မြန်မာ-အီဂျစ် နှစ်နိုင်ငံအကြား ဝါသီးနှံနှင့် အာလူးသီးနှံ စိုက်ပျိုး ထုတ်လုပ်မှုဆိုင်ရာ နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေးဆွေးနွေး

မြန်မာ-အီဂျစ် နှစ်နိုင်ငံအကြား ဝါသီးနှံနှင့် အာလူးသီးနှံ စိုက်ပျိုး ထုတ်လုပ်မှုဆိုင်ရာ နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေးဆွေးနွေး

နေပြည်တော်၊ ဇန်နဝါရီ(၁၈)


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် သည် ဇန်နဝါရီလ(၁၈)ရက်နေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ အီဂျစ်အာရပ်သမ္မတနိုင်ငံသံအမတ်ကြီး H.E. Mrs. Aya Saad Mohamed Abdelkarim အား ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ ၍ မြန်မာ-အီဂျစ် နှစ်နိုင်ငံအကြား လယ်ယာ သားငါးကဏ္ဍဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး၊ စိုက်ပျိုးရေး နည်းပညာ ဖလှယ်မှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

နှစ်ဘက်ဆွေးနွေးရာတွင် မြန်မာ-အီဂျစ် နှစ်နိုင်ငံအကြား ၁၉၉၇ခုနှစ်က ရေးထိုးခဲ့သည့် စိုက်ပျိုးရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာအရ Egyptian International Center for Agriculture (EICA) တွင် ဖွင့်လှစ် ပို့ချသည့် ဝါသီးနှံ စိုက်ပျိုးထုတ်လုပ်မှု နည်းပညာသင်တန်းများသို့ တက်ရောက်ရန် ၁၉၉၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း မြန်မာနိုင်ငံမှ သင်တန်းသားများ စေလွှတ်ခဲ့မှု ၊ နှစ်နိုင်ငံလယ်ယာကဏ္ဍပူးပေါင်း ဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာအသစ် ရေးထိုးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ထားရှိမှု အခြေအနေများ၊ အီဂျစ်ချည်မျှင်ရှည်ဝါမျိုးများကို မြန်မာနိုင်ငံသို့ တင်သွင်း၍ ဝါသုတေသန ခြံများတွင် မျိုးယှဉ်ပြိုင် စမ်းသပ်ခြင်းနှင့် မျိုးစပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ ပြည်ပမှ တင်သွင်းနေရသော ချည်နံပါတ် ၁/၈၀ ချည်မျှင်များကို ပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ်နိုင်ရန် ဂွမ်းမွေးအရှည် ၃၃ မီလီမီတာအထက် ရှိသော ချည်မျှင်ရှည်ဝါမျိုးများ အီဂျစ်နိုင်ငံမှရယူ၍ ဝါမျိုးများဖလှယ်နိုင်ရေး ၊ ဝါသီးနှံနှင့် အာလူးသီးနှံ စိုက်ပျိုး ထုတ်လုပ်မှုဆိုင်ရာ နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေးနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးရေး ဆိုင်ရာ ကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်ရန် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။