မြောင်းမြတွင် Kubota ၆ တန်းသွား ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကျင်းပ

မြောင်းမြ၊ သြဂုတ်၂၀
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊မြောင်းမြမြို့နယ်အတွင်းဒေသခံ တောင်သူများ လယ်ယာသုံးစက် ကိရိယာများကို တွင်ကျယ်စွာ အသုံးပြုလာစေရေး၊ လက်မှုလယ်ယာမှ စက်မှုလယ်ယာစနစ်သို့ကူးပြောင်းနိုင်ရေး၊ လုပ်သားအင်အား ရှားပါးမှုပြဿနာ ဖြေရှင်းပေးနိုင်ရေး၊ မျိုးစပါးလေလွင့်ဆုံးရှုံးမှုနည်းပါးစေရေး၊ အချိန်တိုအတွင်း စိုက်ဧကများစွာကို စိုက်ပျိုးနိုင်ရေးနှင့် စပါးအထွက် နှုန်းကောင်းမွန်စေရေး စသည့်ကောင်းကျိုးများစွာ ရရှိစေရန် ရည်ရွယ်၍ စက်မှုလယ်ယာဦးစီး ဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်းလျက် မြောင်းမြ မြို့နယ်တွင် Kubota ၆ တန်းသွား ကောက် စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက ကျုံဝါးကျေးရွာအုပ်စု၊ မွေတော်အထက်ကွင်း၊ ကွင်းအမှတ် ၂၁၈/ ၁၅၃၆၊ ဦးပိုင်အမှတ် ၁၂/၁၇ ရှိ ဒေသ ခံတောင်သူ ဦးသိန်းဆိုင်ထွန်း ပိုင် လယ် ၇ ဧကတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရသည်။
အဆိုပါ သရုပ်ပြပွဲတွင် ၆ တန်းသွားလက်ဆွဲကောက်စိုက်စက်အသုံးပြု၍ စိုက်ပျိုးရာတွင် စိုက်ခင်းလယ်မျက်နှာပြင် ညီညာရန်လိုအပ်ခြင်း၊ ပျိုးဗန်းအတွင်းပျိုးထောင်ရသည့်အတွက် နေရာအနည်းငယ်သာလိုအပ်ခြင်း၊ မျိုးစေ့နှုန်းထား အနည်းငယ်သာလိုအပ်ပြီး စပါးအ ထွက်နှုန်းကောင်းမွန်စေခြင်း၊ ကောက်ကွက်နှင့် ကောက်ပင်အ တိမ်အနက် လိုအပ်သလို ချိန်ညှိစိုက် ပျိုးနိုင်ခြင်း၊ ပျိုးသက်နုနုဖြင့် စိုက်ပျိုးခြင်းကြောင့် ပင်ပွားအရေအတွက်များများ ရရှိနိုင်ခြင်း၊ တစ်ဧကကောက်ကွက်ပြည့်မီခြင်း၊ အချိန်တိုအတွင်း ဧကများစွာ စိုက် ပျိုးနိုင်ခြင်း စသည့်အကျိုးကျေးဇူးများနှင့် Kubota (၆)တန်းသွား ကောက်စိုက်စက်၏ စက်မှုပိုင်းဆိုင်ရာ အချက်အ လက်များကို တိုင်းဒေသကြီးဦးစီး ဌာနမှူး - ဦးလှထွန်းမှ အသေးစိတ်ရှင်းလင်းပြောကြားသည်။
သရုပ်ပြပွဲသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းမှ ဦးဆောင်တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးစက်မှုလယ်ယာဦးစီးဌာနမှုး၊ မြို့နယ်စိုက်တိုးမြှင့်အဖွဲဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာ ၁၀ ခုမှ ဒေသခံ တောင်သူ ၁၀၀ ဦးခန့် စိတ်ပါဝင်စားစွာလာရောက်ကြည့်ရှု့ခဲ့ကြကြောင်း သိရှိရသည်။
AMD