မန္တလေးတိုင်းဒေသကြီး၌ ဆီထွက်သီးနှံ နေကြာအပါအဝင် သီးထပ်သီးနှံ တိုးချဲ့စိုက်ပျိုးရေး ကြိုးပမ်း

နေပြည်တော်၊ နိုဝင်ဘာ ၇
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၇ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ထမုန်ကန်ကျေးရွာအုပ်စု မိုးစပါးနည်းပညာပေး စံပြစိုက်ကွင်း၌ ကျင်းပသည့် ဓာတ်မြေဩဇာ ပက်ပွဲ သို့တက်ရောက်လာကြသည့် တောင်သူများနှင့် ရင်းနှီးခင်မင်စွာတွေ့ဆုံသည်။
တွေ့ဆုံရာတွင် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှူးက မန္တလေးတိုင်းဒေသကြီးအတွင်း ရာသီအလိုက် စိုက်ပျိုးထုတ်လုပ်မှုနှင့် သီးနှံအထွက်နှုန်းတိုးတက်ရေး ဆောင်ရွက်ပေးနေမှုတို့ကိုတင်ပြ သည်။
ဆက်လက်၍ တောင်သူများက စိုက်ပျိုးနည်းပညာပေးကွင်းဝန်ထမ်းများ၏ မျိုး၊မြေ၊ရေ၊နည်းပညာနှင့် လိုအပ်ချက်များ အနီးကပ်ကြပ်မတ်ကူညီဆောင်ရွက်ပေးမှုကြောင့် လယ်ယာလုပ်ငန်းခွင်၏ စိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းများ အဆင်ပြေတိုးတက်လျက်ရှိနေမှု နှင့် နိုင်ငံ့စီးပွါးမြှင့်တင်ရေး စီမံကိန်း အထောက်အပံ့များ ရရှိပါက ဒေသ၏ လယ်ယာကဏ္ဍဖွံ့ဖြိုးမှု ပိုမိုတိုးတက်လာနိုင်မှု အခြေအနေများကို တင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးကစိုက်ပျိုးထုတ်လုပ်မှုအလားအလာကောင်းသော ဒေသများကို အားပေး ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မျိုးစေ့ထုတ်လုပ်ငန်းရှင်များ နှင့် တောင်သူများအကြား မျှတသည့်အကျိုးစီးပွါးဖြစ်ထွန်းစေရေး အပြန်အလှန်ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ရေရှည်တည်တံ့သော မျိုး စေ့ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးလာစေရေး ကြိုးပမ်းကြစေလိုကြောင်းဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် မိုးစပါးခင်းတွင် တောင်သူများစုပေါင်း၍ ဓာတ်မြေဩဇာကြဲပက်မှုကို အနီးကပ် ကွင်းဆင်းကြည့်ရှု အားပေး ကြသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် သာစည်မြို့နယ်ရှိ ညောင်ရမ်း-မင်းလှကန်သို့ ရောက်ရှိစစ်ဆေးရာ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိသူများက စက်တင်ဘာလဒုတိယပတ်တွင် ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှုနှင့်အတူ ရေဝေရေလဲဒေသမှ စီးဝင်ရေ များပြားမှုကြောင့် ညောင်ရမ်းကန်နှင့် မင်းလှကန်၏ ရေခြားကန်ပေါင် ရေကျော် တိုက်စား ထိခိုက်ခဲ့မှုကို ရှင်းလင်းတင်ပြသည်။
တင်ပြချက်အပေါ် ပြည်ထောင်စုဝန်ကြီးက ညောင်ရမ်းကန် နှင့် မင်းလှကန်၏ ရေခြားကန်ပေါင် ပြန်လည် ပြုပြင်ခြင်းလုပ်ငန်းကို လာမည့်နွေစပါးရာသီ စိုက်ပျိုးရေ ပေးဝေပြီး ကန်ရေလျော့နည်းချိန်တွင် ဆောင်ရွက်ရန်နှင့်ဘဏ္ဍာငွေ အလေအလွင့်မရှိဆောင်ရွက်ရန် တာဝန်ရှိသူများအားမှာကြားသည်
၎င်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဝမ်းတွင်းမြို့နယ် မြေတိုင်ကန်ကျေးရွာ မိုးမြေပဲအထူးဇုန် ဧက ၁၀၀ စိုက်ကွင်းတွင် ဒေသခံ မြေပဲတောင်သူများနှင့်တွေ့ဆုံသည်။ တွေ့ဆုံပွဲတွင် တောင်သူများ၏ တင် ပြချက်များကို ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးပြီး ဆွေးနွေးအမှာစကားပြောကြားရာ၌ စိုက်ပျိုးနည်းပညာပြန့်ပွားရေး ဝန် ဆောင်မှုပေးနေသော စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများအနေဖြင့် တောင်သူများ သိရှိနားလည်လွယ်သည့် တောင်သူ့စကား တောင်သူ့အသုံးအနှုန်း များဖြင့် ရှင်းလင်းဆွေးနွေးသည့် တောင်သူပညာပေးလုပ်ငန်းအဖြစ် အလေးထားဆောင် ရွက်ကြရန် လိုအပ်ကြောင်း၊ ချည် မျှင်ရှည်ဝါတိုးချဲ့စိုက်ပျိုးရေး၊ ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးနှင့် လယ်ယာကဏ္ဍဖွံ့ဖြိုးရေး အတွက် ဌာနတာဝန်ရှိသူများနှင့် တောင်သူများ ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စိုက်ပျိုးရေးသုတေသနဦးစီးဌာန စပါးသီးနှံ သုတေသနဌာနခွဲ ကျောက်ဆည်စိုက်ပျိုးရေးသုတေသနခြံတွင် ဆောင်ရွက်လျက်ရှိသည့် သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စပါးမျိုးယှဉ်ပြိုင်စမ်းသပ်စိုက် ပျိုးထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များ ဆွေးနွေး မှာကြားသည်။
ညနေပိုင်းတွင် ကျောက်ဆည်မြို့ ဒွေးလှကျေးရွာ ဓမ္မာရုံ၌ ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ ဆီထွက်သီးနှံ နေကြာအပါအဝင် သီးထပ်သီးနှံတိုးချဲ့စိုက်ပျိုးရေး၊ နေကြာစိုက် ပျိုး ခြင်းအတွက် လိုအပ်သော နည်းပညာနှင့်အကူအညီများ ဆောင်ရွက်ပေးနိုင်ရေး၊ တောင်သူများ၏ လက် တွေ့လုပ်ငန်းခွင်အခက်အခဲများကို မေးမြန်းဆွေးနွေးပြီး သက်ဆိုင်ရာ ဌာန တာဝန်ရှိ သူများက အနီးကပ် ကြပ်မတ်ကူညီပေးနိုင်ရေး လမ်းညွှန်မှာကြားခဲ့ကြောင်းသတင်းရရှိသည်။
MOALI