ပညာပေးရေးနှင့် သုတေသန လုပ်ငန်းများ ပံ့ပိုးမှုဆိုင်ရာ နို့စားနွားမွေးမြူရေးခြံ ထူထောင်ဆောင်ရွက်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် သည် တာဝန်ရှိသူများနှင့်အတူ ဇူလိုင်လ(၂၄)ရက်နေ့၊ နံနက်ပိုင်းတွင် နေပြည်တော် နို့စားနွားမွေးမြူရေးခြံ သို့ သွားရောက်ပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန နှင့် မြန်မာစီပီ မွေးမြူရေးလီမိတက် တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ပညာပေးရေးနှင့် သုတေသန လုပ်ငန်းများ ပံ့ပိုးမှုဆိုင်ရာ နို့စားနွားမွေးမြူရေးခြံ ထူထောင်ဆောင်ရွက်ရေး လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။
လုပ်ငန်းများကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများက နို့စားနွားမွေးမြူရေးခြံ ၏ ဆောင်ရွက်ဆဲ လုပ်ငန်းနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ မွေးမြူရေး ဆိုင်ရာဆေးတက္ကသိုလ်မှ ကျောင်းသားကျောင်းသူများအား ဖိတ်ခေါ် ၍ training program များကို စတင် လုပ်ဆောင်ခဲ့မှု ၊ ပြင်ပမှ လေ့လာသူ တောင်သူများအား ဖိတ်ခေါ်၍ ၎င်းတို့၏ မွေးမြူရေးစနစ်များ ပိုမိုကောင်းမွန်လာစေရေး အကူအညီ ဆောင်ရွက်ပေး နေမှု နှင့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မူလတန်းကျောင်းသားများအား နို့ နှင့် နို့ထွက်ပစ္စည်း အာဟာရ ကျွေးမွေးခြင်းနှင့် ခန္ဓာကိုယ် ဖွံ့ဖြိုးမှုဆိုင်ရာလေ့လာမှု မှတ်တမ်းများကို ရှင်းလင်း တင်ပြကြပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဖြည့်စွက် ရှင်းလင်း တင်ပြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး က အာဟာရပြည့်ဝပြီး ကျန်းမာရေးနှင့် ညီညွတ်သော မွေးမြူရေးထွက် စားသောက်ကုန်များတိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် ပြည်တွင်း ပြည်ပ ပူးပေါင်းဆောင်ရွက်မှုများနှင့် သုတေသနဖွံ့ဖြိုးရေးလုပ်ငန်းများကို အားပေးဆောင်ရွက် လျက်ရှိကြောင်း၊ ဌာန နှင့် ပုဂ္ဂလိကများ၏ သဘောတူညီချက်ပါအတိုင်း စနစ်တကျလိုက်နာ ဆောင်ရွက်ရေးနှင့် စီမံကိန်းလုပ်ငန်းများကို သတ်မှတ်ဘဏ္ဍာနှစ်အလိုက် ဥပဒေ စည်းမျဉ်း စည်းကမ်းများနှင့်အညီဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့်တာဝန်ရှိသူများသည် နို့စားနွားမွေးမြူထားရှိမှု ၊ နို့ညှစ်စက် ၊ နို့သန့် နို့ပေါင်းစက်ရုံတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် Myanmar C.P Livestock Limited တို့အကြား ပညာပေးရေးနှင့် သုတေသနလုပ်ငန်းများ ပံ့ပိုးမှုဆိုင်ရာ နို့စားနွားမွေးမြူရေးခြံ ထူထောင်နိုင်ရေး ပူးပေါင်းဆောင်ရွက်မှု နားလည်မှု စာချွန်လွှာအရ နို့စားနွားမွေးမြူရေးခြံအား မြန်မာနိုင်ငံ၏ စံပြမွေးမြူရေးခြံအဖြစ် တည်ထောင်ရန်၊ နို့စားနွားမွေးမြူးရေးပညာပေးအနေဖြင့် ဦးစီးဌာနမှ လေ့လာရေးလာရောက်သူများအား လေ့လာခွင့်နှင့် သုတေသနလုပ်ငန်းများ လုပ်ဆောင်ခွင့် ပြုရန်၊ ဦးစီးဌာန၏ အခြေခံကျောင်းများ ၌ နို့တိုက်ကျွေးရေးအစီအစဉ်များတွင် နို့စားနွား မွေးမြူရေးခြံမှ ထွက်ရှိသည့် နို့များအား ကူညီပံ့ပိုးပေးရန် ရည်ရွယ်ချက်များဖြင့် စီမံဆောင်ရွက် နေခြင်းဖြစ်ကြောင်း သတင်း ရရှိသည်။