ရန်ကုန်ဈေးကွက်

ဆန်
ယခုရက်သတ္တပတ်အတွက်ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်းလမ်း)တွင်ထုတ်ပြန်ထားသည့် ဆန်ဈေးနှုန်းများအရ ရွှေဘိုပေါ်ဆန်းဆန် အလတ်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၁၅၀၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၁၄၀၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဖျာပုံပေါ်ဆန်း အလတ်စတစ်တင်းခွဲ တစ်အိတ်လျှင် ၁၃၀၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ် လျှင် ၁၂၅၀၀၀ကျပ်နှုန်းဖြင့်လည်းကောင်း၊ ပေါ်ကျွဲဆန် အလတ်စတစ်တင်းခွဲ တစ်အိတ်လျှင် ၁၀၃၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၁၀၂၀၀၀ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဧည့်မထ ဆန်ဟောင်း အလတ်စ တစ်တင်းခွဲတစ်အိတ်လျှင် ၇၇၀၀၀ ကျပ်နှင့် အောက်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၇၆၀၀၀ ကျပ်နှုန်းဖြင့် လည်းကောင်း၊ ငစိန်ဆန် အလတ်စတစ်တင်းခွဲ တစ်အိတ် လျှင် ၇၃၀၀၀ ကျပ်နှင့်အောက်စတစ်တင်းခွဲ တစ်အိတ်လျှင် ၇၂၀၀၀ကျပ်နှုန်းဖြင့် လည်းကောင်း အသီးသီး ရောင်းဝယ်လျက်ရှိကြောင်းသိရသည်။ယခင် ရက် သတ္တပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ငစိန်ဆန်တစ်မျိုးသာ တစ်အိတ်လျှင် ၂၀၀၀ ကျပ်ဝန်းကျင်ဈေးမြင့်ခဲ့ခြင်းဖြစ်သည်။ ကျန်ဆန်အမျိုးအစားများမှာ အရောင်းအဝယ်အေးသော်လည်း အမြင့်ဈေး၌ပင်တည်ငြိမ်လျက် ရှိနေသည်။ စပါးအရည်းအသွေး အနိမ့်စများခြင်းကြောင့် ဆန်ကြိတ်ခွဲရရှိမှုနည်းကာ ဆန်လတ်၊ ဆန်ကွဲအထွက်များခြင်း၊ လျှပ်စစ်မီးအခက်အခဲကြောင့် စပါးကြိတ်ခွဲ ရရှိမှုနည်းခြင်း၊ မိုးရွာသွန်းမှုများကြောင့် ဈေးကွက်သို့ ကုန်အဝင်နည်းခြင်း၊ သယ်ယူပို့ဆောင်စရိတ်များ ဈေးမြင့်နေခြင်း၊စားသုံးသူများမှ အရောင်းအဝယ်အေးခြင်း၊ အိမ်နီးချင်းနိုင်ငံများ၏ ပြည်ပတင်ပို့ ဈေးနှုန်းများမှာလည်း ဆန်သစ်ပေါ်ချိန်ဖြစ်ခြင်းနှင့် အရောင်းအဝယ်အေးခြင်းကြောင့် ဈေးငြိမ် နေခြင်းစသည့် အခြေအနေများဖြစ်ပေါ်ခဲ့ပြီး ပြည်တွင်းစားသုံးမှုများသော ဆန်ချော ဆန်ကြမ်း များအားလုံး အမြင့်ဈေးကွက်တွင်ပင် တည်ငြိမ်နေခြင်းဖြစ်သည်။ ပြင်ပရှိ လက်လီ ဈေးကွက် တွင် ဆန်တစ်ပြည်လျှင် အနိမ့်ဆုံးဈေးနှုန်းမှာ ၃၅၀၀ ကျပ်ဝန်းကျင်ဖြစ်ပြီး အမြင့်ဆုံးဈေးနှုန်းမှာ ၈၀၀၀ ကျပ်ဝန်းကျင်ဖြစ်သည်။ ရန်ကုန်တိုင်းအတွင်းရှိ စားသုံးသူပြည်သူများ သက် သာသော ဈေးနှုန်းများဖြင့် ဆန်ဝယ်ယူ စားသုံးနိုင်ရန်အတွက် မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းမှ ရန်ကုန်တိုင်းဒေသကြီးအတွင်းမြို့နယ် ၁၈ မြို့နယ်ရှိအသင်းဝင် ဆန်လက်လီဆိုင် ၅၈ ဆိုင်တွင် ဧည့်မထဆန် တစ်ပြည်လျှင် ၃၃၀၀ ကျပ်နှုန်းဖြင့် ၁၆-၂-၂၀၂၄ နေ့မှစတင်ကာ အပတ်စဉ် (သောကြာ၊ စနေ၊ တနင်္ဂနွေ) နေ့များတွင် ဆန်ရောင်းချပေးလျက် ရှိသည်။ ၎င်းဧည့်မထဆန်များအား ကြိုက်နှစ်သက်မှုနည်းကာ အရောင်းအဝယ် အေးလျက်ရှိကြောင်းသိရသည်။ရန်ကုန်ဈေးကွက်သို့ ဖျာပုံ၊ မော်ကျွန်း၊ ဘိုကလေး၊ ကွမ်းခြံကုန်း၊ ဒေဒရဲ၊ ကော့မှူး၊ တွံတေး၊ ဝါးခယ်မ၊ မြောင်းမြ၊ ကျိုက်လတ် ၊လပွတ္တာ၊ ရွှေူဘိုဒေသများမှ ဆန်ဝင်ရောက်မှု နည်းခဲ့ကြောင်း သိရသည်။
အစေ့ထုတ်ပြောင်း
အစေ့ထုတ်ပြောင်းများအား ထိုင်းနိုင်ငံသို့ အကောက်ခွန်လွတ်တင်သွင်းခွင့်ရသော ကာလဖြစ်ခြင်း၊ထိုင်း၊အိန္ဒိယ၊ ဖိလစ်ပိုင်နိုင်ငံများသို့ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ဂိတ်အချို့မှ တင်ပို့မှုရှိခြင်း၊ ထိုင်းနယ်စပ်တွင် ပြောင်းဈေးမြင့်လာခြင်း၊ ပင်လယ်ရေကြောင်းမှ တင်ပို့ရာတွင် ကုန်သေတ္တာရရှိမှုနှင့် ရာသီဥတုအပေါ်ချိန်ဆ၍ အချိန်မီဆောင်ရွက်ရခြင်းကြောင့် အစေ့ထုတ်ပြောင်းများအားဈေးကောင်းပေးဝယ်ယူမှုရှိလာခြင်းစသည့် အခြေအနေများကြောင့် အစေ့ထုတ်ပြောင်းဈေးနှုန်းများမှာ ယခင်အပတ်ထက် ဈေးမြင့်လာခဲ့သည်။ အစေ့ထုတ်ပြောင်း ၅၄ ပိဿာလျှင် ယခင်အပတ်ပျမ်းမျှဈေးနှုန်းမှာ ၇၀၇၄၀ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၇၅၀၆၀ ကျပ်သို့ ရောက်ရှိဈေးမြင့်ခဲ့သည်။ အချို့ဒေသများတွင်မူ တောင်သူများလက်ဝယ်ရှိ ပြောင်းများအားအနိမ့်ဈေးဖြင့်ရောင်းချပြီးပါမှ ပြောင်းဈေးမြင့်လာခြင်းကြောင့် တောင်သူအများစုမှာ အရှုံးနှင့်ရင်ဆိုင်ခဲ့ရပြီး လတ်တလောတွင်လည်း မျိုးစေ့နှင့် မြေဩဇာဈေးမြင့် နေခြင်းကြောင့် အစေ့ထုတ်ပြောင်း စိုက်ပျိုးမှုများလည်း လျော့နည်းလာဖွယ် ရှိကြောင်းသိရှိရသည်။
ပဲမျိုးစုံ
ပဲမျိုးစုံ အဓိကဝယ်လက်ဖြစ်သော အိန္ဒိယနိုင်ငံတွင် ရွေးကောက်ပွဲအပြီးတွင် ပဲဈေးများ မြင့်လာခြင်း၊ အစိုးရကထုတ်ပြန်ထားသော ကောက်ပဲ သီးနှံအထွက်နှုန်းကြိုတင်ခန့်မှန်းချက်အရ ပဲအထွက်နှုန်းများ ကျဆင်းမှုရှိခြင်း၊ ပဲလိုအပ်ချက်များခြင်း၊ မတ်ပဲအား မြန်မာနိုင်ငံအပြင် ဘရာဇီး၊ အာဂျင်တီးနားနိုင်ငံများမှ တင်သွင်းရန် ပြင်ဆင်မှုများရှိခြင်းတို့ဖြစ်ပေါ်ခဲ့သည်။ မြန်မာပြည်တွင်း၌လည်း ပဲဈေးနှုန်းများ လှုပ်ခတ်မှုများသော ကာလဖြစ်ခြင်း၊ ငွေဈေးနှင့် ရွှေဈေးနှုန်းအခြေအနေ များကြောင့် မတ်ပဲ(သင်္ဘောတင်)များ အရောင်းအဝယ်အေးကာ ဈေးနှုန်းများလည်း ဆက်လက် မြင့်တက်ခဲ့သည်။ မတ်ပဲ(သင်္ဘောတင်) တစ်တန်လျှင် ယခင်အပတ် ဈေးနှုန်းမှာ ၃၃၈၀၀၀၀ ကျပ် ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၃၄၃၉၀၀၀ ကျပ်ဖြစ်သည်။ ယခုရက်သတ္တပတ်အတွင်း ကုန်စည်ဒိုင်ဖွင့်ရက် ၆ ရက်ရှိခဲ့ပြီး ကုန်သေတ္တာ ၅၀ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့သည်။ အလားတူပင် ပဲစင်းငုံ(သင်္ဘောတင်)မှာလည်း အိန္ဒိယပြည်တွင်း၌ လိုအပ်ချက်ရှိခြင်း၊ မြန်မာပြည်တွင်း၌ လည်း ပဲဈေးများ မတည်ငြိမ်ခြင်း၊ ပြည်တွင်းလက်ကျန် နည်းခြင်း၊ ရောင်းလိုအားနည်းခြင်းတို့ကြောင့် ယခင်အပတ်ထက် ဈေးမြင့်လာခဲ့သည်။ ပဲစင်းငုံ (သင်္ဘောတင်)တစ်တန်လျှင် ယခင်အပတ်ဈေးနှုန်းမှာ ၄၄၅၅၀၀၀ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၄၆၂၅၀၀၀ ကျပ် ဖြစ်သည်။ ယခုရက်သတ္တပတ်အတွင်း ကုန်သေတ္တာ ၁၀ လုံးခန့်သာ အရောင်းအဝယ် ဖြစ်ခဲ့သည်။ ထို့အတူ ပဲတီရွှေဝါမှာလည်း အခြားသော ပြည်ပပို့ကုန်ပဲများနည်းတူ ဆက်လက်ဈေးမြင့်လာခဲ့သည်။ ပဲတီရွှေဝါ ၃ တင်း/ ၆၀ ပိဿာလျှင် ယခင်အပတ်ပျမ်းမျှဈေးနှုန်းမှာ ၂၁၂၅၅၀ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ၂၁၇၅၀၀ကျပ်သို့ ရောက်ရှိဈေးမြင့်ခဲ့သည်။ ထောပတ်ပဲ၊ ပဲလွမ်းဖြူ၊ ဘိုကိတ်ပဲများမှာ စိုက်ပျိုးထုတ်လုပ်မှု နည်း သော ပဲအမျိုးအစားများဖြစ်ခြင်း၊ ပဲအရည်အသွေးကောင်းခြင်း၊ ပဲလက်ကျန်နည်းလာခြင်းနှင့် ပြည်ပပို့ကုန်ပဲအများစု ဈေးမြင့်လာခြင်းတို့ကြောင့် ယခင်အပတ်ထက် ဆက်လက်ဈေးမြင့် လာခဲ့သည်။ ထောပတ်ပဲ ၃ တင်း/ ၆၀ ပိဿာလျှင် ယခင်အပတ်ပျမ်းမျှဈေးနှုန်းမှာ ၄၁၇၃၀၀ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ၄၂၇၈၀၀ကျပ်သို့လည်းကောင်း၊ ပဲလွမ်းဖြူ ၃ တင်း/ ၆၀ ပိဿာလျှင် ယခင်အပတ်ပျမ်းမျှဈေးနှုန်းမှာ ၂၂၀၀၅၀ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်း မှာ၂၂၇၄၀၀ကျပ်သို့ လည်းကောင်း၊ ဘိုကိတ်ပဲ ၃ တင်း/ ၆၀ ပိဿာလျှင် ယခင်အပတ် ပျမ်းမျှဈေးနှုန်းမှာ ၂၃၅၀၅၀ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ၂၅၅၀၀၀ ကျပ်သို့လည်းကောင်း အသိးသီး ရောက်ရှိဈေးမြင့်ခဲ့သည်။ ပဲပုပ်ပဲမှာလည်း ပဲလက်ကျန်နည်းလာခြင်း၊ ဆီကြိတ်ရန် ဝယ်ယူမှုများလည်းရှိခြင်း၊ ကုန်အဝင်ရှိသလောက် အဝယ်သွက်ခြင်းတို့ကြောင့် ယခင်အပတ် ထက် ဆက်လက်ဈေးမြင့်ခဲ့သည်။ ပဲပုပ်ပဲ ၃ တင်း/ ၆၀ ပိဿာလျှင် ယခင်အပတ်ပျမ်းမျှဈေးနှုန်း မှာ ၂၁၉၉၀၀ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ၂၂၉၉၅၀ကျပ်သို့ ရောက်ရှိဈေးမြင့်ခဲ့သည်။ ကုလားပဲမှာမူ ပဲအဝင်လှိုင်ခြင်း၊ ပဲခွဲစက်များမှ ဝယ်ယူမှုနည်းခြင်း၊ ပြည်တွင်းပြည်ပမှ ဝယ်လိုအား နည်းခြင်းတို့ကြောင့် ယခင်အပတ်ထက်ဈေးနိမ့်လာခဲ့သည်။ ကုလားပဲတစ်ပိဿာလျှင် ယခင်အပတ်ပျမ်းမျှဈေးနှုန်းမှာ၄၉၁၈ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၄၅၁၀ကျပ်သို့ရောက်ရှိ ဈေးနိမ့်ခဲ့သည်။
စားသုံးဆီ
စားအုန်းဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း၊ လုပ်ငန်းကြီးကြပ်မှု ကော်မတီ၏ ၂၀၂၄ ခုနှစ်၊ ဇွန် ၁၀ ရက်မှ ဇွန် ၁၆ ရက်အထိ ကာလအတွက် ထုတ်ပြန် ထားသော ရန်ကုန်အထိုင်လက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၅၃၆၅ ကျပ်ဖြစ်ပြီး ယခင်အပတ်ဈေးနှုန်းမှာ ၅၃၄၅ ကျပ်ဖြစ်သည်။ ယခင် အပတ်ထက် တစ်ပိဿာ လျှင် ၂၀ ကျပ် ဈေးမြင့်လာခဲ့ခြင်းဖြစ်သည်။ ပြင်ပရှိ လက်လီဈေးကွက်တွင် သတ်မှတ်ထားသော ဆိုင်အချို့၌ ရည်ညွှန်းဈေးနှုန်းထက် များစွာမကွာသော ဈေးနှုန်းများဖြင့် စားအုန်းဆီများအား ရောင်းချပေးလျက်ရှိသည်။ မေလ၏ စတုတ္ထရက်သတ္တပတ်မှစ၍ စားအုန်း ဆီရည်ညွှန်းဈေးနှုန်းများ ဈေးမြင့်လာသကဲ့သို့ ပြင်ပဈေး ကွက်တွင်လည်း ဆီဈေးနှုန်းများ သိသာစွာ ဈေးမြင့်လျက်ရှိပြီး နယ်ဈေးကွက်များတွင် ပိုမို ဈေးမြင့်လျက်ရှိသည်။
အေးသန္တာဝင်း