အမရပူရတွင် အင်ဂျင်သုံး ၆ တန်းသွား လက်ဆွဲကောက်စိုက်စက်ဖြင့် မိုးစပါး စိုက်ပျိုးခြင်း သရုပ်ပြပွဲကျင်းပ
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်အတွင်း ဒေသခံတောင်သူများအနေဖြင့် လယ်ယာသုံးစက်ကိရိယာများကို တွင်ကျယ်စွာ အသုံးပြုလာစေရေး၊ လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ အသွင်ကူးပြောင်းဆောင်ရွက်နိုင်ရေး၊ လုပ်သားအင်အားရှားပါးမှု ပြဿနာ ဖြေရှင်းပေးနိုင်ရေး၊ အချိန်တိုအတွင်းစိုက်ဧကများစွာကို ထွန်ယက်စိုက်ပျိုးနိုင်ခြင်းနှင့် စပါးအထွက်နှုန်းကောင်းမွန်စေခြင်းစသည့် ကောင်းကျိုးများစွာရရှိစေရန် ရည်ရွယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှု လယ်ယာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ အင်ဂျင်စွမ်းအားသုံး ၆ တန်းသွားလက်ဆွဲကောက်စိုက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယနေ့နံနက်၉ နာရီတွင် အမရပူရမြို့နယ်၊ တမုတ်ဆိုးကျေးရွာအုပ်စု၊ ဂျိုရွာကျေးရွာ၊ ကွင်း အမှတ် ၅၇၀-ခ၊ ပေါက်အင်းကွင်း၊ ဦးပိုင်အမှတ် ၄၆/၁ ရှိ ဒေသခံတောင်သူ ဦးမြင့်မောင်၏ လယ်မြေ ၃ ဧက၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါသရုပ်ပြပွဲတွင် မန္တလေးစက်မှုဇုန်၊ ဇွန်ငါးပွင့်စက်မှုလက်မှုလုပ်ငန်း (စိန်ပန်းအဖွဲ့) မှ ထုတ်လုပ်ထားသည့် အင်ဂျင်စွမ်းအားသုံး ၆ တန်းသွား ကောက်စိုက်စက်အသုံးပြု၍ စိုက်ပျိုးရာတွင် စိုက်ခင်းလယ် မျက်နှာပြင် ညီညာရန် လိုအပ်ခြင်း၊ ပျိုးခင်းအတွက်နေရာ အနည်းငယ်သာလိုအပ်ခြင်း၊ မျိုးစေ့နှုန်းထားအနည်းငယ်ဖြင့်စပါးအထွက်နှုန်းကောင်းမွန်စေခြင်း၊ကောက် ကွက်နှင့် ကောက်ပင်အတိမ်အနက် လိုအပ်သလိုချိန်ညှိစိုက်ပျိုးနိုင်ခြင်း၊ ပျိုးသက်နုနုဖြင့် စိုက်ပျိုးခြင်း၊ ကောက်ပင်လှန်မြန်ခြင်းနှင့် ပင်ပွားအရေအတွက် ပိုမိုရရှိခြင်း၊ တစ်ဧက ကောက်ကွက် ပြည့်မီခြင်း၊ ရာသီဥတု ပြောင်းလဲလာသည်တို့တွင် အချိန်မီ စိုက်ပျိုးနိုင်ခြင်းနှင့် အင်ဂျင်စွမ်းအားသုံး ၆ တန်းသွား လက်ဆွဲကောက်စိုက်စက်၏ စက်မှုပိုင်းဆိုင်ရာ အချက်အလက်များကို မြို့နယ်ဦးစီးဌာနမှူး ဦးသွယ်မောင်မောင်ထွန်းမှ အသေးစိတ် ရှင်းလင်းပြောကြားသည်။
ဆက်လက်၍စိုက်ပျိုးရေးဦးစီးဌာန၊ဦးစီးမှူးဒေါက်တာမိုးဆွေရည်ကအကျိုးတူတောင်သူများအားဓာတ်မြေသြဇာများဖြန့်ဝေပေးခဲ့ပြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးမျိုးဇော်ဝင်းကရေပေးဝေနိုင်မှုအခြေ အနေများကိုရှင်းလင်းပြောကြားသည်။
အင်ဂျင်စွမ်းအားသုံး ၆ တန်းသွား လက်ဆွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲသို့ အမရပူရမြို့နယ် စိုက်ပျိုးရေးညှိနှိုင်းအဖွဲ့ဝင်များ၊ ကျေးရွာ ၅ ရွာမှ ဒေသခံတောင်သူများ စုစုပေါင်း ၃၇ ဦးခန့် စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုစိုက်ပျိုးခဲ့ကြောင်း သိရသည်။
စိုးသီဟ(အမရ)