ဗီယက်နမ်၏ လယ်ယာထွက်ကုန်တင်ပို့မှုသည် စိန်ခေါ်မှုများစွာကို ဆက်လက်ရင်ဆိုင်ရဦးမည်ဟု ကျွမ်းကျင်သူများကပြောကြား

ဗီယက်နမ်၏ လယ်ယာထွက်ကုန်တင်ပို့မှုသည် စိန်ခေါ်မှုများစွာကို ဆက်လက်ရင်ဆိုင်ရဦးမည်ဟု ကျွမ်းကျင်သူများကပြောကြား

စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဒုဝန်ကြီး Phung Duc Tien က ဗီယက်နမ်နိုင်ငံ လယ်ယာထွက်ကုန် ပြည်ပပို့ကုန်အတွက် အဓိက စိန်ခေါ်မှုငါးခုမှာ သွင်းအားစု ကုန်ကျစရိတ်များ မြင့်တက်လာခြင်း၊ သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်များ မြင့်မားလာခြင်း၊ အခြားသောနိုင်ငံများ၏ သွင်း ကုန်မူဝါဒများ မကြာခဏပြောင်းလဲခြင်းနှင့် ဘဏ်အတိုးနှုန်း အတက်အကျများခြင်းတို့ဖြစ်ကြောင်း၊ ထုတ်လုပ်သူများကလည်း ထုတ်လုပ်မှုစံနှုန်းများနှင့် ကိုက်ညီရုံသာမက ပိုမိုတင်းကြပ်သော အရည်အသွေးစံ နှုန်းများကိုပါ လိုက်နာရန် လိုအပ်ကြောင်း၊ ထို့အပြင် ငွေကြေးဖောင်းပွမှုဖိအားများကြောင့် ပြည်ပ စား သုံးသူများကလည်း ငွေကြေးသုံးစွဲမှု လျော့နည်းလာကြောင်း ပြောကြားခဲ့ပါသည်။

ငါးလုပ်ငန်းကဏ္ဍတွင် ဗီယက်နမ်သည် ၎င်း၏ငါးဖမ်းထွက်ကုန်များ တင်ပို့ရာတွင် လွယ်ကူချောမွေ့စေရေးအတွက် တရားမဝင်ခြင်း၊ အစီရင်မခံခြင်း၊ စည်းကြပ်မှုမရှိခြင်း စသော (IUU) ငါးဖမ်းခြင်းနှင့် ပတ်သက်၍ ထုတ်ပြန်ထားသည့် EU ၏ "အဝါကတ်" ရုပ်သိမ်းနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။ စိုက်ပျိုးရေးပညာရှင် Hoang Trong Thuy က ရာသီဥတုဖောက်ပြန်မှုသည် ဗီယက်နမ်၏ ငါးပုစွန်လုပ်ငန်းအတွက် သိသာထင်ရှားသော စိန်ခေါ်မှုများဖြစ် လာကြောင်း၊ နိုင်ငံ၏ ငါးပုစွန်မွေးမြူရေးအတွက် အခြေခံ အဆောက်အဦသည် လုပ်ငန်းလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် လုံလောက်သောဖွံ့ဖြိုးမှု မရှိသေးကြောင်း၊ ရေထွက်ပစ္စည်းအရင်းအမြစ်များ၏ အရည်အသွေးသည်လည်း စားသုံးသူလိုအပ်ချက်များနှင့်ကိုက်ညီသောအရည်အသွေးမြင့် ထုတ်ကုန်များအဖြစ် မြှင့်တင်ရန် လိုအပ်ကြောင်း ပြောကြားသည်။ ဟိုချီမင်းမြို့ (HCM)ရှိ ဗီယက်နမ်ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (VCCI)မှ ဒါရိုက် တာ Tran Ngoc Liem က ဗီယက်နမ်၏ သစ်လုပ်ငန်းနှင့် ပို့ကုန်ကဏ္ဍသည်လည်း ၂၀၂၄ ခုနှစ်တွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ခဲ့ရကြောင်း ပြောကြားခဲ့သည်။ အထူးသဖြင့် အမေရိကန်နှင့် ဥရောပကဲ့သို့သော အဓိကစျေးကွက်များတွင် စီးပွားရေးကျဆင်းမှုနှင့် ငွေကြေးဖောင်းပွမှု မြင့်တက်လာခြင်းကြောင့် ဝယ်လိုအား သိသိသာသာ ကျဆင်းသွားပြီး စားသုံးသူများ၏ အသုံးစရိတ် သုံးစွဲမှုကြပ်တည်းလာကြပါသည်။ အဆိုပါ ဈေးကွက်များမှ အမှာစာအရေအတွက် သိသိသာသာ ကျဆင်းသွားပြီး သစ်လုပ်ငန်းကို ထိခိုက်ခဲ့သည်။

ဥရောပ၊ ဂျပန်နှင့် ကိုရီးယားသမ္မတနိုင်ငံတို့၌ ယခုနှစ်ကုန် နှစ်သစ်ကူးပွဲတော် ရောက်ရှိလာခြင်းနှင့် တရုတ်နိုင်ငံ၏ ဝယ်လိုအားကိုကာမိစေနိုင်သော လွတ်လပ်သည့် ကုန်သွယ်မှု သဘောတူစာချုပ်များ လက်မှတ်ရေးထိုးခြင်းဖြင့် အခြားသောဈေးကွက်များကို စဉ်းစား၍ ဗီယက်နမ် ဆန်တင်ပို့သူများအတွက် အခွင့်အလမ်းများရှိကြောင်း Liem က ပြောကြားခဲ့သည်။ ဗီယက်နမ် ပင်လယ်စာတင်ပို့သူများနှင့် ထုတ်လုပ်သူများအသင်း (VASEP)၏ လက်ထောက်အထွေထွေ အတွင်းရေးမှူး To Thi Tuong Lan က တင်သွင်းသော နိုင်ငံများမှ စားသုံးသူများ၏ လိုအပ်ချက်နှင့် နည်းပညာဆိုင်ရာ အတားအဆီးများကို ဖြေရှင်းနိုင်ရန် ဗီယက်နမ် ပင်လယ်စာ ထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များသည် ထုတ်လုပ်မှုစွမ်းရည်မြှင့်တင်ရန် နည်းပညာပိုင်းတွင် ရင်းနှီးမြှုပ်နှံလျက်ရှိကြောင်း၊ ထို့အပြင် မြစိမ်းရောင်ထုတ်လုပ်မှုနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ လိုအပ်ချက်များနှင့် ကိုက်ညီရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း ပြောကြားသည်။

ဒုတိယဝန်ကြီး Tien က လယ်ယာထွက်ကုန်ထုတ်လုပ်ရာတွင် အဆင့်မြင့်နည်းပညာ အသုံးချခြင်းသည် စိုက်ပျိုးထုတ်လုပ်မှုကွင်းဆက်တစ်လျှောက်နှင့်ရေရှည်တည်တံ့ခိုင် မြဲရေးအတွက် အရေးကြီးကြောင်း၊ ရေရှည်တည်တံ့ခိုင်မြဲသော လယ်ယာ ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းရေးနှင့် သဘာဝအရင်းအမြစ်များထိန်းသိမ်းသုံးစွဲမှုနှင့်အတူဆောင် ရွက်ရမည်ဖြစ်ကြောင်းပြောကြား သည်။ အော်ဂဲနစ်မြေသြဇာနှင့် ပိုး သတ်ဆေးများအသုံးပြုခြင်း၊ရေအရင်းအမြစ်များကို ထိရောက်စွာ စီမံခန့်ခွဲခြင်းနှင့် မြေဆီလွှာနှင့် ဇီဝမျိုး စုံမျိုးကွဲများကိုကာကွယ်ခြင်းစသည့် အစီအမံများကို ဗီယက်နမ်လယ်ယာထွက်ကုန် များ၏ ယှဉ်ပြိုင်နိုင်စွမ်းကိုတိုးမြင့်လာစေရန်အတွက် ကျယ်ကျယ်ပြန့်ပြန့်ချမှတ်သင့်သည် ဟု Tien ပြောကြားခဲ့ကြောင်း Lang Son News သတင်းဆောင်းပါးအရ သိရှိရပါသည်။ 

လင်းလဲ့ရည်အောင်

https://baolangson.vn/en/vietnam-s-agricultural-export-faces-challenges-5029791.html (၂၆-၁၁-၂၀၂၄)