ရန်ကုန်ဈေးကွက်

ရန်ကုန်ဈေးကွက်

ဆန်

ယခုရက်သတ္တပတ်အတွက် ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်းလမ်း) တွင် ထုတ်ပြန်ထားသည့် ဆန်ဈေးနှုန်းများအရ ရွှေဘိုပေါ်ဆန်းဆန် အလတ်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၁၄၅၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၁၄၀၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဖျာပုံပေါ်ဆန်း အလတ်စတစ်တင်းခွဲ တစ်အိတ်လျှင် ၁၂၀၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၁၁၀၀၀၀ကျပ်နှုန်းဖြင့်လည်းကောင်း၊ ပေါ်ကျွဲဆန် အလတ်စတစ်တင်းခွဲ တစ်အိတ်လျှင် ၁၀၂၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၁၀၀၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဧည့်မထ ဆန်ဟောင်း အလတ်စ တစ်တင်းခွဲတစ်အိတ်လျှင် ၇၀၀၀၀ ကျပ် နှင့် အောက်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၆၉၀၀၀ကျပ်နှုန်းဖြင့်လည်းကောင်း ငစိန်ဆန် အလတ်စတစ်၂တင်းခွဲ တစ်အိတ် လျှင် ၇၁၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၇၀၀၀၀ကျပ်နှုန်းဖြင့်လည်းကောင်း ရောင်းဝယ်လျက်ရှိကြောင်းသိရသည်။ ယခင်ရက် သတ္တပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ရွှေဘိုပေါ်ဆန်းနှင့် ဖျာပုံပေါ်ဆန်းမှာ တစ်အိတ်လျှင် ၅၀၀၀ ကျပ်ခန့် ဈေးမြင့်ခဲ့သည်။ ပေါ်ကျွဲဆန်နှင့် ငစိန်ဆန်မှာ ဈေးနှုန်းပြောင်းလဲမှုမရှိသော်လည်း ဧည့်မထန်ဆန်မှာ တစ်အိတ်လျှင် ၃၀၀၀ ကျပ်ခန့် ဈေးမြင့်လာခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့ သတ်မှတ်ရည်ညွှန်းဈေးနှုန်းများ ဈေးမြင့်လာခြင်းမှာ ပြည်ပမှ တင်သွင်းရသော ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ ဓာတ်မြေဩဇာ၊ စက်သုံးဆီနှင့် လယ်ယာသုံးသွင်းအားစုများဈေးမြင့်နေခြင်း၊ ဆန်ဟောင်းလက်ကျန်နည်း လာချိန်ဖြစ်ခြင်းတို့ကြောင့်ဖြစ်သည်။ အိမ်နီးချင်းနိုင်ငံများတွင်လည်း ဆန်ဟောင်းလက်ကျန် နည်းလာချိန်ဖြစ်ခြင်း၊ ရောင်းလိုအားနည်းလာခြင်းတို့ကြောင့် ပြည်ပပို့ကုန်ဆန်ဈေးနှုန်းများ မြင့်တက်မှုရှိလာကြောင်းလည်းသိရသည်။   အထက်ပါဆန်ဈေးနှုန်းများမှာ  စားသုံးသူရေးရာဦးစီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သတ်မှတ်ထုတ်ပြန်ထားသော ၂၀၂၄ ခုနှစ်၊ စက်တင်ဘာအတွက် သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်းများပင်ဖြစ်သည်။ နေပြည်တော်၊ မန္တလေး၊ ရန်ကုန်မြို့ကြီးများ၏ လက်လီဈေးကွက် များတွင် ရည်ညွှန်းဈေးနှုန်းများထက် ၈ ရာခိုင်နှုန်းခန့်သာ ပိုသောဈေးနှုန်းများဖြင့် လက်လီ ရောင်းချပေးနိုင်ရန်လည်း စီစဉ်ထားရှိပြီးဖြစ်သည်။ လစဉ်ထုတ်ပြန်သည့် ရည်ညွှန်ဈေးနှုန်းများ၊ စည်းကမ်းချက်များနှင့်အညီ ရောင်းချရန်နှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ အရည်အသွေး မမှန်မကန်ရောင်းချခြင်း၊ လိုက်နာဆောင်ရွက်မှုမရှိခြင်းတို့အပေါ် ထိရောက်စွာ အရေးယူမှုများ ပြုလုပ်နေသောကြောင့် ဆန်စက်များ၊ ဆန်အရောင်းဆိုင်များ၊ ကုန်သည်များနှင့် ဆန်လုပ်ငန်း ရှင်များမှ အလေးထားလိုက်နာဆောင်ရွက်ရန်လည်း အသိပေးတိုက်တွန်းထားကြောင်းသိရသည်။ ရန်ကုန်ဈေးကွက်သို့ ဖျာပုံ၊ မော်ကျွန်း၊ ဘိုကလေး၊ ကွမ်းခြံကုန်း၊ ဒေဒရဲ၊ ကော့မှူး၊ တွံတေး၊ ဝါးခယ်မ၊ မြောင်းမြ၊ ကျိုက်လတ် ၊ လပွတ္တာ၊ ရွှေဘိုဒေသများမှ ဆန်ဝင်ရောက်မှု နည်းခဲ့ကြောင်း သိရသည်။

အစေ့ထုတ်ပြောင်း

ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်တင်ပို့ခွင့်ကာလကုန်ဆုံးသွားပြီဖြစ်သော်လည်း ပြည်တွင်း၌ ပြောင်းအဟောင်းလက်ကျန်နည်းလာချိန်ဖြစ်ခြင်း၊ မွေးမြူရေးအစာစက်ရုံများမှ ပုံမှန်ဝယ်ယူမှုရှိ ခြင်း၊ သွင်းအားစုစရိတ်များနှင့်သယ်ယူပို့ဆောင်စရိတ်များဈေးမြင့်နေခြင်းတို့ကြောင့် အစေ့ထုတ် ပြောင်းဈေးနှုန်းများ ယခင်ရက်သတ္တပတ်၏ ဈေးနှုန်းများအတိုင်း ဈေးနှုန်းအမြင့်တွင် တည်ငြိမ် နေခဲ့သည်။  အစေ့ထုတ်ပြောင်း ၅၄ ပိဿာလျှင် ပျမ်းမျှဈေးနှုန်းမှာ ၉၃၉၆၀ ကျပ်ဖြစ်သည်။ ၎င်းဈေးနှုန်းမှာ ဩဂုတ် တတိယရက်သတ္တပတ်မှ ယခု စက်တင်ဘာ ဒုတိယရက်သတ္တပတ်တိုင်အောင် ဈေးငြိမ်အရောင်းအဝယ်ဖြစ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ပဲမျိုးစုံ

ပဲမျိုးစုံအဓိကဝယ်လက်ဖြစ်သော အိန္ဒိယနိုင်ငံတွင် စော၍စိုက်သော မတ်ပဲသစ်အချို့ ဈေးကွက်သို့ အဝင်ရှိလာခြင်းနှင့် အရည်အသွေးနိမ့်ခြင်းတို့ကြောင့် မတ်ပဲဈေးနှုန်းများ အနည်းငယ်ကျဆင်းလာချိန်ဖြစ်ခြင်း၊ မြန်မာပြည်တွင်း၌လည်း မတ်ပဲ(သင်္ဘောတင်)ဈေးနှုန်းများ ကျဆင်းလာချိန်ဖြစ်ခြင်းစသည့် အခြေအနေများကြောင့် မတ်ပဲ(သင်္ဘောတင်)ဈေးနှုန်းများ ယခင်အပတ်ထက်ဈေးနိမ့်ခဲ့ခြင်းဖြစ်သည်။ သို့သော် အိန္ဒိယနိုင်ငံတွင် ပွဲတော်ကာလအတွက် ပဲလိုအပ်ချက်များရှိခြင်းနှင့် မြန်မာမတ်ပဲဈေး အကျတွင် ဝယ်လိုအားရှိနေခြင်းကြောင့် ယခုရက်သတ္တပတ်၏ ကုန်စည်ဒိုင်ဖွင့်ရက် ၆ ရက် အတွင်း ကုန်သေတ္တာ ၁၆၀ လုံးခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရသည်။ မတ်ပဲ(သင်္ဘောတင်) တစ်တန်လျှင် ယခင်အပတ်ပျမ်းမျှဈေးနှုန်းမှာ ၄၁၂၁၀၀၀ ကျပ်ဖြစ်ပြီး ယခု အပတ်ဈေးနှုန်း ၃၉၁၅၀၀၀ကျပ်သို့ ရောက်ရှိဈေးနိမ့်ခဲ့သည်။ အလားတူပင် ပဲစင်းငုံ(သင်္ဘောတင်) ဈေးနှုန်းမှာ လည်း ဒေါ်လာငွေလဲနှုန်းများ ကျဆင်းလာချိန်ဖြစ်၍ ယခင်အပတ်ပျမ်းမျှဈေးနှုန်းများထက် ဈေးနိမ့်လာခဲ့သည်။သို့ရာတွင်ပြည်တွင်းလက်ကျန်မရှိသလောက်နည်းလာချိန်ဖြစ်ခြင်း၊တက်ဈေး ကို မျှော်၍ရောင်းလိုအားနည်းခြင်းတို့ဖြစ်ပေါ်ခဲ့ပြီး ယခုရက်သတ္တပတ်၏ ကုန်စည်ဒိုင် ဖွင့်ရက် ၆ ရက်အတွင်း အ ရောင်း အဝယ်ဖြစ်မှုမှာလည်း မရှိသလောက်နည်းခဲ့ကြောင်းသိရသည်။ ပဲစင်းငုံ (သင်္ဘောတင်)တစ်တန်လျှင် ယခင်အပတ်ပျမ်းမျှဈေးနှုန်းမှာ ၅၂၃၇၀၀၀ ကျပ်ဖြစ်ပြီး ယခု အပတ်ဈေးနှုန်းမှာ၄၈၉၅၀၀၀ ကျပ်သို့ ရောက်ရှိဈေးနိမ့်ခဲ့ခြင်းဖြစ်သည်။ ပဲတီရွှေဝါနှင့် ဘိုကိတ်ပဲ ဈေးနှုန်းများမှာ ပြည်တွင်းပြည်ပမှ ဝယ်လိုအားပုံမှန်သာရှိခြင်းကြောင့်  ရောင်းလိုအား၊ ဝယ်လို အားမျှကာ ယခင်ရက်သတ္တပတ်ဈေးနှုန်းများဖြင့်သာ ဈေးငြိမ်အရောင်းအဝယ်အေးခဲ့သည်။ပဲတီ ရွှေဝါ ၃ တင်း/ ၆၀ ပိဿာလျှင် ပျမ်းမျှ ဈေးနှုန်းမှာ ၂၉၇၉၀၀ ကျပ်ဖြစ်ပြီး ဘိုကိတ်ပဲ ၃ တင်း/ ၆၀ ပိဿာလျှင် ၃၆၀၀၀၀ ကျပ်ဖြစ်သည်။ ထောပတ်ပဲနှင့် ပဲလွမ်းဖြူမှာ ပြည်တွင်းစားသုံးသူများမှ  ဝယ်ယူမှုများခြင်းကြောင့် ယခင်အပတ်ထက်ဈေးမြင့်လာခဲ့သည်။ ထောပတ်ပဲ ၃ တင်း/ ၆၀ ပိဿာလျှင် ယခင်အပတ်ပျမ်းမျှဈေးနှုန်းမှာ ၃၇၅၆၀၀ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၃၇၈၉၀၀ ကျပ်ဖြစ်သည်။ ပဲလွမ်းဖြူ ၃ တင်း/ ၆၀ ပိဿာလျှင် ယခင်အပတ်ပျမ်းမျှဈေးနှုန်းမှာ ၂၈၇၄၀၀ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၂၈၉၉၅၀ ကျပ်ဖြစ်သည်။ ကုလားပဲမှာ ပြည်တွင်း ပြည်ပမှ ဝယ်လိုအားနည်းခြင်းကြောင့် ယခင်အပတ်ထက်ဈေးနိမ့်ခဲ့သည်။ ကုလားပဲခြမ်း တစ်ပိဿာလျှင် ယခင်အပတ်ပျမ်းမျှဈေးနှုန်းမှာ ၆၉၁၃ ကျပ်ဖြစ်ပြီး ယခုအပတ် ဈေးနှုန်းမှာ ၆၇၅၀ ကျပ်သို့ ရောက်ရှိဈေးနိမ့်လာခဲ့သည်။ ပဲပုပ်ပဲမှာ ပြည်တွင်းသုံးစွဲရန် ဝယ်ယူမှု များခြင်း ကြောင့် ယခင်အပတ်ထက်ဈေးမြင့်လာခဲ့သည်။ ပဲပုပ်ပဲ ၃ တင်း/ ၆၀ ပိဿာလျှင် ယခင်အပတ် ပျမ်းမျှဈေးနှုန်းမှာ ၃၉၅၁၀၀ ကျပ်ဖြစ်ပြီး ယခု အပတ်ဈေးနှုန်းမှာ ၄၀၉၉၅၀ သို့ ရောက်ရှိဈေးမြင့် ခဲ့သည်။

စားသုံးဆီ

ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သောနိုင်ငံများတွင် ဖြစ်ပေါ်လျက်ရှိသော ဈေးကွက် ဈေးနှုန်းများအပေါ် အခြေခံ၍ စားအုန်းဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း၊ လုပ်ငန်းကြီးကြပ်မှု ကော်မတီ၏ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၉  ရက်မှ စက်တင်ဘာ ၁၅  ရက်အထိ ကာလအတွက် ထုတ်ပြန်ထားသော ရန်ကုန်အထိုင်လက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၆၆၀၅ ကျပ်ဖြစ်သည်။ ယခင်အပတ်ဈေးနှုန်းမှာ ၆၄၉၀ ကျပ်ဖြစ်သည်။ ပြင်ပရှိ လက်လီဈေးကွက်တွင် သတ်မှတ်ထားသော ဆီဆိုင်အချို့၌ ရည်ညွှန်း ဈေးနှုန်းထက်များစွာ မကွာသောဈေးနှုန်းများဖြင့် စားအုန်းဆီများအား ရောင်းချပေးမှုပမာဏ မှာလည်း ယခင်ကာလများထက်လျော့နည်းလာကြောင်းသိရသည်။ မေလစတုတ္ထပတ်မှ စတင်ကာ စားအုန်းဆီရည်ညွှန်းဈေးနှုန်းများ တဖြည်းဖြည်းမြင့်တက်လာခြင်းဖြစ်သည်။ပြင်ပရှိ လက်လီ ဈေးကွက်တွင် စားအုန်းဆီ တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်
ဝန်းကျင်ရှိကြောင်းသိရသည်။

အေးသန္တာဝင်း