စိုက်-မွေး ပညာ သင်ယူကာ၊ ကြိုးပမ်းသယ်ပိုး နိုင်ငံ့အကျိုး

စိုက်-မွေး ပညာ သင်ယူကာ၊ ကြိုးပမ်းသယ်ပိုး နိုင်ငံ့အကျိုး

agri
စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်းများ

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့်အားလျော်စွာ နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများဖြင့် အသက် မွေးဝမ်းကျောင်းပြုကြသည်။ ခေတ်မီတိုးတက်ပြောင်းလဲလာသည်နှင့်အမျှ နှစ်စဉ်စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတွင် လိုအပ်လျက်ရှိသော စိုက်ပျိုးရေးနှင့် မွေးမြူရေးဒီပလိုမာလက်မှတ်ရ အလယ်အလတ်အဆင့် ပညာရှင်များမွေးထုတ်ဖြည့်တင်းပေးနိုင်ရန်၊ သင်ကြားတတ်မြောက်ထားသည့် ပညာရပ်များ၊ ခေတ်မီ စိုက်ပျိုးရေး၊ မွေးမြူရေးနည်းပညာများ ကျေးရွာအဆင့်အထိ ပြန်လည်ဆင့်ပွားပေးနိုင်ရန်၊ ဒေသအလိုက် စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍထုတ်ကုန်များမှ တောင်သူလယ်သမားများ၏ ဝင်ငွေတိုးတက်လာစေရန်နှင့် လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်ရန်၊ နိုင်ငံ‌တော်၏ စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍတွင် လူ့စွမ်းအားအရင်းအမြစ် ဖွံဖြိုးတိုးတက်ရေးနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အကူပြုရန်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆက်နွယ်သော ပုဂ္ဂလိက လုပ်ငန်းရှင်များ၏ စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်လုပ်မှုလုပ်ငန်းများအတွက် လိုအပ်လျက်ရှိသော စိုက်ပျိုးရေးနှင့်မွေးမြူရေးပညာရှင်များဖြည့်ဆည်းပေးရန်၊ စားနပ်ရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသော ထုတ်လုပ်မှုကဏ္ဍများတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် နိုင်ငံတစ်ဝန်းတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်း ၁၅ ကျောင်းကို ဖွင့်လှစ်ပို့ချလျက်ရှိပါသည်။

စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်းများတွင် စိုက်ပျိုးရေး၊မွေးမြူရေးဆိုင်ရာအတတ်ပညာများကို စာတွေ့/လက်တွေ့ ၃ နှစ်သင်ကြားပေးပြီး အလယ်အလတ်အဆင့် စိုက်ပျိုးရေးပညာရှင်များကို နှစ်စဉ်မွေးထုတ်ပေးလျှက်ရှိရာ ၁၉၅၅-၁၉၅၆ ခုနှစ်မှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အထိ စိုက်ပျိုးရေးဒီပလိုမာလက်မှတ်ရရှိသူ ၂၆၄၁၄ ဦးနှင့် မွေးမြူရေးဒီပလိုမာလက်မှတ်ရရှိသူ ၄၆၅ ဦး စုစုပေါင်း ၂၆၈၇၉ ဦးတို့ကို လေ့ကျင့်မွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ပါသည်။  

ပညာသင်ထောက်ပံ့ကြေးများကို ၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှစ၍ ကျောင်းသား တစ်ဦး တစ်လလျှင် ၂၂၀၀၀/- ကျပ် ထောက်ပံ့ပေးပါသည်။ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစ၍ ကျောင်းသားတစ်ဦး တစ်လလျှင် ၃၀၀၀၀/-ကျပ်တိုးမြှင့်ထောက်ပံ့ပေးလျက်ရှိပါသည်။

စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်းများမှ စိုက်ပျိုးရေးဒီပလိုမာ ထူးချွန်စွာအောင်မြင်သူ ၁၀ ရာခိုင်နှုန်းသည် စိုက်ပျိုးရေးတက္ကသိုလ် တက်ရောက်ရန် ဝင်ခွင့်စာမေးပွဲ ဖြေဆိုခွင့်ရရှိမည်ဖြစ်ပြီး မွေးမြူရေးဒီပလိုမာ ထူးချွန်စွာအောင်မြင်သူ ၁၀ ရာခိုင်နှုန်းသည် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ မွေးမြူရေးသိပ္ပံဘွဲ့(B.A.Sc) ၄ နှစ် သင်တန်းသို့ ပေါင်းကူးတက်ရောက်ရန် ဝင်ခွင့်စာမေးပွဲ ဖြေဆိုခွင့် ရရှိ မည်ဖြစ်ပါသည်။ 

စိုက်ပျိုးရေးနှင့် မွေးမြူရေးဒီပလိုမာ ကျောင်းဆင်းများအနေဖြင့် စိုက်ပျိုးရေးဦးစီးဌာနတွင် ဒုတိယလက်ထောက်ဦးစီးမှူးအဖြစ်လည်းကောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်းများနှင့် အခြေခံပညာနှင့် စက်မှု၊စိုက်ပျိုး၊မွေးမြူရေးအထက်တန်းကျောင်းများတွင် ကွင်းဆင်းလက်ထောက်များအနေဖြင့်လည်းကောင်း၊ ကိုယ်ပိုင်စိုက်ပျိုးရေး/မွေးမြူရေးလုပ်ငန်းများတွင် စွန့်ဦးတီထွင် လုပ်ကိုင်ခြင်းဖြင့်လည်းကောင်း၊ စိုက်ပျိုးရေး/ မွေးမြူရေးနှင့် ဆက်စပ်သော ပုဂ္ဂလိကလုပ်ငန်းများတွင် လုပ်ကိုင်ခြင်းဖြင့်လည်းကောင်း အလုပ်အကိုင်အခွင့်အလမ်းများ ရရှိမည်ဖြစ်ပါသည်။ 

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးဒီပလိုမာ ပထမနှစ်ဝက် သင်တန်းများကိုလည်း နိုင်ငံတစ်ဝန်းရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်းများ၌ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၁ ရက်တွင် တစ်ပြိုင်တည်းဖွင့်လှစ်သွားမည်ဖြစ်ပါသည်။

စိုက်ပျိုးရေး၊မွေးမြူရေး အတတ်ပညာသင် အထက်တန်းကျောင်းများ

ထို့အပြင် အလယ်တန်းအဆင့် (Grade 9) အောင်မြင်ပြီး စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုစိတ်ပါဝင်စားသော ကျောင်းသား၊ ကျောင်းသူများအတွက်လည်း စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး ပညာရပ်များကို သင်ယူလေ့ကျင့်ခွင့်ရရှိနိုင်ပြီး အသက်မွေးဝမ်းကျောင်းပညာအဖြစ် လမ်းသွယ်များ ဖွင့်လှစ်သင် ကြားပေးရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့နှင့် ပူးပေါင်း၍ နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်များရှိ ခရိုင်များ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း ၅၁ ကျောင်းအား စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း ၃၄ ကျောင်းအား တိုးချဲ့ဖွင့်လှစ် ခဲ့သဖြင့် စုစုပေါင်း ၈၅ ကျောင်း ဖွင့်လှစ်ထားရှိပြီးဖြစ်ပြီး စာတွေ့လက် တွေ့ သင်ကြားပို့ချပေးလျက်ရှိပါ သည်။ 

စာသင်နှစ် တစ်နှစ်လျှင် ကျောင်းတစ်ကျောင်းတွင် စိုက်ပျိုးရေးကျောင်းသား/ ကျောင်းသူ ၃၀  ဦးနှင့် မွေးမြူရေးကျောင်းသားကျောင်းသူ  ၃၀ ဦး စုစုပေါင်း ၆၀ ဦးခေါ်ယူလျက်ရှိပါသည်။

စိုက်ပျိုးရေးမွေးမြူရေးအထက်တန်း၏ သင်တန်းကာလမှာ ၃ နှစ်ဖြစ်ပြီး သင်တန်းပြီးမြောက်၍ အောင်မြင်ပါက အခြေခံပညာအထက်တန်း (စိုက်ပျိုးရေး) /အခြေခံ ပညာ အထက်တန်း(မွေးမြူရေး) ပြီးမြောက်ကြောင်း အောင်လက်မှတ် ပေးအပ်ချီးမြှင့်မည်ဖြစ်ပါသည်။

စိုက်ပျိုးရေး၊မွေးမြူရေးအတတ် ပညာများတွင်အခြေခံပညာအထက် တန်းအဆင့် ဘာသာရပ် များအပြင် စိုက်ပျိုးရေး၊ မွေးမြူရေးအတတ် ပညာဆိုင်ရာဘာသာရပ်များကို ပညာသင်ကာလ ၃ နှစ် တွင် စာတွေ့/ လက်တွေ့ဖြင့် လုပ်ငန်းခွင်အသင့်ဖြစ်စေမည့် သင်ရိုးညွှန်းတမ်းများအသုံးပြု၍ သင်ကြား လေကျင့်ပေးနေခြင်းဖြစ်ပါသည်။

ပညာဆက်လက်သင်ယူနိုင်မှုအခွင့်အလမ်းများမှာ စိုက်ပျိုးရေးဘာသာရပ်တွင် အထူးအောင် (Credit) ဖြင့် အောင်မြင်သူများသည် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ ဖွင့်လှစ်သည့် စိုက်ပျိုးရေးသိပ္ပံဘွဲ့ (Bachelor of Agricultural Science) ၄ နှစ် သင်တန်းကို တက်ရောက်နိုင်ကြမည်ဖြစ်ပါသည်။ 

အဆင့်မီ (Qualified) ဖြင့် အောင်မြင်သူများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဖွင့်လှစ်ထားသော စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်းများ၏ စိုက်ပျိုးရေးဒီပလိုမာ (Diploma in Agriculture) ၃ နှစ် သင်တန်းနှင့် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းများ၏ အင်ဂျင်နီယာနည်းပညာ ဒီပလိုမာ (AGTI Diploma-Farm Machinery) ၃ နှစ်သင်တန်းသို့ တက်ရောက်နိုင်ကြမည်ဖြစ်ပါသည်။စိုက်ပျိုးရေးဒီပလိုမာသင်တန်းတွင် ထူးချွန်စွာအောင်မြင်ပါက ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ စိုက်ပျိုးရေးသိပ္ပံဘွဲ့ ၄ နှစ်သင်တန်း၏ တတိယနှစ် (ပထမနှစ်ဝက်)သင်တန်းသို့ ဆက်လက်တက်ရောက်နိုင်မည်ဖြစ်ပါသည်။ အင်ဂျင်နီယာနည်းပညာ ဒီပလိုမာတန်းသင်တန်းတွင် ထူးချွန်စွာ အောင်မြင်သူများသည် အစိုးရနည်းပညာကောလိပ်၏တတိယနှစ် (ပထမနှစ်ဝက်) သို့လည်းကောင်း၊ နည်းပညာတက္ကသိုလ်၏ တတိယနှစ် (ပထမနှစ်ဝက်) သို့လည်းကောင်း ဆက်လက်တက်ရောက်နိုင်မည်ဖြစ်ပါသည်။

ရိုးရိုးအောင်မြင်ပါက စိုက်ပျိုးရေးအတတ်ပညာအောင်လက်မှတ် ရရှိမည်ဖြစ်ပြီး၊ စိုက်ပျိုးရေးနှင့် သက်ဆိုင်သောအခန်းကဏ္ဍများတွင် လုပ်ကိုင်နိုင်ရန် အခွင့်အလမ်းကောင်းများရရှိမည်ဖြစ်ပါသည်။

မွေးမြူရေးဘာသာရပ်တွင် အထူးအောင် (Credit) ဖြင့် အောင်မြင်သူများသည် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်မှ ဖွင့်လှစ်သည့် တိရစ္ဆာန်ဆေးပညာဘွဲ့(Doctor of Veteri-nary Medicine)  ၅ နှစ်သင်တန်းနှင့် မွေးမြူရေးပညာဘွဲ့ (Bachelor of Animal Science) ၄ နှစ် သင်တန်းများကို တက်ရောက်နိုင်ကြမည်ဖြစ်ပါသည်။

အဆင့်မီ (Qualified) ဖြင့် အောင်မြင်သူများကို စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်းများ၏ မွေးမြူရေးဒီပလိုမာ (Diploma in Animal Husbandry) ၃ နှစ် သင် တန်းနှင့် ငါးလုပ်ငန်းသိပ္ပံကျောင်း၏ ငါးလုပ်ငန်းသိပ္ပံဒီပလိုမာ (Diploma in Fisheries and Aquaculture) ၃ နှစ် သင်တန်းသို့တက်ရောက်နိုင်မည်ဖြစ်ပါသည်။ မွေးမြူရေးဒီပလိုမာသင်တန်းတွင် ထူးချွန်စွာအောင် မြင်သူသည် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ၅ နှစ် သင်တန်း၏ တတိယနှစ်(ပထမနှစ်ဝက်) သင် တန်းမှ စတင်တက်ရောက်နိုင်မည် ဖြစ်ပါသည်။ ငါးလုပ်ငန်းသိပ္ပံ ဒီပလိုမာသင်တန်းတွင် ထူးချွန်စွာ အောင် မြင်သူများသည် ရန်ကုန်တက္ကသိုလ်ငါးလုပ်ငန်းဆိုင်ရာဘာသာရပ်တတိယနှစ်(ပထမနှစ်ဝက်) သင်တန်းမှ စတင်တက်ရောက်နိုင်မည်ဖြစ်ပါသည်။

ရိုးရိုးအောင်မြင်ပါက မွေးမြူရေးအတတ်ပညာအောင် လက်မှတ်ရရှိမည်ဖြစ်ပြီး၊ မွေးမြူရေးနှင့်သက်ဆိုင်သောအခန်းကဏ္ဍများတွင် လုပ်ကိုင်နိုင်ရန် အခွင့်အလမ်းကောင်းများ ရရှိမည်ဖြစ်ပါသည်။

နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်များရှိ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်း ကျောင်း ၈၅ ကျောင်း၌ (Grade 10)တွင် စိုက်ပျိုးရေး ကျောင်းသားကျောင်းသူ ၁၂၅၇ ဦးနှင့် မွေးမြူရေးကျောင်းသား ကျောင်းသူ ၈၀၉ ဦး၊ (Grade 11) တွင် စိုက်ပျိုးရေးကျောင်းသားကျောင်းသူ ၉၀၁ ဦးနှင့် မွေးမြူရေး ကျောင်းသား ကျောင်းသူ ၆၀၅ ဦး စုစုပေါင်း ၃၅၇၂ ဦး တက်ရောက် သင်ကြားလျက်ရှိပြီး ပညာ သင်ထောက်ပံ့ကြေးအဖြစ် ကျောင်း သားတစ်ဦး တစ်လလျှင် ၁၀၀၀၀/- ကျပ် ထောက်ပံ့ပေးပါသည်။

စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသည့် သက်မွေးပညာကျောင်းများတွင် တက်ရောက်၍ ပညာသင်ယူခြင်းဖြင့် ဒေသတွင်း စိုက်ပျိုးထုတ်လုပ်မှု နည်းပညာများ တိုးတက်မြင့်မားရေးနှင့် အလယ် အလတ်အဆင့်စိုက်ပျိုးရေးပညာရှင်၊ ဒေသခံတိုင်းရင်းသားလူငယ်များ မွေးထုတ်ပေးနိုင်ပြီး သင်ကြားတတ် မြောက်ထားသည့် ပညာရပ်ဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုး တက်စေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်အတွက် တောင်သူလယ်သမားများအား ခေတ်မီစိုက်ပျိုးရေး နည်းပညာများ ပြန်လည်ဆင့်ပွား ပညာပေးခြင်းဖြင့် ဒေသတွင်းရှိလယ်ယာကဏ္ဍ ထုတ်ကုန်မှ တောင်သူဝင်ငွေတိုးတက်ရန်နှင့် လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုနိုင်မည်ဖြစ်ပြီး စိုက်ပျိုးရေးစွမ်းအားမြင့်မားလာမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါ 
သည်။   

ဝန်ထမ်းလေ့ကျင့်ရေးသင်တန်းကျောင်းနှင့်စိုက်ပျိုးရေးသိပ္ပံဌာနခွဲ