အိန္ဒိယတွင် မိုးစိုက်သီးနှံဧရိယာ ဟက်တာ ၇၀၄ သိန်းအထိ မြင့်တက် ပဲမျိုးစုံ စိုက်ဧရိယာ တိုးလာသော်လည်း ဝါစိုက်ပျိုးမှုကျဆင်း

ယခုနှစ် မိုးရာသီအတွင်း အိန္ဒိယနိုင်ငံ၏ စုစုပေါင်း စိုက်ပျိုးဧရိယာမှာ ဟက်တာ ၇၀၄ သိန်း ကျော်သွားပြီဖြစ်ကြောင်း၊ ယင်းသည် ပြီးခဲ့သည့်ရာသီတွင် စိုက်ပျိုးခဲ့သည့် ဟက်တာ ၆၈၀ ဒသမ ၃၆ သိန်း မှ သိသိသာ သာမြင့်တက်လာခြင်းဖြစ်သည်ဟု စိုက်ပျိုးရေးနှင့် တောင်သူလယ်သမားများလူမှုဖူလုံရေးဝန်ကြီးဌာနမှ ထုတ်ပြန်သောအချက်အလက်များတွင် အဓိကဖော်ပြထားကြောင်း သိရှိရသည်။
ယင်းကိန်းဂဏန်းအချက်အလက်များအရ စပါးသီးနှံသည် ယခင်နှစ်က ဟက်တာ ၁၅၅ ဒသမ ၆၅ သိန်းမှ ယခုနှစ်ရာသီတွင် ဟက်တာ ၁၆၆ ဒသမ ၀၆ သိန်းအထိ တိုးမြှင့်စိုက် ပျိုးနိုင်ခဲ့ကြောင်း၊ ယင်း တိုးလာမှု သည် အိန္ဒိယနိုင်ငံ၏စိုက်ပျိုးရေးကဏ္ဍတွင် စပါး၏ဆက်လက်ထင် ရှားမှုကို ပြသနေကြောင်း ဖော်ပြထားပါသည်။
ပဲမျိုးစုံစိုက်ပျိုးမှုသည်လည်း သိသိသာသာမြင့်တက်လာခဲ့ပြီး ယခုနှစ်တွင် ပဲမျိုးစုံဟက်တာ ၈၅ ဒသမ ၇၉ သိန်း စိုက်ပျိုးထားကာ ယခင်ရာသီက စိုက်ပျိုးမှုဟက်တာ ၇၀ ဒသမ ၁၄ သိန်းထက် သိသိသာသာ တိုးလာခဲ့ကြောင်း၊ အဓိကပဲသီးနှံဖြစ်သည့် ပဲစဉ်းငုံစိုက်ပျိုးမှုသည် အထူးသိသာထင်ရှားစွာ မြင့်တက်လာခဲ့ပြီး ယမန်နှစ်က ဟက်တာ ၁၉ ဒသမ ၃၄ သိန်းသာ စိုက်ပျိုးရာမှ ယခုနှစ်တွင် ဟက်တာ ၃၃ ဒသမ ၄၈ သိန်း အထိ တိုးမြှင့်စိုက်ပျိုးထားကြောင်း၊ ဤသည်မှာ စားနပ်ရိက္ခာဖူလုံရေး၊ သွင်းကုန်လျှော့ချရန်နှင့် ပြည်တွင်းဝယ်လိုအားကို ဖြည့်ဆည်းပေးရန်အတွက် ပဲစိုက်ပျိုးမှုအပေါ် အလေးထားမှုကြီးထွားလာမှုကို ထင်ဟပ်စေကြောင်း ဖော်ပြထားပါသည်။
ကိန်းဂဏန်းအချက်အလက်များအရဆီထွက်သီးနှံစိုက်ပျိုးမှုမှာလည်း မြင့်တက်လာပြီး ယခင်ရာသီက ဟက်တာ ၁၅၀ ဒသမ ၉၁ သိန်းသာရှိရာမှ ယခုနှစ်တွင် ဟက်တာ ၁၆၃ ဒသမ ၁၁ သိန်းအထိ တိုး လာကြောင်း၊ ဆီထွက်သီးနှံစိုက်ပျိုးမှုတွင် ပဲပုပ်စိုက်ပျိုးမှု ကျဆင်းလာသော်လည်း မြေပဲစိုက်ဧရိယာ တိုးလာခဲ့ကြောင်း၊ ယင်းသို့ သီးနှံများပြောင်းလဲစိုက်ပျိုးမှုသည် လယ်သ မား၏ကြိုက်နှစ် သက်မှု (သို့မဟုတ်) စျေးကွက်အခြေအနေများက သီးနှံရွေးချယ်မှုအပေါ် သက်ရောက်မှုရှိသည်ကို ညွှန်ပြ နေကြောင်း ဖော်ပြထားပါသည်။
တစ်ချိန်တည်းတွင် ကြံစိုက်ဧရိယာမှာမူ တည်ငြိမ်လျက်ရှိကြောင်း၊ ယခုရာသီတွင် ကြံစိုက်ဧက ၅၇ ဒသမ ၆၈ သိန်း စိုက်ပျိုးထားပြီး ယခင်နှစ် ကိန်းဂဏန်းများထက် အနည်းငယ်သာ ပြောင်းလဲမှုရှိကြောင်း၊ ယင်းသည် ကြံအတွက် တည်ငြိမ်သောဝယ်လိုအားနှင့် တသမတ်တည်း ထုတ်လုပ်နိုင်မှုအဆင့်ကို ညွှန်ပြနေကြောင်းဖော်ပြထားသည်။
သို့ရာတွင် ဝါစိုက်ပျိုးမှုသည် ယခုရာသီတွင် လျော့နည်းသွားသည်ကို တွေ့ရှိရကြောင်း၊ ယမန်နှစ်က ဟက် တာ ၁၀၅ ဒသမ ၆၆ သိန်း စိုက်ပျိုးခဲ့ရာမှ ယခုနှစ်တွင် ဟက်တာ ၁၀၂ ဒသမ ၀၅ သိန်းသို့ လျော့ကျသွားခဲ့ကြောင်း သိရှိရသည်။
ယေဘုယျအားဖြင့် ဝန်ကြီးဌာန၏ အချက်အလက်များသည် မိုးရာသီအတွင်း လယ်သမားများ၏ စိုက်ပျိုး ရေးအလေ့အထနှင့် သီးနှံရွေးချယ်မှုအပြောင်းအလဲများကို အလေးထားဖော်ပြထား ကြောင်း၊ စပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံ စိုက်ဧရိယာများ တိုးလာခြင်းသည် အဆိုပါသီးနှံများအ တွက် အပြုသဘောဆောင်သော အလားအလာကို ညွှန်ပြနေကြောင်းနှင့် ဝန်ကြီးဌာနမှ ဖော်ပြထား သည့် အချက်အလက်များသည် ၂၀၂၄ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့အထိဖြစ်ကြောင်း သိရှိရသည်။
မျိုးမြင့်မောင်