စပါးသီးနှံတစ်ဧကအထွက်နှုန်းတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများခေါင်းစဉ်ဖြင့် ၃၈ ကြိမ်မြောက် ဗုဒ္ဓဟူးနေ့ စကားဝိုင်းဆွေးနွေးပွဲကျင်းပ

စပါးသီးနှံတစ်ဧကအထွက်နှုန်းတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများခေါင်းစဉ်ဖြင့် ၃၈ ကြိမ်မြောက် ဗုဒ္ဓဟူးနေ့ စကားဝိုင်းဆွေးနွေးပွဲကျင်းပ

နေပြည်‌တော်၊ အောက်တိုဘာ ၉

စိုက်‌ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ၃၈ ကြိမ်မြောက် စကားဝိုင်းဆွေးနွေးပွဲကို အောက်တိုဘာ ၉ ရက်နေ့က “စပါးသီးနှံ တစ်ဧကအထွက်နှုန်း တိုးတက်ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများ” ခေါင်းစဉ်ဖြင့်  ကျင်းပခဲ့ကြကြောင်းသိရသည်။ 

စကားဝိုင်းဆွေးနွေးပွဲတွင် ဒုတိယ ဝန်ကြီး ဒေါက်တာအောင်ကြီးက မိမိတို့နိုင်ငံ၏ ၂၀၂၃-၂၀၂၄ ခုနှစ် ဆန်စပါးစိုက်ပျိုးထုတ်လုပ်နိုင်မှုအရ ပြည်တွင်းစားသုံးမှု ဖူလုံမှု ၁၅၆ ဒသမ ၃၇ ရာခိုင်နှုန်းရှိပြီး ပြည်ပသို့ ဆန်စပါးတင်ပို့နိုင်မှုအနေဖြင့် ဆန်တန်ချိန် ၉ ဒသမ ၈ သိန်းခန့်၊ ဆန်ကွဲ တန် ၇ ဒသမ ၇ သိန်းခန့် တင်ပို့နိုင်ကြောင်း၊တစ်နှစ် ထက်တစ်နှစ် ဆန်စပါးအထွက်နှုန်းတိုးတက်ရရှိရေးအတွက် နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွား မြှင့်တင်ရေး  ရန်ပုံငွေများဖြင့် ရင်းနှီးမတည်ငွေအဖြစ် ထောက်ပံ့ပေးခြင်း၊ ဓါတ်မြေဩဇာ လိုအပ်ချက်များကို နှစ်အလိုက် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးခြင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ 
၂၀၂၄-၂၀၂၅ ခုနှစ်တွင် မိုးစပါးနွေစပါးဧက စုစုပေါင်း ၁၇ ဒသမ ၆၇ သန်းကျော် စိုက်ပျိုးရန်လျာထားပြီး အဆိုပါ ဧကများအနက် ရေတော် မိုးတော်ဧကများထဲမှ ရေ၊ မြေအခြေခံကောင်းသည့် ဧကများ ကို ပန်းတိုင်အထွက်နှုန်းပြည့်မီရေးအတွက် မိုးစပါးဧက ၄ သန်းအား ပန်းတိုင်အထွက်နှုန်း ပြည့်မီရေး လျာထား ဆောင်ရွက်လျက် ရှိကြောင်း၊ ယင်းကဲ့သို့ ရွေးချယ်သတ်မှတ်ဆောင်ရွက်ရာတွင် လိုအပ်သော နည်းပညာအပါအဝင် စပါးသီးနှံ စိုက်ပျိုး ထုတ်လုပ်မှု ကွင်းဆက်တစ်လျှောက်၌ တွေ့ကြုံရနိုင်သည့် အခက်အခဲပြဿနာများ ဖော်ထုတ်အဖြေရှာနိုင်ရေးနှင့် စပါးသီးနှံ တစ်ဧကအထွက်နှုန်းတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများကိုယခုဆွေးနွေးပွဲတွင်ဖော် ထုတ် အကြံပြုခြင်းများ ဆောင်ရွက်နိုင်ပါရန် တိုက်တွန်းပါကြောင်းပြောကြားသည်။

ဆက်လက်၍ သက်ဆိုင်ရာကဏ္ဍအသီးသီးမှ ပညာရှင်များက စပါးတစ်ဧက အထွက်နှုန်း တိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မှုအခြေ အနေ၊ မျိုးကောင်းမျိုးသန့် သုံးစွဲခြင်း၏ အရေးပါမှု၊ မျိုးကောင်းမျိုးသန့်များ ရရှိရေးအတွက် သုတေသနလုပ်ငန်းများ ဆောင်ရွက်နေမှု၊ စပါးအထွက်နှုန်းတိုးတက်ရေးအတွက် အရေးကြီးသည့် အခန်းကဏ္ဍ တစ်ခုတွင် ပါဝင်နေသော စိုက်ပျိုးနည်း စနစ်များနှင့် ရာသီဥတုပြောင်းလဲမှုကြောင့် ကြုံတွေ့နေရသော အခက် အခဲအတားအဆီးများကို စီမံဖြေရှင်းနိုင်မည့်နည်းလမ်းများအား ဆွေးနွေး တင်ပြကြပြီး အခမ်းအနားတက်ရောက်လာကြသူများက ဖြည့်စွက်အကြံပြုဆွေးနွေးခဲ့ကြ သည်။ 

စကားဝိုင်းဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါ မောက္ခချုပ်များ၊ သက်ဆိုင်ရာဌာနအသီးသီးမှတာဝန်ရှိများတက်ရောက်ကြပြီး တိုင်းဒေသကြီး ပြည် နယ်များမှ လယ်ယာကဏ္ဍဆိုင်ရာတာဝန်ရှိသူများက အွန်လိုင်းစနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။ 

MOALI