အိန္ဒိယတွင် သဘာဝရော်ဘာကုန်ကြမ်းလိုအပ်ချက်များပြားလျက်ရှိ ပြည်ပမှ အကောက်ခွန်လွတ် တင်သွင်းခွင့် ရော်ဘာလုပ်ငန်းရှင်များ တောင်းဆို

အိန္ဒိယတွင် သဘာဝရော်ဘာကုန်ကြမ်းလိုအပ်ချက်များပြားလျက်ရှိ ပြည်ပမှ အကောက်ခွန်လွတ် တင်သွင်းခွင့် ရော်ဘာလုပ်ငန်းရှင်များ တောင်းဆို

အိန္ဒိယနိုင်ငံတွင် သဘာဝရော်ဘာကုန်ကြမ်း လိုအပ်ချက်များပြားလျက်ရှိသည့်အတွက် ပြည်ပမှ အကောက်ခွန်လွတ်တင်သွင်းခွင့်ပြုရန် ရော်ဘာလုပ်ငန်းရှင်အသိုင်းအဝိုင်းမှ အစိုးရထံ တင်ပြတောင်းဆိုလိုက်ကြောင်း The Hindu Businessline သတင်းဌာနက ယခုလ ၁ ရက်က ဖော်ပြသည်။ 

ယခုနှစ် ဇွန်လတွင်သဘာဝရော်ဘာ ၆၀၀၀၀ တန်ထုတ်လုပ်ရန် မျှော်မှန်းထားသော်လည်း လက်တွေ့ ဈေးကွက်တွင် ၃၀၀၀၀ တန်သာ ရရှိနိုင်ဖွယ်ရှိသည်ဟု သဘာဝရာဘာသုံးစွဲသူများက ထောက်ပြခဲ့ကြောင်း အိန္ဒိယရော်ဘာဘုတ်အဖွဲ့က ပြောကြားခဲ့သည်။ သဘာဝရော်ဘာကို ဇူလိုင်လ တစ်လျှောက်လုံး လက်တွေ့ရောင်းချပေးနိုင်ခြင်းမျိုး မရှိခဲ့သည့်အတွက် အငယ်စားနှင့် အလတ်စား ရော်ဘာလုပ်ငန်းများဖြစ်ကြသည့် ကားတာယာကုမ္ပဏီများအပေါ် ရိုက်ခတ်မှုဖြစ်စေခဲ့ကြောင်း သိရသည်။

တာယာ ကုမ္ပဏီများအနေဖြင့် ပြည်တွင်း၌ သဘာဝရော်ဘာထုတ်လုပ်မှု လျော့နည်းနိုင်မည်ဟု ကြို တင်မျှော်မှန်း၍ ပြည်ပမှ ဝယ်ယူတင်သွင်းရန် လျာထားဆောင်ရွက်ခဲ့ကြသော်လည်း၊ သတ်မှတ်ထားသည့် အခြေခံပမာဏလောက်ကို ပြည်တွင်းမှ ရရှိရန် မျှော်မှန်းထားကြကြောင်း မော်တော် ကားတာယာထုတ်လုပ်သူများအသင်း (Auto-motive Tyre Manufacturers Association - ATMA) ညွှန်ကြား ရေးမှူးချုပ် Rajiv Budhraja က ပြောကြားခဲ့သည်။

မျှော်မှန်းထားသည့်အတိုင်း လိုအပ်သည့်ကုန်ကြမ်းပမာဏကို မရရှိနိုင်ပါက တာယာစက်ရုံ များ၏ ထုတ်လုပ်မှုကိုထိခိုက်စေနိုင်ကြောင်း၊ ATMA အသင်းဝင် တာယာကုမ္ပဏီအချို့သည် သဘာဝရော်ဘာကုန်ကြမ်း လိုအပ်သည့်ပမာဏမရရှိနိုင်သည့်အတွက် ၎င်းတို့၏ ထုတ်လုပ်မှုကို ၁၀ ရာခိုင်နှုန်းကျော် လျှော့ ချထုတ်လုပ်ခဲ့ရသည်ဟု ၎င်းက ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံတွင် ရော်ဘာကို ဆိပ်ကမ်းနှစ်ခုမှသာတင်သွင်းရန် ကန့်သတ်ထားသည့်အတွက် ပြည်တွင်းသယ်ယူပို့ဆောင်ရန် အချိန်ကြာမြင့်ကြောင်း၊ တာယာစက်ရုံများသည် အဆက်မပြတ် လည်ပတ်နေရသည့်အတွက် ကုန်ကြမ်းပြတ် လပ်မှုမရှိရန်လိုအပ်ကြောင်း ၎င်းက ဆက်လက်၍ ပြောကြားခဲ့သည်။ ပြည်တွင်း၌ ရော်ဘာနှင့် ရော်ဘာစေးရရှိမှု မသေချာသည့်အတွက် ကုန်ကြမ်းလက်ကျန် များများစားစား သိုလှောင်ထားရှိခြင်း မပြုနိုင်သည့် MSME ရော်ဘာလုပ်ငန်းများ အခက် အခဲတွေ့ကြကြောင်း အိန္ဒိယနိုင်ငံလုံးဆိုင်ရာ ရော်ဘာလုပ်ငန်းများအသင်း (All India Rubber Industries Association) ဥက္ကဌ Shashi Kumar Singh က ပြောကြားခဲ့သည်။

လက်ရှိတွင် ပြည်တွင်း သဘာဝရော်ဘာဈေးနှုန်းမှာ ၁၃ နှစ်တာကာလအတွင်း အမြင့်ဆုံးသို့ ရောက်ရှိလျက်ရှိကြောင်း၊ဈေးကွက်အတွင်း သဘာဝရော်ဘာနှင့် ရော်ဘာစေးပြတ်လပ်မှု မကြာခဏ ဖြစ်ပေါ်လျက်ရှိပြီး၊ ပြည်ပမှတင်သွင်းရာ တွင် အကောက်ခွန်နှုန်းထားကြီးမြင့်လျက်ရှိကြောင်း၊ အစိုးရအနေဖြင့် MSME ရာဘာလုပ်ငန်းများလည် ပတ် ဆောင်ရွက်နိုင်ရေး ပြန်လည်သုံးသပ် စဉ်းစားပေးစေ လိုကြောင်း ၎င်းကပြောကြားခဲ့သည်။

အိန္ဒိယရော်ဘာသုံးစွဲနေသူများအနေဖြင့် ပြည်တွင်းလိုအပ်ချက်ပြည့်မီစေရေးအတွက် သဘာဝရော် ဘာကိုအကောက်ခွန်လွတ်တင်သွင်း ခွင့်ပြုရန်နှင့် ဆိပ်ကမ်း ၂ ခုတည်းမှ တင်သွင်းရန် ကန့်သတ် ထားသည့်အချက်ကို ဖယ်ရှားပေးရန်အစိုးရထံတင်ပြတောင်းခဲ့ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံတွင် သဘာဝရော်ဘာကို ရော်ဘာဘုတ်အဖွဲ့မှ ခန့်မှန်းထားသည့် ပမာဏ၏ ထက်ဝက်ခန့်သာ ထုတ်လုပ်နိုင်သည်ကိုတွေ့ရှိရသည်။ လတ်တလောတွင် ပြည်တွင်းရော်ဘာဈေးနှုန်းများမြင့်တက်လျက်ရှိပြီး၊ မော်တော်ကားတာယာ စက်ရုံများ၌ သဘာဝရော်ဘာနှင့် ရော်ဘာစေးလိုအပ်ချက် ပြည့်မီမှုမရှိသည့်အတွက် ပြည်ပမှ ပိုမိုတင်သွင်းခွင့်ရရှိရေး ဖြေလျှော့ဆောင်ရွက်ပေးရန် အစိုးရထံတင်ပြတောင်းဆိုခဲ့ကြောင်း သိရှိရသည်။ သို့ဖြစ်ရာ မြန် မာနိုင်ငံမှ ရော်ဘာထုတ်လုပ်တင်ပို့ရောင်းချသူများအနေဖြင့် အိန္ဒိယနိုင်ငံသို့ သဘာဝရော်ဘာ ပိုမိုတင်ပို့နိုင်မည့် အခွင့်အလမ်း မကြာမီပေါ် ပေါက်လာနိုင်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။

ကောင်းထွဋ်အောင်