ရုရှားဓာတ်မြေသြဇာများ တင်သွင်းမှု အီးယူ တိုးမြှင့်ခဲ့

ရုရှားဓာတ်မြေသြဇာများ တင်သွင်းမှု အီးယူ တိုးမြှင့်ခဲ့

ရုရှားနိုင်ငံမှ ဓာတ်မြေသြဇာများကို သုံးလကြာဝယ်ယူမှု ကျဆင်းပြီးနောက်၊ ဥရောပသမဂ္ဂ (EU)သည် ၂၀၂၄ ခုနှစ်၊ ဇွန်လတွင် ၎င်းတို့၏ တင်သွင်းမှုကို ၁၅ ရာခိုင်နှုန်း တိုးမြှင့်ခဲ့သည်။ 

အီးယူသည် မတ်လမှ မေလအထိ ရုရှားမှ ဓာတ်မြေသြဇာများဝယ်ယူမှုကို လျှော့ချခဲ့ပြီး ဇွန်လတွင် လစဉ်ဝယ်ယူမှုထက် ၁၅ ရာခိုင်နှုန်းတိုးလာကာ တန်ချိန်အားဖြင့် ၂၃၉,၀၀၀ တန်မှ ၂၇၅,၀၀၀ တန်အထိ တိုးမြှင့်ခဲ့သည်။ တန်ဖိုးအားဖြင့် ဓာတ်မြေသြဇာများ တင်သွင်းမှုသည် ယူရို ၉၀ ဒသမ ၁ သန်းအထိ တိုးလာခဲ့သည်။

ရုရှားဓာတ်မြေသြဇာများကို အဓိကဝယ်ယူသူမှာ ပိုလန်နိုင်ငံဖြစ်ပြီး တင်သွင်းမှုသည် ၁၄ ဒသမ ၂ ရာခိုင်နှုန်းတိုးလာခဲ့ကာ တန်ချိန် ၈၂,၂ဝဝ အထိရှိခဲ့သည်။ ဒုတိယအများဆုံး တင်သွင်းသူမှာ ဂျာမနီ နိုင်ငံဖြစ်ပြီး တစ်လအတွင်း ၄ ဒသမ ၁ ဆ တိုးလာခဲ့ကာ တန်ချိန် ၅၅,၉၀၀ အထိရှိခဲ့သည်။ ဘယ်လ်ဂျီယံ နိုင်ငံသည် တတိယအများဆုံးတင်သွင်းသူဖြစ်ပြီး တန်ချိန် ၃၃,၂ဝဝ အထိရှိခဲ့သည်။

၂၀၂၄ ခုနှစ် ပထမနှစ်ဝက်တွင် အီးယူသည် ရုရှားမှ ဓာတ်မြေသြဇာများကို ယူရို ၇၃၉ ဒသမ ၇ သန်း ဖိုးတင်သွင်းခဲ့ပြီး ယင်းသည် ယခင်နှစ်အလားတူကာလထက် လေးပုံတစ်ပုံပိုများခဲ့သည်။ ရုပ်ပိုင်း ဆိုင်ရာအရ ရုရှားဓာတ်မြေသြဇာ ဝယ်ယူမှုသည် ၁ ဒသမ ၅ ဆ တိုးလာပြီး တန်ချိန်အားဖြင့် ၂.၂ သန်းအထိ ရှိခဲ့သည်။

ရုရှားနိုင်ငံမှ ဓာတ်သတ္တုမြေသြဇာများ တင်သွင်းမှုတိုးလာရခြင်း အကြောင်းအရင်းနှစ်ခုရှိနိုင်ပြီး ပထမတစ်ခုမှာ အီးယူနိုင်ငံများရှိ ဓာတုစက်ရုံများသည် ဇွန်လတွင် ပြန် လည်ပြုပြင်ရန် ရပ်ဆိုင်းခဲ့ခြင်းနှင့် ဒုတိယတစ်ခုမှာ  ရုရှားဓာတုပစ္စည်းများ၏ ဈေးနှုန်းများသည် ဥရောပထုတ်ကုန်များနှင့် နှိုင်းယှဉ်ပါက ပိုမို ဆွဲဆောင်မှုရှိခြင်းတို့ဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ထားသည်။

ခွန်မျိုးသူ

https://ria.ru/20240819/evrosoyuz-1967182132.html