စားနပ်ရိက္ခာဖူလုံရေး ဂျပန်အစိုးရနှင့် ကုန်သွယ်လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေး

စားနပ်ရိက္ခာဖူလုံရေး ဂျပန်အစိုးရနှင့် ကုန်သွယ်လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေး

ဂျပန်အစိုးရအနေဖြင့် ဂျပန်နိုင်ငံရှိ ပို့ကုန်သွင်းကုန်ကုမ္ပဏီကြီးများအား တွေ့ဆုံ၍ စားနပ်ရိက္ခာဖူလုံရေးဆိုင် ရာ မဟာဗျူဟာများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်းသိရသည်။

အဆိုပါ သတင်းတွင် ကမ္ဘာလုံးဆိုင်ရာ ပြိုင်ဆိုင်မှုများ ပြင်းထန်လာပြီး စားနပ်ရိက္ခာဖူလုံ ရေးအတွက် စိန်ခေါ်မှုများ ပိုမိုဖြစ်ပေါ်စေလျက် ရှိခြင်းကြောင့် ဂျပန်အစိုးရအနေဖြင့် ယခုကဲ့သို့ ဆွေး နွေးမှုများ ပြုလုပ်ရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

စိုက်ပျိုးရေးဝန်ကြီး Mr. Sakamoto Tetsushi က ဂျပန်နိုင်ငံအနေဖြင့် နိုင်ငံအတွက် လိုအပ်သည့် စားနပ် ရိက္ခာများကို ဈေးနှုန်းသက်သာစွာဖြင့် လိုအပ်သလောက် တင်သွင်းနိုင်တော့မည် မဟုတ်ကြောင်း၊ ကောက် ပဲသီးနှံတင်သွင်းနိုင်မှုအခြေအနေမှာ များစွာပြောင်းလဲလျက်ရှိကြောင်း၊ ထို့ကြောင့် ဂျပန်နိုင်ငံသို့ တင်ပို့မည့် ကောက်ပဲသီးနှံများကို သိုလှောင်ထိန်းသိမ်းရန်နှင့် တင်ပို့ရန် အတွက် လိုအပ်သည့် အခြေခံအဆောက်အဦများကို တင်ပို့မည့်နိုင်ငံများတွင် တည်ဆောက်နိုင်ရေး ပံ့ပိုးပေးသွားမည် ဖြစ်ကြောင်း ဂျပန်စိုက်ပျိုးရေးဝန်ကြီးကကတိပြုပြောကြားခဲ့ကြောင်း ဖော်ပြထားသည်။ 

ပို့ကုန်သွင်းကုန်ကုမ္ပဏီကြီးများအနေဖြင့် ဂျပန်နိုင်ငံသို့ ကုန်စည်တင်ပို့မည့်နိုင်ငံများတွင် ရထားလမ်းနှင့်ဆိပ်ကမ်းကဲ့သို့သော အခြေခံအ ဆောက်အဦများ တည်ဆောက်နိုင်ရေးအတွက် တရားဝင်ဖွံ့ဖြိုးမှု အကူ အညီ (Official Development Assistance)များပေးအပ်နိုင်ရေးအတွက်လည်း တောင်းဆိုခဲ့ကြကြောင်း၊ ထို့အတူ ဂျပန်နိုင်ငံတွင် လက်ရှိကျင့်သုံးလျက်ရှိသည့် ပို့ကုန်ဆိုင်ရာ စည်းမျဉ်းများနှင့် လုပ်ထုံး လုပ်နည်းများ ပိုမိုရှင်းလင်းလွယ်ကူလာစေရေးနှင့် ကောင်းမွန်လာစေရေးတို့အပြင် အဆိုပါလုပ်ငန်းစဉ်များကိုလည်း ဂျပန်နိုင်ငံသို့ ပို့ကုန်တင်ပို့လျက်ရှိသည့် နိုင်ငံများသို့ ဖြန့် ဝေပေးရန် တိုက်တွန်းခဲ့ကြောင်း ဖော်ပြထားပါသည်။ 

ဂျပန်နိုင်ငံအနေဖြင့် နိုင်ငံအတွက် လိုအပ်သည့် ဂျုံ၊ ပဲပိစပ်၊ အခြားသော ကောက်ပဲသီးနှံများနှင့် ဓာတ် မြေဩဇာများကို ပြည်ပမှ အဓိကတင်သွင်းသုံးစွဲလျက်ရှိကြောင်း၊ သို့သော် ကမ္ဘာ့လူဦးရေ တိုးပွားလာမှု၊ တရုတ်နှင့်အခြားသော ကမ္ဘာ့နိုင်ငံများ၏ ဝယ်လိုအား မြင့်မားလာမှုတို့ကြောင့် ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားမှုများ ကြုံတွေ့ရလျက်ရှိကြောင်း ဖော်ပြပါရှိသည်။ 

ဂျပန်နိုင်ငံတွင် စိုက်ပျိုးနိုင်သော မြေဧရိယာမှာ နိုင်ငံ့စုစုပေါင်းဧရိ ယာ၏ ၁၁ ဒသမ ၅ ရာခိုင် နှုန်းသာ ရှိပြီး ၄ ဒသမ ၃၃ သန်းဟက်တာဖြစ်သည်။ ဂျပန်နိုင်ငံတွင်နိုင်ငံ့လူဦး ရေအတွက် လုံလောက်စွာ စိုက်ပျိုး ထုတ်လုပ်နိုင်မှုမရှိဘဲ စားနပ်ရိက္ခာအတွက် ပြည်ပနိုင်ငံများမှ အဓိကတင်သွင်းရလျက်ရှိသည်။ ဂျပန်နိုင်ငံ၏ ပြည် တွင်းစားနပ်ရိက္ခာဖူလုံမှုနှုန်းမှာ ၃၈ ရာခိုင်နှုန်းရှိပြီး G-7 အဖွဲ့ဝင်နိုင်ငံများအကြား တွင် အနိမ့်ဆုံးနှုန်း ဖြစ်ပါသည်။ဂျပန်အစိုးရအနေဖြင့် စားနပ်ရိက္ခာဖူလုံမှုအချိုး(Self-Sufficiency Ratio) ကို ၂၀၃၀ ပြည့်နှစ်တွင် ၄၅ ရာခိုင်နှုန်းအထိ ရောက်ရှိစေရေး မျှော်မှန်းဆောင်ရွက်လျက် ရှိပြီး၊ နိုင်ငံ့စားနပ်ရိက္ခာဖူလုံစေရေးအား အရေးပေါ်လုပ်ငန်းစဉ်တစ်ရပ်အဖြစ်အလေး ထားဆောင်ရွက်လျက် ရှိသည်။

သူဇာဖြိုး

The NHK World Japan