ငါး၊ ပုစွန် အစာအာဟာရ သင်တန်းဖွင့်လှစ်

နေပြည်တော်၊ ဩဂုတ် ၂၇
မွေးမြူရေးသုတေသနဦးစီးဌာနက သုတေသနနည်းပညာဖွံ့ဖြိုးရေးသင်တန်းအဖြစ် ဖွင့်လှစ်သည့် ငါး၊ ပုစွန် အစာအာဟာရ အမှတ်စဉ်-၁ ဖွင့်ပွဲကို ဩဂုတ် ၂၆ ရက်နေ့က နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ စိုက်ပျိုး ရေးသုတေသနဦးစီးဌာန သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ သင်တန်းဆရာ/ဆရာမများ ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာ၌ ပြည်သူများအတွက် နေ့စဉ်လိုအပ်လျက်ရှိသည့် စားရေရိက္ခာနှင့် အာဟာရစွမ်းအင်ဖြည့် ဆည်းပေးရာတွင် အရေးပါသော လယ်ယာ၊ သား၊ ငါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့်စဉ်ဆက်မပြတ်ထုတ်လုပ်နိုင်ရေးအတွက်မွေးမြူရေးကဏ္ဍတွင် အသုံး ချ သုတေသနနှင့် တီထွင်ဆန်းသစ်မှုကို အလေးပေးသည့် သုတေသနလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ သုတေသန လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဟန်ချက်ညီစွာ ဖော်ဆောင်နိုင်ရန် လိုအပ်သည့် အထောက်အကူပစ္စည်းများပြည့်စုံစေရေး၊ နည်းစနစ်များကို စနစ်တ ကျ ကျွမ်းကျင် ပိုင်နိုင်မှု ရှိစေရေး နှင့် စွမ်းဆောင်ရည် ပြည့်၀မှုရှိသည့် လူ သား အရင်းမြစ်ဖွံ့ဖြိုးရေး (Human Resource Development-HRD) အစီအမံများကို မိမိတို့ဝန်ကြီးဌာနအနေဖြင့် ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုကျင်းပပြုလုပ်သည့် ငါး၊ ပုစွန် အစာအာဟာရ သင်တန်းတွင် သင်တန်းသားများအနေဖြင့် စိတ်အားထက်သန်စွာလေ့လာ ဆည်းပူးရန် လိုအပ်သကဲ့သို့ သင် တန်း ပို့ချချက်များမှ ရရှိလာသည့် အခြေခံအချက်အလက်များ၊ နည်းလမ်းများ အပေါ်မူတည်ပြီး ပိုမိုကျွမ်းကျင်မှုရှိလာကြစေရေးအတွက် စဉ်ဆက်မပြတ် ဆက်လက် လေ့လာဆည်းပူးသွားကြရန် တိုက် တွန်းပါကြောင်းပြောကြားသည်။
ဆက်လက်၍ မွေးမြူရေးသုတေသနဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းအပေါ် အထောက်အကူပြုနိုင်မှုကို ရှင်းလင်းတင်ပြသည်။
ဩဂုတ်၂၆ ရက်နှင့် ၂၇ ရက်နေ့ တို့တွင် ဌာနတွင်းသုတေသီပညာရှင်များက ငါး၊ ပုစွန် အစာအာဟာရဆိုင်ရာ လက်တွေ့သုတေသနလုပ်ငန်းများ ဆောင်ရွက်ရာတွင် သီအိုရီယူဆချက်များကိုအခြေခံပြီး နည်း စနစ်တကျ မှန်မှန် ကန်ကန် ဆောင် ရွက်နိုင်ရန် ပို့ချပေးသွားမည့် အဆိုပါသင်တန်းသို့ မွေးမြူရေးသုတေသနဦးစီးဌာန နှင့် ငါးလုပ်ငန်းဦးစီးဌာနတို့မှ သင်တန်းဝင်၂၂ ဦး နှင့် အွန်လိုင်းစနစ်ဖြင့် ၁၈ ဦး တက်ရောက် လေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။
MOALI