တောင်သူများ ဝင်ငွေတိုးစေရန်အတွက် တနင်္သာရီတွင် ကော်ဖီပင်နှင့်ကိုကိုးပင်များ တိုးချဲ့စိုက်ပျိုး

၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီ မြို့နယ်၌ ဒေသခံတောင်သူများ အပိုဝင်ငွေရရှိစေရေးအတွက် ကော်ဖီပင် ၁၉၇ ဧက စိုက်ပျိုး ခဲ့သည့်အပြင် ကိုကိုးပင် ဧက ၃၀ စိုက်ပျိုးနိုင်ရေးအတွက် တနင်္သာရီမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနက ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ကွမ်းသီးဈေးကျဆင်းမှုကြောင့် ဒေသခံတောင်သူများ၏ ဝင်ငွေလျော့နည်းသွားရသဖြင့် ၎င်းတို့၏ ဝင်ငွေတိုးပွားစေရေးအတွက် ကွမ်းသီးပင်များအကြား၌ ကော်ဖီပင်နှင့် ကိုကိုးပင်များ မျိုးစုံ ရောနှောစိုက်ပျိုးရန် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် တွန်းအားပေးခဲ့ကြောင်း၊ ထိုသို့ တွန်းအားပေးခဲ့ခြင်း၏ ရလဒ်အဖြစ် ယခုအခါ၌ ကော်ဖီပင်နှင့် ကိုကိုးပင် ဧက ၃၀ ခန့် တိုးချဲ့ စိုက်ပျိုးနိုင်ခဲ့ကြောင်းကို တနင်္သာရီမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ နယ်ဦးစီးမှူးဖြစ်သူ ဦးဇော်ဇော်က ပြောကြားသည်။
ယခုနှစ်တွင် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဒေသခံတောင်သူများ၏ ကြိုးပမ်းအားထုတ် မှုကို အထောက်အပံ့ ဖြစ်စေရန်အတွက် ကော်ဖီပျိုးပင် ၈၅၀၀၀ နှင့် ကိုကိုးပျိုးပင် ၁၂၀၀၀ ကို အခမဲ့ ထောက်ပံ့ကူညီပေးခဲ့ကြောင်း၊ လျာထား စိုက်ဧကပြည့်မီရန်အတွက် ယခုနှစ်ကုန်တွင် ကော်ဖီ နှင့် ကိုကိုးစိုက်ခင်းဧကပေါင်း ၂၂၇ ဧက စိုက်ပျိုးမည်ဖြစ်ကြောင်း သိရှိရပါသည်။
တနင်္သာရီမြို့နယ်တွင် ရော်ဘာနှင့် ကွမ်းသီးပင်များသည် အဓိကနှစ်ရှည်သီးနှံများ ဖြစ်ကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ရော်ဘာစိုက်ခင်းများနှင့် ကွမ်းသီးစိုက်ခင်းများ ကြားတွင် ရောနှောသီးနှံများအဖြစ် ကော်ဖီနှင့်ကိုကိုးစိုက်ပျိုးခြင်းကို တွန်းအားပေးခြင်းဖြင့် မြေယာ အသုံးချမှု ပိုမို ကောင်းမွန်စေခြင်း၊ တောင်သူများ၏ ဝင်ငွေတိုးပွားစေခြင်းနှင့် လူမှုစီးပွားဘဝ မြှင့်တင်ပေးနိုင်ခြင်းတို့ ဖြစ်စေနိုင်ကြောင်း၊ အဆိုပါ ပဏာမခြေလှမ်းအနေဖြင့် တောင်သူများအား နည်းပညာပံ့ပိုးခြင်းနှင့် ပျိုးပင်များ အခမဲ့ပေးခြင်းတို့ဖြင့် မြန်မာ့ကော်ဖီကို ကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်ရန် ကြိုးပမ်းလျက်ရှိကြောင်း သိရှိရပါသည်။
၂၀၂၄ ခုနှစ်၊ ဩဂုတ် ၃၁ ရက်နေ့အထိ ဒေသခံတောင်သူများအနေဖြင့် ကော်ဖီစိုက်ခင်း ၁၉၇ ဧကနှင့် ကိုကိုးစိုက်ခင်း ၃၀ ဧကအား လျာထားချက်ပြည့်မီအောင် စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ဥယျာဉ်ခြံသီးနှံစိုက်ခင်း စုစုပေါင်း ၁၁၄ ဧကနှင့် သစ်တောကြိုးဝိုင်း ၁၈၃ ဧကတွင် ကော်ဖီပင်နှင့် ကိုကိုးပင် ၂၂၇ ဧကအား စိုက်ပျိုးထားကြောင်း သိရှိရသည်။
နှင်းရီဝင်း
https://www.gnlm.com.mm/taninthayi-township-expands-coffee-and-cocoa-cultivation-to-boost-farmers-income/