ကော်ဖီစေ့အစိမ်းများဝယ်ယူရန်အမှာစာများ မြန်မာနိုင်ငံကော်ဖီအသင်း ရရှိ

ကော်ဖီစေ့အစိမ်းများဝယ်ယူရန်အမှာစာများ မြန်မာနိုင်ငံကော်ဖီအသင်း ရရှိ

ကော်ဖီစေ့အစိမ်းများကို ဝယ်ယူရန်အတွက် နိုင်ငံတကာမှ ဝယ်လက်များက မြန်မာနိုင်ငံ ကော်ဖီအသင်း (MCA) သို့ ဆက်သွယ်ခဲ့ပြီး မြန်မာနိုင်ငံကော်ဖီအသင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာနနှင့် ပြည်ထောင်စုမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်တို့မှတဆင့် ကော်ဖီစိုက်ပျိုးထုတ်လုပ်သူများနှင့် ရောင်းချသူစာရင်းများအား တောင်းခံလျက် ရှိကြောင်း သိရှိရသည်။

ထို့ကြောင့် ကော်ဖီအစိမ်းစေ့ထုတ်လုပ်သူများနှင့် ကုန်သည်များအား အမည်၊ ရာထူး၊ လုပ်ငန်း၊ စိုက်ပျိုးသူများအဖွဲ့၊ လိပ်စာ၊ နှစ်စဉ်ထုတ်လုပ်မှုနှုန်း၊ ဆက်သွယ်ရန်နံပါတ်နှင့် အီးမေးလ် လိပ်စာတို့ အပါအဝင် ရောင်းချသူများ၏ အချက်အလက်များကို မြန်မာနိုင်ငံကော်ဖီအသင်းက တောင်းခံထားကြောင်း၊ အသေးစိတ်အချက်အလက်များကို မြန်မာနိုင်ငံကော်ဖီအသင်း၏ အီးမေးလ် mca@myan mar coffee.org နှင့် Viber ဖုန်းနံပါတ် 09 951570777 မှတဆင့် စုံစမ်းမေးမြန်းနိုင်ကြောင်း သိရှိရသည်။

နိုင်ငံတကာဈေးကွက်တွင် အရည်အသွေးကောင်းသော အဆင့်မြင့်ကော်ဖီများ ထုတ်လုပ် နိုင်ရန် မြန်မာနိုင်ငံကော်ဖီအသင်းသည် ကော်ဖီထုတ်လုပ်မှုအပေါ် လွှမ်းမိုးမှုရှိသော အချက်များ ဖြစ်သည့် ကော်ဖီစိုက်ပျိုးခြင်းဆိုင်ရာ နည်းပညာနှင့် လက်တွေ့ကျသောချဉ်းကပ်မှုများ၊ ကော်ဖီ စံနှုန်းများ၏ အခြေခံမူများ၊ ကျင့်ထုံးများနှင့် ပတ်သက်သည့်သင်တန်းများ ပို့ချပေးလျက်ရှိပြီး ကော်ဖီ ထုတ်လုပ်မှုဆိုင်ရာ အကြောင်းရင်းများ၊ ကော်ဖီစေ့အမှည့်များ၏ ဝိသေသလက္ခဏာများ၊ ကော်ဖီခူးဆွတ်မှုနည်းလမ်းများနှင့် အကျိုးကျေးဇူးများ၊ ကော်ဖီစေ့နမူနာနှင့် အရည်အသွေး ထိန်းချုပ်မှု၊ ကော်ဖီစေ့အစိုဓာတ်တိုင်းတာသော ကိရိယာများအပြင် ‌ကော်ဖီရင့်မှည့်မှုကို စမ်းသပ်ရန်နှင့် အချို ဓာတ်ပါဝင်မှုကို တိုင်းတာရန် refractometer စသည့် ကော်ဖီခူးဆွတ်ခြင်း၊ ထုတ်လုပ်ခြင်း၊ ကော်ဖီစေ့လှော်ခြင်းမှ ပေါင်းစပ်ထုတ်လုပ်ခြင်းအဆင့်ထိ နည်းလမ်းများကို ပို့ချပေးလျက်ရှိကြောင်း သိရှိရသည်။

ဟေမန်အောင်မင်း

Global New Light of Myanmar(၁၈-၇-၂၀၂၄)