသည်။ ၂၀၂၄-၂၀၂၅ ဘတ်ဂျက်အတွက် လျာထားချက်များကို ဘဏ္ဍာရေးဝန်ကြီးဖြစ်သူ Nirmala Sitharraman က ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်းလည်း သိရသည်။
အစိုးရ၏ အစားအစာနှင့် ဓာတ်မြေသြဇာများအပေါ် ထောက်ပံ့ဆောင်ရွက်နေမှုများကို လက် ရှိအတိုင်းဆက်လက်ဆောင်ရွက်နေခြင်းသည် လအနည်းငယ်အတွင်း ရွေးကောက်ပွဲကျင်းပ ပြုလုပ် ရန်ရှိသည့်အစိုးရအတွက် ပုံမှန်မဟုတ်သော်လည်း ဝန်ကြီးချုပ်နာရင်ဒြာမိုဒီသည် လာမည့် ဧပြီလနှင့် မေလတွင် ကျင်းပမည့် တတိယအကြိမ် ရွေးကောက်ပွဲတွင် အနိုင်ရမည်ဟု ကြီးမားစွာမျှော်လင့် ထားကြောင်း သိရသည်။
မိုဒီအစိုးရသည် ၎င်း၏ အထင်ကရ စားနပ်ရိက္ခာအခမဲ့ထောက်ပံ့ပေးရေးအစီအစဉ် (Free Food Welfare Programme) ကို လာမည့်ငါးနှစ်အထိ သက်တမ်းတိုးထားသောကြောင့် အစား အစာထောက်ပံ့မှုကုန်ကျစရိတ်သည် လာမည့်နှစ်တွင် မြင့်တက်လာဖွယ်ရှိကြောင်း၊ အိန္ဒိယသည် ၎င်း၏ဒေါ်လာဘီလီယံပေါင်းများစွာတန်သော စားနပ်ရိက္ခာဖူလုံရေးအစီအစဉ်အရ ပြည်တွင်း တောင်သူ သန်းပေါင်းများစွာထံမှ ဆန်နှင့်ဂျုံတို့ကို နိုင်ငံ၏အနိမ့်ဆုံးသတ်မှတ်ဈေးနှုန်း သို့မဟုတ် အာမခံထားသောစျေးနှုန်းဖြင့်ဝယ်ယူကာ ယင်းအခြေခံစားသောက်ကုန်များကို အိန္ဒိယလူမျိုး သန်း 800 ထံ အခမဲ့ပေးဝေပေးလျှက်ရှိကြောင်း သိရှိရသည်။
သို့ဖြစ်ပါ၍ အိန္ဒိယနိုင်ငံတွင် ရွေးကောက်ပွဲကျင်းပမည့်ကာလအတွင်း အစားအစာနှင့် ဓါတ် မြေသြဇာအတွက် အထောက်အပံ့များကို အစိုးရမှ ပိုမိုထောက်ပံ့ပေးလာနိုင်သည်ဟု သတင်းများ ထွက်ပေါ်နေမှုအခြေအနေအား သိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Source: Budget 2024: India may allot Rs 4 Lakh crore for next year’s food, fertilizer subsidies, The Economic Times
မျိုးမြင့်မောင်