အိန္ဒိယ၏ ပြောင်းတင်ပို့မှု ၂၀၂၃-၂၀၂၄ တွင် အနိမ့်ဆုံးသို့ရောက်ရှိ

အိန္ဒိယ၏ ပြောင်းတင်ပို့မှု ၂၀၂၃-၂၀၂၄ တွင် အနိမ့်ဆုံးသို့ရောက်ရှိ

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် အိန္ဒိယနိုင်ငံမှ ပြောင်းတင်ပို့မှုသည် ပြီးခဲ့သည့်လေးနှစ်အတွင်း အနိမ့်ဆုံးသို့ရောက်ရှိပြီး၊ ၅၈ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရသည်။ အကြောင်းမှာ ပြည်တွင်း ပြောင်းဈေးနှုန်းများမြင့်တက်လာခြင်း၊ ပြောင်းစိုက်ပျိုးမှုကျဆင်းမှုတို့နှင့်အတူ အီသနောထုတ်လုပ်မှု၊ ကြက်မွေးမြူ ရေးနှင့် ကော်မှုန့်လုပ်ငန်းများမှ ဝယ်လိုအားမြင့်တက်လာမှုတို့ကြောင့်ဖြစ် ကြောင်း The Hindu businessline သတင်းဌာန ယခုလ ၃၀ ရက်နေ့က ဖော်ပြသည်။

အိန္ဒိယပြောင်း၏ အဓိကဝယ်လက်များဖြစ်သော ဘင်္ဂလားဒေ့ရှ်နှင့် ဗီယက်နမ်နိုင်ငံတို့က အခြားဈေးသက်သာသည့် နိုင်ငံများမှ ပြောင်းကို ပိုမိုဝယ်ယူလာကြသည့်အတွက် ပြောင်းတင်ပို့မှု ကျဆင်းလာခြင်းဖြစ်သည်။ ပြီးခဲ့သည့် ဘဏ္ဍာနှစ်က ပြောင်းတန်ချိန် ၃၄ ဒသမ ၅၃ သိန်း တင်ပို့ ရောင်းချခဲ့ရပြီး၊၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် တန်ချိန် ၁၄ ဒသမ ၄၂ သိန်းသာ တင်ပို့ရောင်းချခဲ့ရ ကြောင်း တရားဝင်အချက်အလက်များအရ သိရသည်။

တန်ဖိုးအားဖြင့် ယခင်ဘဏ္ဍာနှစ်က ကန်ဒေါ်လာ ၁၁၁၆ သန်း (ရူပီး ၈၉၈၇၀ သန်း) တင်ပို့ ရောင်းချခဲ့ရာမှ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ၄၄၃ သန်း (ရူပီး ၃၆၆၀၀ သန်း) သာ တင်ပို့ ရောင်းချခဲ့သည့်အတွက် ၆၀ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ကြောင်း သိရသည်။

ဗီယက်နမ်နိုင်ငံသည် အကြီးဆုံးဝယ်လက်ဖြစ်ပြီး ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် အိန္ဒိယပြောင်း တန်ချိန် ၆ ဒသမ ၈၈ သိန်း ဝယ်ယူခဲ့ကြောင်း၊ သို့သော် ယခင်ဘဏ္ဍာနှစ်က ဝယ်ယူသည့် ပမာဏ တန်ချိန် ၈ ဒသမ ၉၁ သိန်းထက် ၂၃ ရာခိုင်နှုန်း လျော့နည်းခဲ့ကြောင်း သိရသည်။

နီပေါနိုင်ငံသည် အိန္ဒိယပြောင်းကို ဝယ်ယူသည့် ဒုတိယအကြီးဆုံးဝယ်လက်ဖြစ်ကာ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် တန်ချိန် ၃ ဒသမ ၇၈ သိန်းဝယ်ယူခဲ့သည်။ ယခင်ဘဏ္ဍာနှစ်က တန်ချိန် ၃ ဒသမ ၉၁ သိန်း ဝယ်ယူခဲ့သည့်အတွက် ၃ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရသည်။

လွန်ခဲ့သောနှစ်အနည်းငယ်အတွင်းက အိန္ဒိယပြောင်းကို အများဆုံးဝယ်ယူခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ကမ္ဘာ့ဈေးနှင့်နှိုင်းယှဉ်လျင် အိန္ဒိ ယ ပြောင်းဈေးမှာ မြင့်မားလျက်ရှိသည့်အတွက် ဝယ် ယူမှု သိသိသာသာကျဆင်းခဲ့ကြောင်း သိရသည်။ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် အိန္ဒိယနိုင်ငံမှ ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ ပြောင်းတင်ပို့မှု တန်ချိန် ၂ ဒသမ ၀၈ သိန်းသာရှိခဲ့ပြီး၊ လွန်ခဲ့ သောနှစ်က တန်ချိန် ၁၇ ဒသမ ၀၉ သိန်းတင်ပို့ခဲ့သည့်အတွက် ၈၈ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ကြောင်း သိရသည်။

အိန္ဒိယပြောင်းသည်ပြည်တွင်းဈေးနှုန်းများမြင့်တက်လာမှုကြောင့် ကမ္ဘာ့ဈေးကွက်တွင် ယှဉ် ပြိုင်နိုင်မှုမရှိတော့သည့်အတွက် ယခုကဲ့သို့ ပြည်ပတင်ပို့မှု ကျဆင်းလာခြင်းဖြစ်ကြောင်း ကုန်သွယ်ရေးအရင်းအမြစ်များက ပြောကြားခဲ့သည်။ ထို့အပြင် ကြက်မွေးမြူရေး၊ ကော်မှုန့်နှင့် အီသနော ရော စပ်သည့်လုပ်ငန်းများမှ ဝယ်လိုအားမြင့်တက်လာသည့်အတွက် ပြည်တွင်း ပြောင်းဈေးနှုန်းများကို မြင့်တက်လာစေကြောင်း သိရသည်။

အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာန၏ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်အတွက် ပြောင်းစိုက်ပျိုးထွက်ရှိမှု ဒုတိယအကြိမ် ကြိုတင်ခန့်မှန်းချက်အရ ပြောင်းအထွက်နှုန်းမှာ ယခင်နှစ်က တန်ချိန် ၃၈၀ ဒသမ ၈၅ သိန်းရှိခဲ့ရာမှ ယခုနှစ်တွင် နွေပြောင်းတန်ချိန် ၂၇ ဒသမ ၂၁ သိန်း အပါအဝင် တန်ချိန် ၃၂၄ ဒသမ ၇၀ သိန်းသို့ လျှော့ကျခဲ့ကြောင်း သိရသည်။

၂၀၂၃-၂၄ ဘဏ္ဍာနှစ်၏ ခါရစ် (မိုး) ရာသီ ပြောင်းအထွက်နှုန်းမှာ တန်ချိန် ၂၂၇ သိန်းရှိပြီး၊ ယခင် နှစ်ကာလတူက ၂၃၆ ဒသမ ၇၄ သိန်းရှိခဲ့သည့်အတွက် ကျဆင်းခဲ့ကာ၊ ရာဘီ (ဆောင်း) ရာသီ ပြောင်းအထွက်နှုန်းမှာ ယခင်နှစ်က တန်ချိန် ၁၁၆ ဒသမ ၉ သိန်းရှိခဲ့ပြီး၊ ယခုနှစ်တွင် ၉၇ ဒသမ ၅၀ သိန်းသို့ ကျဆင်းခဲ့ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံတွင် ပြောင်းအဓိကစိုက်ပျိုးသည့် ပြည်နယ်များဖြစ်ကြသော Karnataka နှင့် Bihar ပြည်နယ်တို့အပါအဝင် အခြားပြည်နယ်အများအပြား၌ အယ်နီညိုကြောင့် ခြောက်သွေ့ သော ရာသီဥတုအခြေအနေနှင့် မိုးရေပုံမှန်မရရှိသည့်အတွက် ပြောင်းစိုက်ပျိုးထွက်ရှိမှုအပေါ် များစွာ ရိုက်ခတ်လျက်ရှိကြောင်း သိရသည်။

သို့ပါ၍ အိန္ဒိယနိုင်ငံတွင် ပြောင်းစိုက်ပျိုးထွက်ရှိမှုကျဆင်းကာ ပြည်ပသို့တင်ပို့ရောင်းချမှုလည်း ကျဆင်းလျက်ရှိခြင်း၊ ထို့အပြင် ပြည်တွင်း၌ တိရိစ္ဆာန်အစာ၊ အီသနောရောစပ်ခြင်းနှင့် စားသောက်ကုန်လုပ်ငန်းများမှ ဝယ်လိုအားတိုးမြင့်လာမှုကြောင့် ပြည်တွင်းပြောင်းဈေးနှုန်းများမြင့်တက်လာလျက်ရှိခြင်း အခြေအနေများသည် မြန်မာနိုင်ငံအနေဖြင့် အိန္ဒိယနိုင်ငံသို့ ပြောင်းတင်ပို့ရောင်းချနိုင်မည့် အခွင့်အလမ်းတစ်ခုဟုလည်း ရှုမြင်နိုင်မည်ဖြစ်ပါသည်။

ကောင်းထွဋ်အောင်

thehindubusinessline.com