ဇေယျာသီရိမြို့နယ် တောင်သူများ ပူးပေါင်းပါဝင်သော သက်လျင်အထွက်ကောင်းစပါးမျိုးများ ရွေးချယ်

ဇေယျာသီရိမြို့နယ် တောင်သူများ ပူးပေါင်းပါဝင်သော သက်လျင်အထွက်ကောင်းစပါးမျိုးများ ရွေးချယ်

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ် ၊ စိုက်ပျိုးရေးဦးစီးဌာန နှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာန မှ မျိုးမွေးမြူရေး ပညာရှင်များ သည် ဇူလိုင်လ (၂၆)ရက်နေ့ နံနက်ပိုင်းက နေပြည်တော် ဇေယျာသီရိမြို့နယ် သစ်တပ်ကျေးရွာ၌ စိုက်ပျိုးရေးဦးစီးဌာန နှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ထားသည့် တောင်သူများ ကိုယ်တိုင်ပါဝင်သော စပါးသားဆက် လိုင်းများ မွေးမြူရွေးချယ် ခြင်း သုတေသန စမ်းသပ်ကွက်တွင် အထွက်ကောင်း သက်လျင် စပါးမျိုး သားဆက် လိုင်းများ ရွေးချယ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် ချမှတ်ထားသောမူဝါဒ ကို အကောင် အထည်ဖော်ကြရမည့်အပြင် နည်းပညာ ဝန်ဆောင်မှုပေးကြမည့် သက်ဆိုင်ရာဌာနတာဝန် ရှိသူများ ၊ တောင်သူများ အားလုံး တစ်လမ်းတည်းသွားပြီး တစ်စိတ်တစ်ဝမ်းတည်း ဆောင်ရွက်ကြမှသာ မိမိတို့ရည်မှန်းချက် ပြည့်ဝအောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ စိုက်ပျိုးရေးဦးစီးဌာန မှ ဒေသတာဝန်ရှိသူများ ၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ သုတေသီများပူးပေါင်းပါဝင်သည့် တောင်သူ လယ်သမားများနှင့် ဆက်ဆံရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း ၊ 

သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေး အတွက် အဓိကမောင်းနှင်အားဖြစ်သော တောင်သူများကိုယ်တိုင် မိမိတို့စိုက်ပျိုးမည့်သီးနှံမျိုးကို ကိုယ်တိုင်ရွေးချယ်အသုံးပြုသည့် အလေ့အကျင့်ရှိရန်လိုကြောင်း၊ ထိုသို့ အလေ့အကျင့်ရှိရန်အတွက်  စိုက်ပျိုးရေးဦးစီးဌာန နှင့် စိုက်ပျိုးရေးသုတေသန ဦးစီးဌာနတို့ပူးပေါင်း၍ လေ့ကျင့်ပညာပေးခြင်း တောင်သူများ ထံမှ အတွေ့အကြုံနှင့် အကြံညာဏ်ကို ရယူဆောင်ရွက်လျက်ရှိကြောင်း ၊  သီးနှံအရည် အသွေး အထွက်နှုန်း နှင့် ပိုးမွှားရောဂါဒဏ် ခံနိုင်ရည်ရှိမှု မျိုးဗီဇအရည်အချင်းကို ကိုယ်တိုင် မျက်မြင်အကဲဖြတ်ရွေးချယ်ကြရန် လိုအပ်ကြောင်း၊ မိဘမျိုး နှစ်မျိုးနှင့်အထက် မျိုးစပ်၍ ရရှိလာသောသားဆက်လိုင်းမှဆင်းသက်လာသည့် မတူညီသော ဗီဇကွဲများကို ရွေးထုတ်ပြီး အကောင်းဆုံး စပါးသားဆက်လိုင်းများ အား မွေးမြူရွေးချယ်ခြင်းဖြစ်ကြောင်း၊ နေပြည်တော် ကောင်စီနယ်မြေတွင် (၆)မြို့နယ်၌ ဆောင်ရွက်လျက်ရှိပြီး ရရှိသည့် သားဆက်များ ကို အခြားသော တိုင်းဒေသကြီး ပြည်နယ်များတွင်လည်း တိုးချဲ့ဆောင်ရွက် သွားရမည်ဖြစ်၍ တောင်သူများပူးပေါင်းပါဝင်ကြစေရေးအတွက် စည်းရုံးလှုံ့ဆော် သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး နှင့် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးသုတေသန ဦးစီးဌာနတို့မှ ပညာရှင်များ၊ ဇေယျာသီရိမြို့နယ် မှ တောင်သူများ သည် စပါးသားဆက် လိုင်းများ မွေးမြူရွေးချယ်ခြင်း သုတေသန စမ်းသပ်ကွက်တွင် စိုက်ပျိုးထားသည့် သက်လျင် အထွက်ကောင်း စပါးမျိုးများ အား ကွင်းဆင်း ရွေးချယ်ခဲ့ကြကြောင်းသတင်းရရှိသည်။