၂၄ ကြိမ်မြောက် အာဆီယံအပေါင်းသုံး လယ်ယာစိုက်ပျိုးရေးနှင့်သစ်တောဆိုင်ရာ ဝန်ကြီးများ အစည်းအဝေး ကျင်းပ

၂၄ ကြိမ်မြောက် အာဆီယံအပေါင်းသုံး လယ်ယာစိုက်ပျိုးရေးနှင့်သစ်တောဆိုင်ရာ ဝန်ကြီးများ အစည်းအဝေး ကျင်းပ

နေပြည်တော်၊ အောက်တိုဘာ ၂၅ 

မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ဆောင်ရွက်သည့် ၄၆ ကြိမ်မြောက် အာဆီယံ လယ်ယာ စိုက်ပျိုးရေး နှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများကို အွန်လိုင်းစနစ်ဖြင့်ကျင်းပခဲ့ရာ အောက်တိုဘာလ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် ပြုလုပ်သည့် ၂၄ ကြိမ်မြောက် အာဆီယံ အပေါင်းသုံး လယ်ယာစိုက်ပျိုးရေးနှင့်သစ်တော ဆိုင်ရာဝန်ကြီးများ အစည်းအဝေးကို စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က သဘာပတိ အဖြစ် တာဝန်ယူကျင်းပသည်။

၂၄ ကြိမ်မြောက် အာဆီယံ အပေါင်းသုံး လယ်ယာစိုက်ပျိုးရေး  နှင့် သစ်တောဆိုင်ရာ ဝန်ကြီးများ အစည်းအဝေးတွင် တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် ကိုရီးယားသမ္မတ နိုင်ငံတို့မှ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီးများ အဆင့်မြင့်အရာရှိကြီးများက အစည်းအဝေး၏ ပူးတွဲ သဘာပတိများအဖြစ် ဆောင်ရွက်ခဲ့ကြပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ တီမောလက်စ်တေနိုင်ငံ၊ အပေါင်းသုံးနိုင်ငံများဖြစ်သည့် တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံတို့မှ လယ်ယာစိုက်ပျိုးရေးသစ်တောဆိုင်ရာ ဝန်ကြီးများ၊ ဒုတိ ယဝန်ကြီးများ၊ အာဆီယံဒုတိယ အထွေထွေအတွင်းရေးမှူးချုပ်၊ အဆင့်မြင့်အရာရှိများ၊ ကိုယ်စား လှယ်များ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် အာဆီယံအပေါင်းသုံး စားရေရိက္ခာ၊ စိုက်ပျိုး ရေးနှင့်သစ်တောကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာမဟာဗျူဟာ (၂၀၁၆-၂၀၂၅) အရ ၂၀၂၃-၂၀၂၄ ခုနှစ်အတွင်း အကောင်အထည်ဖေါ် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများဖြစ်ကြသော အာဆီယံ အပေါင်းသုံး ဆန် အရန်ရိက္ခာထားရှိရေးအစီအ စဉ်၊ အာဆီယံစားရေရိက္ခာဖူလုံရေး သတင်းစနစ်ဆိုင်ရာ လုပ်ငန်း များ၊ ဇီဝစွမ်းအင်ဖွံ့ဖြိုးတိုးတက်စေရေး စီမံချက်များ၊ ရေရှည်တည်တံ့သော သစ်တောကဏ္ဍ စီမံခန့်ခွဲရေးဆိုင်ရာစီမံကိန်းများ၊ အပင်နှင့်တိရစ္ဆာန် ကျန်းမာရေးထိန်းချုပ်ရေး လုပ်ငန်းများ၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုး တက်စေရေးလုပ်ငန်းများ၊ စိုက်ပျိုး ရေးထွက်ကုန်များအရည်အသွေး ပြည့်မီစေရေးနှင့် စျေးကွက်ရရှိရေးဆိုင်ရာလုပ်ငန်းစဉ်များ၊ သုတေသနနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများနှင့် စပ်လျဉ်း၍ ပြန်လည်သုံးသပ်ကြပြီး ၂၀၂၅ခုနှစ်အလွန်တွင် အာဆီယံနှင့် အပေါင်းသုံးနိုင်ငံများရှိ စားရေရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ပူးပေါင်းဆောင်ရွက် သင့်သည့်လုပ် ငန်းများနှင့်စပ်လျဉ်း၍ လမ်းညွှန်ချက်များ ချမှတ်ခဲ့ကြသည့်အပြင် အစည်းအဝေး၏ ပူးတွဲကြေညာချက်ကိုလည်း အတည်ပြုခဲ့ကြသည်။

၎င်းနောက် ဖိလစ်ပိုင်နိုင်ငံမှ ၂၀၂၅ ခုနှစ်တွင် ကျင်းပမည့် ၂၄ ကြိမ်မြောက် အာဆီယံ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီးများအစည်းအဝေးကို အိမ် ရှင်နိုင်ငံအဖြစ် In Person ဖြင့် လက်ခံကျင်းပ မည်ဖြစ်ပါကြောင်း ဖိလစ်ပိုင်နိုင်ငံ၏ ခရီးသွားလုပ်ငန်းမြှင့်တင်ရေး အတွက် ရိုက်ကူးထားသည့် ဗီဒီယိုပြသ၍ အစည်းအဝေးသို့ အသိပေးကြေညာခဲ့သည်။

မွန်းလွဲပိုင်းတွင်ကျင်းပပြုလုပ်သည့် ၈ ကြိမ်မြောက် အာဆီယံ-အိန္ဒိယ လယ်ယာ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေးတွင် စိုက်ပျိုးရေး၊ မွေး မြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်  နှင့်အတူ အိန္ဒိယနိုင်ငံ၊ လယ်ယာစိုက်ပျိုးရေးနှင့် တောင်သူလယ်သ မား ရေးရာဝန်ကြီးဌာန ဝန်ကြီး H.E Shri Shivraj Singh Chouhan တို့ကပူးတွဲသဘာပတိများအဖြစ်ဆောင်ရွက်ကြပြီး အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ တီမောလက်စ်တေနိုင်ငံ၊ အိန္ဒိယနိုင်ငံတို့မှ လယ်ယာစိုက်ပျိုးရေး သစ်တောဆိုင်ရာဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အာဆီယံဒုတိယအထွေထွေ အတွင်းရေးမှူးချုပ်နှင့် အဆင့်မြင့် အရာရှိများ၊ ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများတက်ရောက်ကြသည်။

အစည်းအဝေးတွင် အာဆီယံ-အိန္ဒိယ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာပူးပေါင်းဆောင် ရွက်မှု ကာလလယ် လုပ်ငန်းအစီ အစဉ် (၂၀၂၁-၂၀၂၅)၏ ဖြစ်ပေါ်တိုးတက်မှုများ၊ အာဆီယံ-အိန္ဒိယ စိုက်ပျိုးရေးနှင့် ဆက်စပ် သိပ္ပံဘာ သာရပ်များအတွက် ပညာသင်ဆု ပေးအပ်ခြင်း စီမံကိန်း၏ အကောင် အထည်ဖော် ဆောင်ရွက်မှုများ၊ မြေ ဆီလွှာကျန်းမာရေးကို ကဒ်ပြား အသုံးပြု စစ်ဆေးခြင်းဖြင့် ဂေဟစနစ်အား ပြန်လည်ကောင်းမွန်စေသည့် စိုက်ပျိုးရေးစနစ် ဆိုင်ရာ စီမံကိန်းနှင့် ဉာဏ်ရည်တု အသုံးပြုခြင်း၊ အင်တာနက်နှင့် အာရုံခံချစ်ပြားတို့ကို အသုံးပြု ၍ ကိန်းကဏန်း အချက်အလက်များ တိုင်းထွာခြင်း၊ ကွန်ပြူတာဉာဏ်ရည်စနစ်ဖြင့် တိကျသည့် စိုက်ပျိုးရေးစနစ် ဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေးစီမံကိန်းတို့ အကောင်အထည် ဖော်ဆောင် ရွက်ရေးလုပ်ငန်းစဉ်များကို ဆွေး နွေးခဲ့ကြသည်။ ထို့နောက် အာဆီယံ-အိန္ဒိယ လယ်ယာ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေး၏ ပူးတွဲကြေညာချက် အပေါ် အတည်ပြုခဲ့ကြသည်။

၎င်းနောက် ၂၀၂၆ ခုနှစ်တွင် ပြုလုပ်မည့် ၉ ကြိမ်မြောက် အာဆီယံ-အိန္ဒိယ လယ်ယာ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီးများအစည်းအဝေးကို အိန္ဒိယနိုင်ငံမှ လက်ခံကျင်းပမည် ဖြစ်ကြောင်း အိန္ဒိယနိုင်ငံ၏ ကိုယ်စားလှယ်ခေါင်းဆောင်မှ ကြေညာခဲ့ကြောင်း သိရှိရသည်။       

MOALI