ရန်ကုန်ဈေးကွက်

ဆန်
ယခုရက်သတ္တပတ်အတွက်ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်းလမ်း)တွင်ထုတ်ပြန်ထားသည့် ဆန်ဈေးနှုန်းများအရ ရွှေဘိုပေါ်ဆန်းဆန် အလတ်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၁၄၀၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၁၃၅၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဖျာပုံပေါ်ဆန်း အလတ်စတစ်တင်းခွဲ တစ်အိတ်လျှင် ၁၁၅၀၀၀ကျပ်နှုန်းနှင့် အောက်စတစ်အိတ် လျှင် ၁၁၀၀၀၀ကျပ်နှုန်းဖြင့်လည်းကောင်း၊ ပေါ်ကျွဲဆန် အလတ်စတစ်တင်းခွဲ တစ်အိတ်လျှင် ၁၀၂၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၁၀၀၀၀၀ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဧည့်မထ ဆန်ဟောင်း အလတ်စ တစ်တင်းခွဲတစ်အိတ်လျှင် ၇၇၀၀၀ ကျပ်နှင့် အောက်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၇၅၀၀၀ ကျပ်နှုန်းဖြင့် လည်းကောင်း ငစိန်ဆန် အလတ်စတစ်တင်းခွဲ တစ်အိတ် လျှင် ၇၃၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၇၂၀၀၀ကျပ်နှုန်းဖြင့်လည်း ကောင်း အသီးသီးရောင်းဝယ်လျက်ရှိကြောင်းသိရသည်။အထက်ပါဆန်ဈေးနှုန်းများမှာ ဆန်ဈေးနှုန်းများ တည်ငြိမ်ကျဆင်းစေရေး၊ စားသုံးသူပြည်သူများ သက်သာသော ဈေးနှုန်းများဖြင့် ဝယ်ယူစားသုံးနိုင်ရေး၊သိုလှောင်ဈေးကစားမှုများမဖြစ်ပေါ်စေရေးအတွက်မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံဆန်စပါးကုန် သည်များအသင်းတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် သတ်မှတ်ထားသော ရည် ညွှန်းဈေးနှုန်းများဖြစ်ပြီး ယခုဇူလိုင်လအတွက် သတ်မှတ်ထားသော ဈေးနှုန်း များပင်ဖြစ်သည်။ နေပြည်တော်၊ မန္တလေး၊ ရန်ကုန် မြို့ကြီးများ၏ လက်လီဈေးကွက်များတွင် ရည်ညွှန်းဈေးနှုန်းများထက် ၅ ရာခိုင်နှုန်းခန့်သာ ပိုသောဈေးနှုန်းများဖြင့် လက်လီရောင်းချပေးနိုင်ရန်လည်းစီစဉ်ထားရှိပြီးဖြစ်သည်။
ဆန်ဈေးနှုန်းများအား ရည်ညွှန်းဈေးနှုန်းများ သတ်မှတ်ထားခြင်းကြောင့် စပါးဈေးနှုန်းများအား ဈေးချ ဝယ်ယူမှုများလည်းရှိလာခဲ့ပြီး စပါးဈေးနှုန်းများမှာလည်း ယခင်လထက်ကျဆင်းလာခဲ့သည်။ ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတင်ပို့မှုမှာလည်း ပုံမှန်ရှိကြောင်းသိရသည်။ သိုလှောင်ထားရှိမှုများ အားလည်း စိစစ်လျက်ရှိကြောင်းသိရသည်။ ယခု နှစ်မိုးရာသီတွင် ပြည်တွင်းမတည်ငြိမ်မှုများရှိ ခြင်း၊ သယ်ယူပို့ဆောင်ရေးအခက်အခဲနှင့် သယ်ယူစရိတ်မြင့်ခြင်း၊ လယ်ယာလုပ်ငန်းလုပ်ကိုင် နိုင်သောဒေသများ ယခင်နှစ်ထက်လျော့နည်းလာခြင်း၊စိုက်ပျိုးထုတ်လုပ်နိုင်သော ဒေသများတွင်လည်း အလုပ် သမားရှားပါးခြင်း၊ စက်သုံးဆီဈေးနှုန်းများ မြင့်တက်ခြင်းနှင့် စက်သုံးဆီပြတ် လပ်မှုရှိခြင်း၊ ဓာတ်မြေဩဇာနှင့်ပိုးသတ်ဆေးများ ဈေးမြင့်ခဲ့ခြင်းကြောင့် စိုက်ဧကနှင့် အထွက် နှုန်းများလျော့နည်းလာနိုင်ဖွယ်ရှိခြင်းတို့ဖြစ်ပေါ်ခဲ့ပြီး ဆန်စပါးလှောင်လက်အများစုမှ ရောင်းလိုအားနည်းကာ ဆန်ဈေးနှုန်းများမြင့်တက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဆန်ကုန်စည်ဒိုင်နှင့် အသင်းဝင်ဆန်လက်လီဆိုင်အချို့၌လည်း ဧည့်မထဆန်တစ်ပြည် လျှင် ၃၀၀၀ ကျပ်နှုန်းနှင့် ရွှေဘိုပေါ်ဆန်း တစ်ပြည်လျှင် ၅၀၀၀ ကျပ်နှုန်းတို့ဖြင့် ၂၄-၆-၂၀၂၄ ရက်နေ့မှစတင်ကာ ရောင်းချပေးလျက်ရှိသည်။ ရန်ကုန်ဈေးကွက်သို့ ဖျာပုံ၊ မော်ကျွန်း၊ ဘိုကလေး၊ ကွမ်းခြံကုန်း၊ ဒေဒရဲ၊ ကော့မှူး၊ တွံတေး၊ ဝါးခယ်မ၊ မြောင်းမြ၊ ကျိုက်လတ် ၊ လပွတ္တာ၊ ရွှေဘိုဒေသ
များမှ ဆန်ဝင်ရောက်မှု ပုံမှန်ရှိကြောင်း သိရသည်။
အစေ့ထုတ်ပြောင်း
အစေ့ထုတ်ပြောင်းများအား ထိုင်းနိုင်ငံသို့ အကောက်ခွန်လွတ်တင်သွင်းခွင့်ရသော ကာလဖြစ်ခြင်း၊ အိန္ဒိယနိုင်ငံသိုလည်း အကောက်ခွန်လွတ်တင်ပို့မှုရှိခဲ့ခြင်း၊ ထိုင်း၊ အိန္ဒိယ၊ ဖိလစ်ပိုင်နိုင်ငံများသို့ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ဂိတ်အချို့မှ ပြောင်းတင်ပို့မှုရှိခြင်း၊ ပြည်ပငွေလဲနှုန်းများဈေးမြင့်နေခြင်းတို့ကြောင့် အစေ့ထုတ်ပြောင်းဈေးနှုန်းများ ယခင်အပတ် ထက် ဈေးမြင့်ခဲ့သည်။ ရန်ကုန်ဝန်းကျင်ဒေသများတွင်သာ ဈေးနှုန်းပြောင်း လဲမြင့်တက်လာခြင်း ဖြစ်ကြောင်းလည်းသိရသည်။ အစေ့ထုတ်ပြောင်း ၅၄ ပိဿာလျှင် ယခင်အပတ်ပျမ်းမျှ ဈေးနှုန်းမှာ ၇၆၁၄၀ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၇၇၇၆၀ ကျပ်သို့ ရောက်ရှိဈေးမြင့်ခဲ့ခြင်းဖြစ်သည်။
ပဲမျိုးစုံ
ပဲမျိုးစုံ အဓိကဝယ်လက်ဖြစ်သော အိန္ဒိယနိုင်ငံတွင် မိုးစိုက်ပဲဧကများ တိုးတက်မှုရှိခြင်း၊ နွေမတ်ပဲအချို့ ကုန်အဝင်ရှိချိန်ဖြစ်ခြင်း၊ မိုးစိုက်ပဲများ၏ အခြေခံဈေးနှုန်းများအား တိုးမြှင့် သတ်မှတ်ပေးထားခြင်းတို့ကြောင့် ပြည်ပပဲများအား ဝယ်ယူမှုနည်းကာ မတ်ပဲဈေးနှုန်းများ ယခင်အပတ်ထက် ဈေးနိမ့်လာခဲ့သည်။ ထို့ကြောင့် မြန်မာမတ်ပဲ(သင်္ဘောတင်)တစ်တန်လျှင် ယခင်အပတ်ပျမ်းမျှဈေးနှုန်း ၃၃၃၀၀၀၀ ကျပ်မှ ယခုအပတ်ဈေးနှုန်း ၃၃၀၉၀၀၀ ကျပ်သို့ ရောက်ရှိဈေးနိမ့်ခဲ့သည်။ အလားတူပင် အိန္ဒိယပြည်တွင်း၌ ပဲစင်းငုံ မိုးစိုက်ပဲဧကနှင့် မိုးစိုက်ပဲများ၏ အခြေခံဈေးနှုန်းများ တိုးမြင့်လာသော်လည်း ပဲစင်းငုံလိုအပ်ချက်ရှိခြင်းကြောင့် ပဲစင်းငုံဈေးနှုန်းများဆက်လက်မြင့်တက်ခဲ့သည်။ မြန်မာပြည်တွင်း၌လည်းပဲလက်ကျန်နည်းခြင်း နှင့် ငွေကြေးဈေးကွက်အခြေအနေများကြောင့် ရောင်းချသူနည်းပါးကာ ပဲစင်းငုံဈေးနှုန်းများ ယခင်အပတ်ထက် ဆက်လက်ဈေးမြင့်ခဲ့သည်။ ပဲစင်း ငုံ(သင်္ဘောတင်)တစ်တန်လျှင် ယခင် အပတ်ဈေးနှုန်းမှာ ၄၄၅၂၀၀၀ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၄၄၆၀၀၀၀ ကျပ်သို့ ရောက်ရှိ ဈေးမြင့်ခဲ့သည်။ယခုရက်သတ္တပတ်အတွင်းကုန်စည်ဒိုင်ဖွင့်ရက်၆ရက်ရှိခဲ့ပြီး မတ်ပဲ(သင်္ဘောတင်) မှာ ကုန်သေတ္တာ ၅ လုံးခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရသည်။ ပဲတီရွှေဝါဈေးနှုန်း များမှာလည်း တရုတ်နယ်စပ်လမ်း အခြေအနေများကြောင့် ဝယ်လိုအားကျဆင်းခဲ့သော်လည်း ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှ တစ်ဆင့် တရုတ်၊အိန္ဒိယ၊ အင်္ဂလန်၊ နယ်သာလန်တို့အပြင် ဥရောပနိုင်ငံများသို့ ပဲတင်ပို့မှုရှိခြင်းကြောင့် ပဲတီရွှေဝါဈေးနှုန်း များ ယခင်အပတ်ထက် ဆက်လက်ဈေးမြင့်လာခဲ့သည်။ပဲတီရွှေဝါ ၃ တင်း/ ၆၀ ပိဿာလျှင် ယခင်အပတ် ပျမ်းမျှဈေးနှုန်းမှာ ၂၁၇၅၀၀ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ၂၃၂၅၀၀ကျပ်သို့ ရောက်ရှိဈေးမြင့်ခဲ့သည်။ ပဲလွမ်းဖြူနှင့် ဘိုကိတ်ပဲမှာ စိုက်ပျိုးထုတ်လုပ်မှုနည်းသော ပဲအမျိုး အစားများဖြစ်ခြင်း၊ ကုန်ဝင်ရောက်မှုနည်းခြင်းနှင့် စားသုံးသူများမှ ဝယ်လိုအားများခြင်း တို့ကြောင့် ယခင်အပတ်ထက် ဈေးမြင့်ခဲ့သည်။ ပဲလွမ်းဖြူ ၃ တင်း/ ၆၀ ပိဿာလျှင် ယခင်အပတ်ပျမ်းမျှဈေးနှုန်းမှာ ၂၃၇၆၀၀ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်း မှာ၂၄၀၀၀၀ကျပ်သို့ ရောက်ရှိဈေးမြင့်ခဲ့သည်။ ဘိုကိတ်ပဲ ၃ တင်း/ ၆၀ ပိဿာလျှင် ယခင်အပတ် ပျမ်းမျှဈေးနှုန်းမှာ ၂၈၅၀၀၀ ကျပ်ဖြစ်ပြီး ယခုအပတ် ဈေးနှုန်းမှာ၂၈၇၅၅၀ ကျပ်သို့ ရောက်ရှိဈေးမြင့်ခဲ့သည်။ ပဲပုပ် ပဲမှာ ဈေးကွက်သို့ ကုန်အဝင် ပုံမှန်ရှိသော်လည်း လုပ်ငန်းသုံးသမားများမှ ပုံမှန်ဝယ်ယူမှုရှိခြင်းကြောင့် ယခင်အပတ်ဈေးနှုန်းများဖြင့်သာ ဈေးငြိမ်အရောင်း အဝယ်ဖြစ်ခဲ့သည်။ ထောပတ်ပဲနှင့် ကုလားပဲမှာ ပြည်တွင်းပြည်ပမှ ဝယ်လို အား နည်းခြင်းကြောင့် ယခင်အပတ်ထက် ဈေးနိမ့် ခဲ့သည်။ ထောပတ်ပဲ ၃ တင်း/ ၆၀ ပိဿာလျှင် ယခင်အပတ်ပျမ်းမျှဈေးနှုန်းမှာ ၄၂၇၈၀၀ ကျပ် ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၄၁၇၃၀၀ ကျပ်သို့ ရောက်ရှိဈေးနိမ့်ခဲ့သည်။ ကုလားပဲခြမ်း တစ်ပိဿာလျှင် ယခင်အပတ်ပျမ်းမျှ ဈေးနှုန်းမှာ ၅၅၇၅ ကျပ်
ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၅၅၆၃ ကျပ် ဖြစ်သည်။
စားသုံးဆီ
ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သောနိုင်ငံများတွင် ဖြစ်ပေါ်လျက်ရှိသော ဈေးကွက် ဈေးနှုန်းများအပေါ် အခြေခံ၍ စားအုန်းဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း၊ လုပ်ငန်းကြီးကြပ်မှု ကော်မတီ၏ ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၈ ရက်မှ ၁၄ ရက်အထိ ကာလအတွက် ထုတ်ပြန်ထားသော ရန်ကုန်အထိုင်လက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၅၃၉၀ ကျပ်ဖြစ်ပြီး ယခင်အပတ်ဈေးနှုန်းမှာ ၅၃၈၅ ကျပ်ဖြစ်သည်။ ယခင်အပတ်ထက် တစ်ပိဿာလျှင် ၅ ကျပ်နှုန်း ဈေးမြင့်လာခဲ့ခြင်းဖြစ်သည်။ ပြင်ပရှိ လက်လီဈေးကွက်တွင် သတ်မှတ်ထားသော ဆီဆိုင်အချို့၌ ရည်ညွှန်းဈေးနှုန်းထက် များစွာမကွာသော ဈေးနှုန်းများဖြင့် စားအုန်းဆီများအား ရောင်းချပေး လျက်ရှိသော်လည်း မေလစတုတ္ထရက်သတ္တပတ်မှ စတင်ကာ စားအုန်းဆီ ရည်
ညွှန်းဈေးနှုန်းများ လည်း တဖြည်းဖြည်း ဈေးမြင့်လာခဲ့ခြင်းဖြစ်သည်။
အေးသန္တာဝင်း