စိုက်ပျိုးမွေးမြူရေးပညာနှင့် နိုင်ငံတကာ စိုက်ပျိုးမွေးမြူရေး တက္ကသိုလ်များ (အပိုင်း-၁၃)

စိုက်ပျိုးမွေးမြူရေးပညာနှင့် နိုင်ငံတကာ စိုက်ပျိုးမွေးမြူရေး တက္ကသိုလ်များ (အပိုင်း-၁၃)

Tokyo University

(ယခင်အပတ်မှအဆက်)

(၂) ကမ္ဘာကျော် တိုကျိုတက္ကသိုလ်  (Tokyo University or The University of Tokyo)

စိုက်ပျိုးရေးပညာသင်ကြား၊ သုတေသနပြုမှုနှင့်စိုက်ပျိုးရေးပညာရှင်များအတွက် စိန်ခေါ်မှုများစိုက်ပျိုးရေး၊မွေးမြူရေးသည် ကျွန်တော်တို့မြန်မာနိုင်ငံအတွက် စီးပွားရေးအရ အရေးပါသောကဏ္ဍမှပါဝင်နေပြီး နောင်အနာဂတ်တွင်လည်း လက်လွှတ်၍ မရသေးဘဲ ဆက်လက် လုပ်ဆောင်ရဦးမည်မှာ မလွဲဧကန်ဖြစ်ပါသည်။ နိုင်ငံတော်၏ ကွဲပြားလျက်ရှိသော ရေ၊ မြေ၊ ရာ သီဥတု သဘာဝအရ အပူပိုင်း၊ သမပိုင်းသီးနှံအမျိုးပေါင်း (၆၀) လောက် စိုက်ပျိုးဖြစ်ထွန်းနိုင်ပြီး စပါးသီးနှံမှာ စုစုပေါင်း စိုက်ပျိုးမြေ ဧရိယာ၏ ၅၀ရာခိုင်နှုန်း ကျော်ကျော် စိုက်ပျိုး အောင်မြင်ဖြစ်ထွန်းလျက်ရှိနေပါသည်။ စိုက်ပျိုးရေးကဏ္ဍကြီးမှ နိုင်ငံတော်စုစုပေါင်း အသားတင်ထုတ်ကုန် (GDP)၏ ၂၃ ဒသမ ၆ ရာခိုင်နှုန်း (စိုက်ပျိုး ရေး ၁၅ ရာ ခိုင်နှုန်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ၈ ဒသမ ၆ ရာခိုင်နှုန်း)၊ နိုင်ငံခြားဝင်ငွေစုစုပေါင်း (Export Earnings) ၏ ၃၅ ဒသမ ၁ ရာခိုင်နှုန်း၊ အလုပ်လုပ်ကိုင်သူစုစုပေါင်း(Labor Force) ၏ ၅၉ ဒသမ ၁ ရာခိုင်နှုန်း ပါဝင်ပတ်သက်နေပါသည်။ (MOALI, Myanmar Agriculture in Brief, 2022)

နိုင်ငံအများစုမှာ ဘက်စုံလွှမ်းခြုံမှုကိုသင်ပေးသော တက္ကသိုလ်များ (Comprehensive Universities) ဖြစ်ပြီး တက္ကသိုလ်တိုင်းတွင် မဟာဌာန (Faculty) သို့မဟုတ် ကောလိပ် (College) များဖြင့် ဖွဲ့စည်းပါသည်။  နိုင်ငံတကာတွင် စိုက်ပျိုးရေးပညာ သင်ကြားပေးလျက်ရှိသော တက္ကသိုလ်၊ ကောလိပ်၊ မဟာဌာနများကို ဇယား-၁ ပါအတိုင်းတွေ့ရပါမည်။


 

* အစိုးရ၊ ပုဂ္ဂလိကတက္ကသိုလ်၊ ကောလိပ်ပေါင်း 
# မြန်မာနိုင်ငံရှိ  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်သစ်တောနှင့်ပတ်ဝန်းကျင် တက္ကသိုလ် ၃ ကျောင်းပါ၊ ဤဘာသာရပ်များသင်ပေးသော ပုဂ္ဂလိကတက္ကသိုလ်၊ကောလိပ်များ မကြားမိသေးပါ။

ဇယား-၁အရ ဂျပန်နိုင်ငံတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ရေလုပ်ငန်း အဆင့်မြင့်ပညာသင်ကြားပေးသော တက္ကသိုလ်၊ ကောလိပ် စုစုပေါင်း  ၆၈ ကျောင်း (အစိုးရ  (Public Universities) ၅၃ ကျောင်းနှင့် ပုဂ္ဂလိက (Private Universities) ၁၅ ကျောင်း) ရှိပါသည်။

ဘွဲ့ရ ၁၀၀-ဦးလျှင် ဘာသာရပ်အလိုက်ဘွဲ့ရရှိသောလူဦးရေ (ရာခိုင်နှုန်း) ကို ဇယား-၂ တွင် လေ့လာနိုင်ပါသည်။

Table2
 
(၂) တိုကျိုတက္ကသိုလ် (The University of Tokyo ဂျပန်လို Tokyo Daigaku - Todai ခေါ်ပါသည်)

တိုကျိုတက္ကသိုလ်သည် ဂျပန်နိုင်ငံတွင် ပထမဆုံး ၁၈၇၇ ခုနှစ်မှစတင်တည်ထောင်ခဲ့သော နာမည်ကြီး တက္ကသိုလ်တစ်ခု ဖြစ်ပါသည်။ ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ် အမှတ်စဉ် ၈၁ ခုမြောက်ဖြစ်ပါသည်။ ဥပဒေ၊ ဆေး၊ အင်ဂျင်နီယာ၊ စာပေ၊ သိပ္ပံ၊ စိုက်ပျိုးရေး၊ စီးပွားရေး၊ ဝိဇ္ဇာ၊ ပညာရေးနှင့် ဆေးဝါးဗေဒသိပ္ပံမဟာဌာန ၁၀ ခု ရှိပါသည်။ (Faculties of Law, Medicine Engineering, Letters, Science, Agriculture, Economics, Arts, Education and Pharmaceutical Science)၊ ဘွဲ့လွန်သင်တန်း ကျောင်းပေါင်း ၁၅ ခု (15 Graduate Schools)၊ (Research Institute) သုတေသနဌာန ၁၁ ခုနှင့် တက္ကသိုလ်အခြေစိုက်အထူးပြုဌာန (University-wide Centers) ၁၃ ခု ရှိပါသည်။ ၂၀၂၁-၂၂ ပညာသင်နှစ်တွင် ပါမောက္ခ ၁၃၉၁ ဦး အပါအဝင် ဘာသာရပ်ဆိုင်ရာ သင်ကြားရေးဆရာ၊ ဆရာမပေါင်း (Academic Staff {Teaching staff}) ၅၉၁၄ ဦးနှင့် အထောက်အကူပြုဝန်ထမ်း (Administrative, Technical & Others {non-teaching staff}) ၄၆၁၂ ဦးရှိပြီး ဘွဲ့ကြိုကျောင်းသား/သူပေါင်း ၁၃၉၆၀ ဦးနှင့် ပါရဂူကျောင်းသား/သူ ၅၈၂၇ ဦးအပါအဝင် ဘွဲ့လွန်ကျောင်းသား/ သူပေါင်း ၁၃၄၁၇ ဦးရှိသော နာမည်ကြီးတက္ကသိုလ် ဖြစ်ပါသည်။ စုစုပေါင်းဧရိယာ အကျယ်အဝန်း ၃၂၀၀၀-ဟက်တာ ကျော် ကျော် ရှိပါသည်။ တိုကျိုတက္ကသိုလ်သည် အစိုးရ၊ ပုဂ္ဂလိက ကုမ္ပဏီပေါင်း ၄၈၀-ကျော်နှင့် ချိတ်ဆက်ထားပါသည်။ စာကြည့်တိုက်တွင် ဂျပန်နှင့် အခြားဘာသာရပ် စုစုပေါင်းမှာ (စာအုပ်၊ စာတမ်း၊ ဓာတ်ပုံ၊ e-Books) အရေအတွက် ၁၀ သန်းနီးပါးရှိပါသည်။ နိုင်ငံတကာ ကျောင်းသား ၄၆၂၄ ဦး လက်ရှိပညာသင်ကြား၊သုတေသနပြုလုပ်လျက်ရှိပါသည်။ဂျပန်ဝန်ကြီးချုပ် ၆၄ ဦးတွင် ၁၆ ဦးမှာ ဤတက္ကသိုလ် ဘွဲ့ရကျောင်းသားဟောင်းများ ဖြစ်ပါသည်။

စိုက်ပျိုးမွေးမြူရေးမဟာဌာနတွင်ရှိသော ဌာနများမှာ-

(က) စိုက်ပျိုးရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာဇီဝဗေဒဌာန (Department of Agricultural and Environmental Biology)အောက်တွင် သင်ကြားသုတေသနပြုနေသော ဘာသာရပ်များမှာ အပင် မျိုးမွေးမြူရေးနှင့်ဗီဇဗေဒ (Plant Breeding and Genetics)၊ အင်းဆက်ဗီဇနှင့်ဇီဝ သိပ္ပံပညာ (Insect Genetics and Bioscience)၊ သီးနှံသိပ္ပံပညာ (Crop Science)၊ ဥယျာဉ်ခြံသီးနှံသိပ္ပံ (Horticultural Science)၊ အသုံးချကိမိလဗေဒ (Applied Entomology)၊ အပင်ဂေဟဗေဒနှင့် ရုပ်သွင်ပညာ (Plant Ecology and Morphology)၊ အပင်ရောဂါဗေဒ (Plant Pathology)၊ ဇီဝစာရင်းအင်းပညာနှင့် စာရင်းအင်းဆိုင်ရာဗီဇဗေဒ (Biometrics and Statistical Genetics) စသည်တို့ ဖြစ်ပါသည်။

(ခ) အသုံးချဇီဝဓာတုဗေဒဌာန (Department Applied Biological Chemistry) အောက်တွင်သင်ကြားပေးသော ဘာသာရပ်များမှာ အပင်မော်လီကျူးဆိုင်ရာဇီဝကမ္မဗေဒ (Plant Molecular Physiology)၊ အပင်အာဟာရနှင့် မြေဩဇာ (Plant Nutrition and Fertilizer)၊ ဇီဝနှင့်ဩဂဲနစ်ဓာတုဗေဒ (Biological and Organic Chemistry)၊ မြေဆီလွှာသိပ္ပံ (Soil Science) နှင့် အစားအသောက်သိပ္ပံ (Food Science)ဆိုင်ရာ ဘာသာရပ်ခွဲများ (Nutritional Biochemistry, Food Chemistry, Food Biochemistry, Food Biotechnology, etc.) စသည်တို့ဖြစ်ပါသည်။

(ဂ) ဇီဝနည်းပညာဌာန (Department of Biotechnology) အောက်တွင် မော်လီကျူးနှင့် ဆဲလ်မွေးမြူမျိုးပွားခြင်း (Molecular and Cellular Breeding)၊ ဇီဝသတင်းအချက်အလက်အင်ဂျင်နီယာပညာ (Bio infor-mation Engineering)၊ ကစော်ဖောက်ခြင်းနှင့်အသုံးချအဏုဇီဝဗေဒ (Fer-mentation and Applied Microbiology) ဘာသာဖြင့် သင်ကြားသုတေသနပြုနေပါသည်။

(ဃ) သစ်တောသိပ္ပံဌာန (Department Forest Science) အောက်တွင် သစ်တောရုက္ခနှင့် သတ္တဗေဒ (Forest Botany and Forest Zoology)၊ သစ်ပင်စိုက်ပျိုးပြုစုမှုဘာသာ (Silviculture)၊ သစ်တောများထိန်းသိမ်းအုပ်ချုပ်ခြင်း (Forest Management)၊ သစ်တောဆိုင်ရာမူဝါဒနှင့်အသုံးချခြင်း (Forest Policy & Utilization) သစ်တောဇလဗေဒနှင့် မြေယာအလှဆင်ခြင်းပညာ(Forest Hydrology and Landscape Planning, Design) စသည်ဖြင့် သင်ကြားသုတေသနပြုနေပါသည်။

(င) ရေလုပ်ငန်းဆိုင်ရာဇီဝသိပ္ပံဌာန (Department Aquatic Bio science) အောက်တွင်  ရေလုပ်ငန်းဆိုင်ရာ မော်လီကျူးဇီဝဗေဒ (Aquatic Molecular Biology)၊ ငါးလုပ်ငန်းဆိုင်ရာဇီဝဗေဒ (Fisheries Biology)၊ ငါးရောဂါ ဗေဒသုတေသန (Fish Diseases Research)၊ ရေလုပ်ငန်းဇီဝဗေဒနှင့် ပတ်ဝန်းကျင်သိပ္ပံ (Aquatic Biology and Environmental) စသည်ဖြင့် သင်ကြားသုတေသနပြုနေပါသည်။

(စ) စိုက်ပျိုးရေးနှင့် သဘာဝအရင်းအမြစ် စီးပွားရေးပညာဌာန (Department of Agricultural and Resource Economics) တွင် လယ်ယာစီးပွားရေး ထိန်းသိမ်းမှုနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး (Farm Business Management and Rural Development)၊ စိုက်ပျိုးမွေးမြူရေးသမိုင်း (Agricultural History)၊ စိုက်ပျိုးရေးနှင့်ဖွံ့ဖြိုးမှု စီးပွားရေးပညာ (Agricultural and Development Economics)၊ အစားအသောက်နှင့်အရင်းအမြစ် စီးပွား ရေးပညာ (Food and Resource Economics)၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်စေရန် ဘဏ္ဍာရေးပညာ (Rural Development Finance) စသည်များကို သင်ကြားသုတေသနပြုလျက်ရှိနေပါသည်။ 

(ဆ) ဇီဝနှင့် ပတ်ဝန်းကျင်အင်ဂျင်နီယာဌာန (Department of Biological and Environmental Engineering) အောက်တွင် မြေယာပတ်ဝန်းကျင်အင်ဂျင်နီယာ(Land Environmental Engineering)၊ရေအရင်းအမြစ် ပတ်ဝန်းကျင်အင်ဂျင်နီယာ (Water Environmental Engineering)၊ မြေဆီလွှာရူပဗေဒနှင့် မြေဆီလွှာ ဇလဗေဒ (Soil Physics and Soil Hydrology) တို့ သင်ကြား သုတေသနပြုနေပါသည်။

(ဇ) အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးသိပ္ပံဌာန (Department of Global Agricultural Science) တွင် ဂျပန်နိုင်ငံတွင်သာမက နိုင်ငံရပ်ခြား တိုင်းပြည်များတွင် လိုအပ်လျက်ရှိသော စိုက်ပျိုး၊ မွေးမြူရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပြဿနာများကို ပူးပေါင်းဖြေရှင်းပေးလိုသော သဘောဖြင့်(Fisheries Science) နိုင်ငံတကာတိရစ္ဆာန် ထုတ်လုပ်ခြင်းပညာ (Global Animal Production)၊ ငါးသိပ္ပံပညာ (Fish Science)၊ နိုင်ငံတကာအပင်စိုက်ပျိုးထုတ်လုပ်ခြင်းပညာနှင့် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ် ဝန်းကျင်သိပ္ပံပညာ (International Development and AgroEnvironmental Sciences)တို့ကို ပူးပေါင်းလေ့လာသင်ကြား၊ သုတေသနပြုနေသော ဌာနဖြစ်ပါသည်။

သုတေသနကိုအခြေခံသောတက္ကသိုလ် (Research–based University) ဖြစ်သည့် အလျောက် တက္ကသိုလ်ရှိ စုစုပေါင်း ပါမောက္ခ ၁၃၉၁ ဦးတွင် စိုက်ပျိုးရေးမဟာဌာနရှိ ပါမောက္ခ ၉၄ ဦး၊ တွဲဖက်ပါမောက္ခ ၁၀၇၄ ဦးတွင် စိုက်ပျိုးရေးမဟာဌာနတွင် ၈၈ ဦးရှိကာ စိုက်ပျိုးရေး ပညာဘွဲ့ကြိုကျောင်းသား ၆၆၀ ဦး နှင့် ဘွဲ့လွန် ကျောင်းသား/သူ ၁၀၉၇ ဦးကို ဦးဆောင် သင်ကြား သုတေသနပြုလျက်ရှိပါသည်။

ဤတက္ကသိုလ်တွင် မြန်မာနိုင်ငံမှ ဒေါက်တာနေမျိုးအောင်၊ ဒေါက်တာယဉ်ယဉ်နွယ်တို့ စိုက်ပျိုးရေး ပါရဂူဘွဲ့ရခဲ့ပြီး၊ ဒေါ်ဖြူမာဝင်းက မဟာစိုက်ပျိုးရေးသိပ္ပံရရှိခဲ့ကာ ဒေါ်ချိုဇင်ဝင်း သည် မဟာစိုက်ပျိုး ရေးသိပ္ပံ သင်တန်းတက်ရောက်လျက်ရှိပါသည်။

ကျွန်တော်တို့အဖွဲ့သည် ၂၀၁၆-ခုနှစ်တွင် တိုကျိုတက္ကသိုလ်၊ စိုက်ပျိုးရေးမဟာဌာနနှင့် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တို့ (MOU – Memorandum of Understanding) လက်မှတ် ထိုးရန် ညှိနှိုင်းဆွေးနွေးခဲ့ပါသည် (ပုံ)။ 

မြန်မာနိုင်ငံအတွက် အတုယူစရာများ (Lessons Learned)

(၁) စိုက်ပျိုး၊ မွေးမြူရေးပညာများကို ပြည်နယ်နှင့်တိုင်းရှိ အစိုးရတက္ကသိုလ်၊ ကောလိပ် သိပ္ပံများ (Public Universities) ထဲမှ အနည်းဆုံး တစ်ကျောင်းစီ၌ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောဘွဲ့ရများဦးဆောင်သော စိုက်ပျိုးမွေးမြူရေးနှင့်သက်ရှိသိပ္ပံ မဟာဌာန (Faculty of Agriculture and Life Sciences) (သို့မဟုတ်) စိုက်ပျိုးမွေးမြူရေးနှင့် အစားအသောက် မဟာဌာန (Faculty of Agriculture and Food)/ ကောလိပ် (College of Agriculture and Food) စသည်တို့ စတင်ထူထောင်ပေးဘို့ အချိန်ရောက်ပါပြီ၊ သို့မှသာ ပြည်နယ်နှင့်တိုင်း (သို့မဟုတ်) ဝေးလံခေါင်များမှ တိုင်းရင်းသားများ၊ ကျေးလက်လူငယ်များ မိမိဒေသအတွက် တိုက်ရိုက်အသုံးဝင်သော စိုက်ပျိုးမွေးမြူရေး၊ သစ်တောနှင့် ပတ်ဝန်းကျင် ဘာသာရပ်များကို မိမိဒေသတွင်ပင် ငွေကုန်ကြေးကျနည်းပါးစွာ၊ အမှတ်မမီသော်လည်း မိမိဒေသတွင်း လိုအပ်ချက် ဖြင့် ပညာသင်ကြားနိုင်ပါလိမ့်မည်။ (မလိုအပ်သော ဘာသာရပ်များ သင်ယူပြီး ဘွဲ့ရရှိရန်၊ ဓာတ်ပုံရိုက်ချိတ်ဆွဲရန်ထက် မိမိဒေသတွင်း အထူးလိုအပ်လျက်ရှိသော ဖွံ့ဖြိုးတိုးတက်ရေး ဘာသာ ဥပမာ - စီးပွားရေး (Business and Agricultural Economics)၊ ပညာရေး (Education)၊ စိုက်ပျိုး၊ မွေးမြူရေး (Agriculture)၊ ရေလုပ်ငန်း (Fishery and Aquaculture)၊ စိုက်ပျိုးရေးနှင့် အစားအသောက် အင်ဂျင်နီယာ ဘာသာရပ်များ (Agricultural and Food Engineering) စသည်တို့ဖြစ်ပါသည်)

(၂) အခြားနိုင်ငံရှိ တက္ကသိုလ်များကဲ့သို့ ဗဟိုမှချုပ်ကိုင်မှုလျှော့ချပြီး (Decentralization) ပါမောက္ခချုပ်နှင့်အဖွဲ့အား တက္ကသိုလ်ကောင်စီ (University Council)၊ စီမံခန့်ခွဲမှု ဘုတ်အဖွဲ့များ (The Board of Trustees) က ကြပ်မတ်ထိမ်းကြောင်းပေးပြီး တိုင်းပြည်အတွက် လိုအပ်လျက်ရှိသော ဘာသာရပ်အသစ် (New Subjects/New Courses)၊ သုတေသနစင်တာ (New University Research Centres) အသစ်များကို လွယ်ကူလျင်မြန်စွာ တည်ထောင် နိုင်ပါလိမ့်မည်၊ ဥပမာ - ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၌ အိန္ဒိယနိုင်ငံမှ တည်ထောင်ပေးသော အဆင့်မြင့်စိုက်ပျိုးရေးနှင့် သုတေသနဌာန (ACARE – Advanced Centre for Agricultural Research and Education) အမေရိကန်နိုင်ငံရှိ စိုက်ပျိုးမွေးမြူရေးပညာသင်ကြား၊ သုတေသနပြုပေးနေသော တက္ကသိုလ်များအကြောင်း ဆက်ရေးပါဦးမည်။

ဒေါက်တာမျိုးကြွယ်