အလုပ်သမားရှားပါးမှု တိုးလာကြောင်း ရုရှားဗဟိုဘဏ် ပြောကြား

ရုရှားနိုင်ငံတွင် အလုပ်သမားဈေးကွက်သည် ခက်ခဲနေဆဲဖြစ်ပြီး လုပ်သားအရင်းအမြစ်ရှားပါးမှုသည် စက်မှုလုပ်ငန်းအများအပြားတွင် ကြီးထွားလာနေကြောင်း၊ ဝန်ထမ်းရှားပါးမှု ပြဿနာသည် ပိုမိုဆိုးရွားလာနေကြောင်း ရုရှားဗဟိုဘဏ် ဥက္ကဋ္ဌ Ms. Elvira Nabiullina က ဒါရိုက်တာဘုတ် အဖွဲ့အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
အလုပ်သမားဈေးကွက်သည် ခက်ခဲနေဆဲဖြစ်ပြီး အလုပ်လက်မဲ့နှုန်းသည် သမိုင်းဝင် အနိမ့်ဆုံးအဆင့်တွင် ရှိနေကြောင်း၊ စက်မှုလုပ်ငန်းအမျိုးမျိုးတွင် လုပ်သားကွာဟချက် တိုးလာနေပြီး လုပ်သားများ၏ လုပ်အားခတိုးတက်မှုနှုန်းသည် ကုန်ထုတ်စွမ်းအား တိုးတက်မှုနှုန်းထက် ကျော်လွန်နေကြောင်း ဗဟိုဘဏ်၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၂၀၂၃ ခုနှစ်တွင် ရုရှားနိုင်ငံ၏ အလုပ်လက်မဲ့နှုန်းသည် ပျမ်းမျှ ၃ ဒသမ၂ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၂၄ ခုနှစ် ဩဂုတ် လအထိ အလုပ်လက်မဲ့နှုန်းသည် ၂ ဒသမ ၅ ရာခိုင်နှုန်းထိ ဆက်လက်ကျဆင်းလျက်ရှိကြောင်း ရုရှားဖက်ဒရယ်စာရင်းအင်းဌာန (Rosstat) ၏ အချက်အလက်များအရသိရှိရသည်။
ရုရှားနိုင်ငံ၏ စီးပွားရေးသည် ကောင်းမွန်သောအခြေအနေတွင် ရှိနေသော်လည်း နိုင်ငံအတွင်း အလုပ်လက်မဲ့မရှိသလောက်ဖြစ်နေ၍ လုပ်သားဈေးကွက်အပြည့်အဝဖြည့် ဆည်းပေးရန် လိုအပ်နေကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က အစောပိုင်းတွင် မှတ်ချက်ပြုခဲ့ဖူးသည်။
လက်ရှိတွင် ရုရှားနိုင်ငံ၌ အလုပ်လက်မဲ့နှုန်းသည် အနိမ့်ဆုံးသို့ ရောက်ရှိနေပြီး ကုန်ထုတ် လုပ်မှုကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ စက်ရုံလုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ် ငန်းများတွင် လုပ်သားအင်အားရှားပါးမှုကို ကြုံတွေ့နေရသဖြင့် အဆိုပါလုပ်ငန်းများတွင် လိုအပ်သောအလုပ်သမားများ ဖြည့်ဆည်းပေးနိုင်ရေး မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံများနှင့် ဖော်ရွေသောနိုင်ငံများမှ ရုရှားနိုင်ငံသို့ ခေါ်ယူခန့်အပ်နိုင်ရေး ရုရှားအလုပ်သမားအေဂျင်စီများမှတစ်ဆင့် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။
ခွန်မျိုးသူ
https://ria.ru/20241025/trud-1980074385.html