တောင်သူနှင့်အတူ ဆီထွက်သီးနှံ မျိုးစေ့ထုတ်လုပ်ရေးနှင့် တန်ဖိုးကွင်းဆက်တစ်လျှောက် ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

တောင်သူနှင့်အတူ ဆီထွက်သီးနှံ မျိုးစေ့ထုတ်လုပ်ရေးနှင့် တန်ဖိုးကွင်းဆက်တစ်လျှောက် ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

နေပြည်တော်၊ နိုဝင်ဘာ ၉

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းဆောင်ရွက်သည့် “တောင်သူနှင့်အတူ ဆီထွက်သီးနှံ မျိုးစေ့ထုတ်လုပ်ရေးနှင့် တန်ဖိုးကွင်းဆက်တစ်လျှောက် ဖွံ့ဖြိုးတိုးတက်ရေး (Farmers’ Participatory Seed Production For Oilseeds Crops and Value Chain Development)” အလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာ ၉ ရက်နေ့ နံနက်ပိုင်းက စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဦးမင်းနောင်နှင့် ဦးထွန်းအုံ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များ၊ ညီနောင်အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ တောင်သူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြပြီး တိုင်းဒေသကြီး ပြည်နယ်အသီးသီးမှ လုပ်ငန်းရှင်များ တောင်သူများက zoom points ၄၀ မှ Online စနစ်ဖြင့် တက်ရောက်ကြသည်။

အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က အမှာစကားပြောကြားရာ၌ ပြည်တွင်း စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံစိုက်ပျိုးမှုကိုအားပေးမြှင့်တင်ပြီး ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိအောင် ဆောင်ရွက် ၍ နိုင်ငံအတွင်းဖူလုံမှုမှသည် ပြည်ပသို့ တင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ 

ပြည်ပနိုင်ငံများမှ တရားမဝင် ဝင်ရောက်လာသော စားသုံးဆီများတွင် ကျန်းမာရေးနှင့် ကိုက်ညီမှုမရှိသော ဓာတ်များပါရှိနေနိုင်ပြီးကုသရန် ခက်ခဲသည့် ရောဂါများ ဖြစ်ပေါ်လာနိုင်ခြင်းကြောင့် ကျန်းမာရေးနှင့် ကိုက်ညီပြီး သန့်ရှင်းသော စားသုံးဆီကို သမမျှတစွာ စားသုံးနိုင်ကြစေရန် ပြည်တွင်း၌ အသုံးများသော အပင်ထွက်ဆီ (Vegetable Oil) များ ဖြစ်ကြသည့် မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ၊ စားအုန်းဆီနှင့် ပဲပုပ်ဆီအပါအဝင် ဆီထွက်သီးနှံများစိုက်ပျိုး ထုတ်လုပ်မှုနှင့် ဆီထုတ်လုပ်မှုတိုးတက်ရေးကို အားပေးမြှင့်တင်ပေးခြင်းဖြစ်ကြောင်း၊

ထိုသို့ဆောင်ရွက်နိုင်စေရန် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆီထွက်သီးနှံ စိုက်ပျိုးသူ တောင်သူများကို မြေပဲတစ်ဧကလျှင် ကျပ် ၃ သိန်း၊ နေကြာတစ်ဧကလျှင် ကျပ် ၂ သိန်းနှင့် နှမ်းတစ်ဧကလျှင် ကျပ် ၁ ဒသမ ၅ သိန်း နှင့်ညီမျှသော သွင်းအားစုများ ထောက်ပံ့ပေးလျက်ရှိကြောင်း၊

ဆီထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်ရေးတွင် အထွက်နှုန်း နှင့်အရည်အသွေးကောင်းမွန်သည့် ဆီထွက်သီးနှံမျိုးများကို  တောင်သူများနှင့် ပူးပေါင်း၍ မျိုးစေ့ထုတ်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီး အထွက်တိုးအောင်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ 

စိုက်ပျိုးရေးသုတေသနဦးစီးဌာနက ထုတ်ဝေထားသည့် မျိုးများဖြစ်သော ဆင်းပဒေသာ-၇၊ ၁၁၊  ၁၂၊ ၁၃၊  ၁၆ မျိုးများ၊ မကွေး-၁၆ မြေပဲမျိုးများ၊ ဆင်းရတနာ-၂၊ ၃၊ ၄၊ ၁၂၊ ၁၄၊ မကွေးနက်၁/၁၃နှင့်သိပ္ပံနှမ်းနက်မျိုးများ၊ ရေဆင်းစပ်မျိုးနေကြာ-၁ နှင့် ဆင်းရွှေကြာ-၂ နေကြာမျိုးများသည် အထွက်နှုန်းကောင်းမွန်ခြင်းကြောင့် တောင်သူများ အဓိကစိုက်ပျိုးလျက် ရှိကြကြောင်း၊

မြန်မာနိုင်ငံတွင် စားသုံးဆီထုတ် လုပ်ရန် အတွက် ၂၀၂၄-၂၀၂၅ ခုနှစ်၌ မြေပဲ၊ နှမ်း၊ နေကြာ၊ ဆီမုန်ညင်း၊ပန်းနှမ်း စသည့် ဆီထွက်သီးနှံစိုက်ဧက ၈ ဒသမ ၃၉ သန်း လျာထားပြီး စုစုပေါင်းတင်း ၂၄၅ ဒသမ ၁ သန်း ထွက်ရှိရန် ခန့်မှန်းထားရှိပါကြောင်း၊

တစ်ဘက်တွင်လည်း ထွက်ရှိလာသော ဆီထွက်သီးနှံကုန်ကြမ်းများကို ကြိတ်ခွဲနိုင်ရေး စီမံဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၄ ခုနှစ်တွင် စက် မှုဝန်ကြီးဌာန၌ မှတ်ပုံတင်ထားသော ဆီစက်ပေါင်း  ၂၂၈၇ လုံးခန့် ရှိသည်ဟု သိရှိရပါကြောင်း၊ အဆိုပါ ဆီစက်များ၏ ကြိတ်ခွဲနိုင်မှု စွမ်းအားသည် တစ်နှစ်လျှင် တန်ချိန် ၂ သိန်းကျော်ရှိသဖြင့်ကုန်ကြမ်းများရရှိအောင် စိုက်ပျိုးထုတ်လုပ်ပေးရန် လိုအပ်သကဲ့သို့ ဆီစက်များ၏ အရည်အသွေး ကောင်းမွန်ရန်လည်း အရေးကြီးပါကြောင်း၊ 

နိုင်ငံတော်အစိုးရက ပြည်တွင်း စားသုံးဆီဖူလုံရေးအပြင် ကျန်းမာရေးနှင့် ညီညွတ်သောဆီကောင်းဆီသန့်များစားသုံးနိုင်ရန်အားပေးဆောင်ရွက်နေချိန်တွင် စိုက်ပျိုးသူ များ၊ ထုတ်လုပ်သူများ၊ ဆီစက်ပိုင် ရှင်များမှလည်း ကဏ္ဍအလိုက် လို အပ်ချက်များပြည့်မီစေရေး လိုက်ပါဆောင်ရွက်ကြရန်နှင့်ဆီလုပ်ငန်းရှင် များအသင်းနှင့် ဆီစက်ပိုင်ရှင် များအသင်း၊ပုဂ္ဂလိကလုပ်ငန်းရှင်များ နှင့် တောင်သူများ ပေါင်းစပ်ပြီး ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရန်၊ ပြည် တွင်းစားသုံးဆီဖူလုံစေရန်၊ ဆီထွက်သီးနှံ ကြိတ်ဖတ်များကို တိရိစ္ဆာန်အစားအစာအဖြစ် သုံးစွဲနိုင်ရန်၊ နိုင်ငံ ခြားငွေသုံးစွဲမှုလျော့ချရန်နှင့် စားသုံးဆီတင်ပို့နိုင်ခြင်းဖြင့် ပြည်ပဝင်ငွေ ရရှိရန်အတွက် ရည်မှန်းချက်များ လုပ်ငန်းများကို တိတိကျကျ အစီအစဉ်များရေးဆွဲချမှတ်ပြီး အကောင် အထည်ဖော်ဆောင်ရွက်သွားရန် တိုက်တွန်းအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ က အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် သက် ဆိုင်ရာ ဌာနပညာရှင်များက ဆီထွက်သီးနှံ မျိုးစေ့ထုတ်လုပ်ရေးတွင် ကြုံတွေ့ရသောအခက်အခဲများနှင့် ဆောင်ရွက်ရမည့်အချက်များ ၊ ဆီထွက် သီးနှံစိုက်ပျိုးထုတ်လုပ်မှုကွင်းဆက်အားလေ့လာသုံးသပ်ခြင်း၊ ဆီထွက်သီးနှံ သုတေသန လုပ်ငန်းများနှင့် ထုတ်ဝေပြီး ဆီထွက်သီးနှံ မျိုးများ ၊ မြန်မာနိုင်ငံ၏ စားသုံးဆီ ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးပါသော ဆီထွက်သီးနှံ တိုးမြှင့်စိုက်ပျိုးရေးအတွက် မြေပဲ၊ နေကြာ၊ ပဲပုပ်နှင့် မတ်ပဲသီးနှံတို့၏ အကျိုးအမြတ်များအား နှိုင်းယှဉ်ခြင်းနှင့် တောင်သူများ၏ ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်လိုသော သဘောထားအား လေ့လာ ဆန်းစစ်ခြင်း၊ ဆီထွက်သီးနှံများ၏ အရည်အ သွေး သတ်မှတ်ချက်များ၊ ပြည်တွင်း/ ပြည်ပ တင်ပို့ရာတွင် သတ်မှတ် ထားသည့် စံချိန်စံညွှန်းနှင့် အရည်အသွေး သတ်မှတ်ချက်များအား ဆွေးနွေးတင်ပြကြသည်။

ဆက်လက်၍ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူ တစ်ဦးက ဆီထွက်သီးနှံများ ပြည်ပတင်ပို့မှုနှင့်ပတ်သက်၍ဆွေးနွေးတင်ပြပြီး မကွေးတိုင်း ဒေသကြီး တောင်သူဖွံ့ဖြိုးရေးအဖွဲ့မှ ကိုယ်စားလှယ်က ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ် ရာတွင် တွေ့ကြုံနေရသည့် အခက်အခဲ များအား ဆွေးနွေးတင်ပြသည်။

ဆီထွက်သီးနှံများ၏ ရိတ်သိမ်းချိန်လွန်နှင့် ပတ်သက်၍ လက်ရှိဆောင်ရွက်လျက်ရှိသည့် သုတေသနလုပ်ငန်းများ၊ စားသုံးဆီများနှင့် စားသုံးဆီအရည်အသွေးတို့နှင့်ပတ်သက်၍ ဆွေးနွေးကြသည်။

စားပွဲဝိုင်းဆွေးနွေးခြင်းအစီအစဉ်တွင် ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှု မြင့်မားရေး၊ ဆီထွက်သီးနှံများ ဝယ်ယူရေး၊ ကြိတ်ခွဲရေးနှင့် ဆီစက်လုပ်ငန်း ဖွံ့ဖြိုးရေး၊ စိုက်ပျိုးရေး (Contract Farming ) အကျိုးတူပူးပေါင်း ဆောင်ရွက်ရေး ၊ ပြည်တွင်း၊ ပြည်ပဈေးကွက်နှင့် ကိုက်ညီမှုရှိစေမည့် အရည်အသွေးနှင့်စံချိန်စံညွှန်း ပြည့်မီအောင် ဆောင်ရွက်ရေး တို့ကို ဆွေးနွေးခဲ့ကြသည်။

၎င်းနောက် စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် က စားပွဲဝိုင်းရလဒ်များအပေါ် အကြံ ပြုဆွေးနွေးပြီး သက်ဆိုင်ရာ အသင်း အဖွဲ့ ကိုယ်စားလှယ်များနှင့် ပညာ ရှင်များအား အလုပ်ရုံဆွေးနွေးပွဲ  ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

MOALI