နေကြာသီးနှံ ဧက ၃သန်း တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် ဝါသီးနှံ ဧက ၇သိန်း စိုက်ပျိုးထုတ်လုပ်နိုင်ရေး ကြိုးပမ်း

နေပြည်တော်၊ ဩဂုတ် ၂၁
ဆီထွက်သီးနှံ နေကြာနှင့် ဝါသီးနှံတိုးချဲ့စိုက်ပျိုးရေး ၊ အထွက်နှုန်းတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ် ၂၁ ရက်နေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ ၊ စိုက်ပျိုးရေးဦးစီးဌာန ဌာနခွဲ ညွှန်ကြားရေးမှူးများနှင့် တိုင်းဒေသကြီး ပြည်နယ်ဦးစီးမှူးများ ၊ ဆီထွက်သီးနှံ အထူးဇုန်တာဝန်ခံများ နှင့် ဝါစီမံကိန်းတာဝန်ခံများ တက်ရောက်ကြသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးကအမှာစကား ပြောကြားရာ၌ တိုင်းဒေသကြီး ပြည် နယ်များအနေဖြင့် ဧရိယာအလိုက် စိုက်ပျိုးဖြစ်ထွန်းနိုင်သည့်သီးနှံ အမျိုးအစား ခွဲခြားစိစစ်ပြီး စိုက်ပျိုးမြေဧရိယာ စာရင်းဇယားအမှန် ကို ပြန်လည် စိစစ်ရန်လိုကြောင်း၊ စိုက် ပျိုးနိုင်သည့် မြေဧရိယာအားလုံး ကွက်ပြည့်စိုက်ပျိုးလုပ်ကိုင် နိုင်ရေး ကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စိုက်ဧကတိုးချဲ့ခြင်းထက် လက်ရှိစိုက်ပျိုး မြေ တစ်ဧကချင်းကို အထွက်နှုန်းတိုးတက်အောင်ဆောင်ရွက်ပြီး အဓိကသီးနှံ ၁၀မျိုး ၏ ပန်းတိုင်အထွက်ရရှိရေး အလေး ထားဆောင်ရွက်ရန် ဖြစ်ကြောင်း၊ ရာသီဥတုဖောက်ပြန်ခြင်းကြောင့် အချို့ဒေသတွင်ထုတ်လုပ်မှုကျဆင်းနိုင်သော်လည်း အခြားဒေသများ၏ ထုတ်လုပ်မှုမြှင့်တင်နိုင်ခြင်းဖြင့် တစ်နိုင်ငံလုံး၏ စုစုပေါင်း စိုက်ပျိုး ထုတ်လုပ်မှုကို နှစ်အလိုက်တိုးတက်ရေး ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ပြည်တွင်းစားသုံးဆီဖူလုံရေး အတွက် ဆီထွက်သီးနှံအထူးဇုန်များ လျာထား ဧကပြည့်စိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းအတိုင်းထွက်ရှိရန် စီမံဆောင်ရွက်ရမည် ဖြစ် ကြောင်း၊ အလားတူ ဆီထွက်သီးနှံအထူးဇုန်ပြင်ပ ပုံမှန်စိုက်ပျိုးလျက်ရှိသည့် ဧရိယာ အားလုံး ပုံမှန်အထွက်နှုန်းအောက် ကျဆင်းမှုမရှိစေရန်ကိုလည်းကြိုးပမ်းကြရန်လိုအပ်ကြောင်း၊ စိုက်ပျိုးသည့်သီးနှံ တစ်ဧကချင်းအပေါ်၌ ဆီအများဆုံးပမာဏ ထုတ် လုပ်ပေးနိုင်သည့် နေကြာသီးနှံတိုးချဲ့စိုက်ပျိုးခြင်းကို မဖြစ်မနေ အ ကောင်အထည်ဖော်ရန်လိုအပ်သ ဖြင့် ရဟန်းရှင်လူ အများပြည်သူ၏ စားသုံးမှုလိုအပ်ချက်ကို ထောက် ထားပြီး တောင်သူများ ကိုယ်တိုင် နေကြာသီးနှံစိုက်ပျိုးထုတ်လုပ်မှုတွင် တက်ကြွစွာဆောင်ရွက်လုပ် ကိုင်လာစေရေး ဆွေးနွေး စည်းရုံး အားပေးဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ တောင်သူ၏ စိတ်ဝင်တစား စိုက်ပျိုးလိုမှု ဖြစ်ပေါ်လာစေရေးနှင့် နောက်ရာသီများတွင် နေ ကြာသီးနှံကို အောင်မြင်စွာ တိုးချဲ့စိုက်ပျိုးနိုင်ရန်တောင်သူ့ဝင်ငွေတွက်ခြေကိုက်စေမည့်နေကြာအထွက်နှုန်းရရှိစေရေးအတွက် မြေဆီလွှာစမ်းသပ်စစ်ဆေးပေးခြင်း၊ မျိုးကောင်းမျိုးသန့်မျိုးစေ့ရရှိရေး နှင့် အသုံးပြုသင့်သည့်သွင်းအားစုမြေဩဇာ အမျိုးအစား အချိုးအဆ ထောက်ခံချက်ပေးခြင်း စသဖြင့် မိမိတို့စွမ်းအားရှိသမျှအားထုတ်ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ ထို့အတူ နေကြာသီးနှံစိုက်ပျိုးဖြစ်ထွန်းရန် အလားအလာကောင်းသည့် စိုက်ပျိုးမြေဧရိယာရွေးချယ် သတ်မှတ်ခြင်းနှင့် စိုက်ပျိုးရေ ရရှိရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနများနှင့်ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဝါသီးနှံတိုးချဲ့စိုက်ပျိုးရေးနှင့်ပတ်သက်၍ ပြည်တွင်းအထည်အ လိပ်စက်ရုံများအတွက် လိုအပ်သည့် ဂွမ်းမွေးအရည်အသွေးထုတ်လုပ်ပေးနိုင်စေရန် ပြည်ပ ဝါမျိုးများ ပြောင်းလဲစိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ အရည်အသွေးကောင်း စပ်မျိုးချည်မျှင်ရှည်ဝါကို ဝါသီးနှံစိုက်ဧရိ ယာ၏ ၁၀ ရာခိုင်နှုန်း စိုက်ပျိုးရန် ဆောင်ရွက်လျက်ရှိပြီး ရေရှည်တွင် ပြည် တွင်းမျိုး ၈၀ ရာခိုင်နှုန်းနှင့် ပြည်ပမျိုး စပ်မျိုး ချည်မျှင်ရှည်ဝါ ၂၀ ရာခိုင်နှုန်း စိုက်ပျိုးထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သီးနှံ ဈေးနှုန်း မှန်ကန်စွာရရှိမှသာ အရည်အသွေးကောင်းသီးနှံ စိုက်ပျိုးထုတ်လုပ်မှုကို လက်တွေ့ ဖော်ဆောင်နိုင်မည်ဖြစ်၍ ဝါလုပ်ငန်းရှင်များ ၊ ဝါကြိတ်စက်ပိုင်ရှင်များ ၊ အဝယ်တော်များနှင့် တောင်သူများအကြား A-Grade , B-Grade , C-Grade စသည့် အရည်အသွေးကို အခြေခံသည့် ဈေးကွက်ဖော်ဆောင်နိုင်ရေး ညှိနှိုင်းကြပ်မတ်ပေးရန် လိုအပ်ကြောင်း၊ ဝါသီးနှံပန်းတိုင်အထွက် ရရှိရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အပင်ပြုစုခြင်း ရေသွင်းခြင်း ဆွတ်ခူးခြင်းဆိုင်ရာ နည်းပညာပေးခြင်း အသိပညာပေးခြင်းလုပ်ငန်းများကိုကြိုးစားဆောင်ရွက်ကြရန်လိုအပ် ကြောင်း၊ ဝါစေ့ဆီထုတ်လုပ်မှုကို ထိထိရောက်ရောက် အားပေးဆောင်ရွက်ရန်လိုအပ်ပြီး မျိုးစေ့အဖြစ် ပြန်လည်အသုံးပြုသည့်လုပ်ငန်းအား ပြဌာန်းထားသည့် မျိုးစေ့ဥပဒေနှင့်အညီဆောင်ရွက်ရန်နှင့် စပ်မျိုးဝါစေ့များကို မျိုးစေ့အဖြစ် ပြန်လည်အသုံးပြုခြင်း မရှိစေရေး ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ရန် အလေးအနက်ထား မှာကြားလိုကြောင်း၊ ယမန်နှစ်က အခြေအနေအမျိုးမျိုးကြောင့် သတ်မှတ်ဧကပြည့်မီစွာ စိုက်ပျိုးနိုင်ခဲ့ခြင်း မရှိသော်လည်း ယခုနှစ်အတွက် သတ်မှတ်ထားသော လျာထားဧကပြည့် အောင်မြင်စွာစိုက်ပျိုးထုတ်လုပ်နိုင်ရေး ကြိုးပမ်းသွားရန် ဖြစ်ကြောင်း၊ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုနှင့်သဘာဝဘေးကြောင့် ထိခိုက် ပျက်စီးမှုအပေါ် ဒေသအခြေအနေကို အခြေခံ၍ ပြန်လည်ကုစားနိုင်မည့်နည်းလမ်းကို တောင်သူများ သက်ဆိုင်ရာ ဌာန အဖွဲ့အစည်းများနှင့် ဝိုင်းဝန်းညှိနှိုင်းဆောင်ရွက်ရန် ဖြစ်ကြောင်းဖြင့် ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ပြည်နယ်ဦးစီးမှူးများ၊ ဆီထွက်သီးနှံ အထူးဇုန် တာဝန်ခံများနှင့် ဝါစီမံကိန်းတာဝန်ခံများ က ဆီထွက်သီးနှံ နေကြာ နှင့် ဝါသီးနှံတိုးချဲ့ စိုက်ပျိုးရေး၊ အထွက်နှုန်းတိုးတက်ရေး ဆောင်ရွက်ဆဲလုပ် ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို တင်ပြကြပြီး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက ဖြည့်စွက်ဆွေးနွေးတင်ပြသည်။
ထို့နောက် ဒုတိယဝန်ကြီးများ က လုပ်ငန်းရပ်တစ်ခုချင်းအပေါ် သုံးသပ်ဆွေးနွေး ၍ လုပ်ငန်းဆိုင်ရာလိုအပ်ချက်များ မှာကြားခဲ့ကြသည်။
ပြည်ပမှ စားအုန်းဆီတင်သွင်းမှုလျော့ချနိုင်ရေး နှင့် ပြည်တွင်း စားသုံးဆီ ဖူလုံမှုရှိစေရေး အတွက် ၂၀၂၂-၂၀၂၃ ခုနှစ်မှစ၍ နေကြာသီးနှံ ၁ ဒသမ ၅ သန်း တိုးချဲ့စိုက်ပျိုး ဆောင်ရွက်ခဲ့ရာ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆီထွက်သီးနှံများစိုက်ပျိုးခြင်းအတွက် ချေးငွေများထောက်ပံ့ပေးအပ် ဆောင် ရွက်လျက်ရှိပြီး ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာနှစ်တွင် နေကြာသီးနှံ ဧက ၃ သန်း တိုးချဲ့စိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ ပြည်တွင်းထုတ် ဝါများမှ ချည်ချောထုတ်လုပ်နိုင်ရေး နှင့် ယခင်က စိုက်ပျိုးခဲ့ သည့် ဝါသီးနှံစိုက်ပျိုးဧရိယာပြည့် ဧက၇ သိန်း ပြန်လည်စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် တောင်သူများကို မျိုး၊ နည်းပညာ၊ သွင်းအားစုများ ပံ့ပိုးကူညီ ဆောင်ရွက်ပေးနိုင်ရေး အစီအစဉ်များအား ယနေ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။
MOALI