ရန်ကုန်ဈေးကွက်

ရန်ကုန်ဈေးကွက်

ဆန်

ယခုရက်သတ္တပတ်အတွက်ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်းလမ်း)တွင်ထုတ်ပြန်ထားသည့် ဆန်ဈေးနှုန်းများအရရွှေဘိုပေါ်ဆန်းဆန် အလတ်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၁၅၀၀၀၀ ကျပ်နှုန်းနှင့် အောက်စ တစ်အိတ်လျှင် ၁၄၀၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဖျာပုံပေါ်ဆန်း အလတ်စတစ်တင်းခွဲ တစ်အိတ်လျှင် ၁၃၀၀၀၀ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၁၂၅၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ပေါ်ကျွဲဆန် အလတ်စတစ်တင်းခွဲ တစ်အိတ်လျှင် ၁၀၃၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၁၀၂၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဧည့် မထ ဆန်ဟောင်း အလတ်စ တစ်တင်းခွဲတစ်အိတ်လျှင် ၇၇၀၀၀ ကျပ် နှင့် အောက်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၇၆၀၀၀ ကျပ်နှုန်းဖြင့် လည်း ကောင်း၊ ငစိန်ဆန် အလတ်စတစ်တင်းခွဲ တစ်အိတ် လျှင် ၇၁၀၀၀ ကျပ်နှင့်အောက်စတစ်တင်းခွဲ တစ်အိတ်လျှင် ၇၀၀၀၀ ကျပ်နှုန်းဖြင့် လည်းကောင်း အသီးသီး ရောင်းဝယ်လျက်ရှိကြောင်းသိရသည်။ လျှပ်စစ်မီးအခက်အခဲကြောင့် စပါးကြိတ်ခွဲ ရရှိမှုနည်းခြင်း၊ မိုးရွာသွန်းမှုများကြောင့် ဈေးကွက်သို့ ကုန်အဝင်နည်းခြင်း၊ သယ် ယူပို့ဆောင် စရိတ်များ ဈေးမြင့်နေခြင်းတို့ကြောင့် ဆန်ချော၊ ဆန်ကြမ်းများအားလုံး ဈေးမြင့်လျက်ရှိပြီး စားသုံးသူများမှ ပုံမှန်ဝယ်ယူမှုသာရှိခြင်း၊ ပြည်ပတင်ပို့မှုမှာလည်း ပုံမှန်သာရှိခြင်းတို့ကြောင့် ယခင်အပတ်ဈေးနှုန်းများဖြင့်သာ ဈေးငြိမ်အရောင်းအဝယ်အေးလျက်ရှိသည်။ ပြင်ပရှိ လက်လီ ဈေးကွက်တွင်မူ ဖော်ပြပါဆန်ဈေးနှုန်းများထက် ဆန်တစ်အိတ်လျှင် ငွေကျပ် ၁၀၀၀၀ မှ  ၅၀၀၀၀ ကျပ်ခန့်အထိ ဈေးမြင့်ကွာဟလျက်ရှိသည်။ ပြင်ပရှိ လက်လီဈေးကွက်တွင် ဆန် တစ်ပြည်လျှင် အနိမ်ဆုံးဈေးနှုန်းမှာ ၃၅၀၀ ကျပ်ဝန်းကျင်ဖြစ်ပြီး ဈေးနှုန်းအမြင့်ဆုံးမှာ ၈၀၀၀ ကျပ်ဝန်းကျင်ဖြစ်သည်။ ရန်ကုန်တိုင်းအတွင်းရှိ စားသုံးသူပြည်သူများ သက်သာသော ဈေးနှုန်း များဖြင့် ဆန်ဝယ်ယူစားသုံးနိုင်ရန်အတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ဦးဆောင် လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းမှ ရန်ကုန် တိုင်း ဒေသကြီး အတွင်း မြို့နယ် ၁၈ မြို့နယ်ရှိ အသင်းဝင်ဆန်လက်လီဆိုင် ၅၈ ဆိုင်တွင် ဧည့်မထဆန် တစ်ပြည်လျှင် ၃၃၀၀ ကျပ်နှုန်းဖြင့် ၁၆-၂-၂၀၂၄ နေ့မှစတင်ကာ အပတ် စဉ် (သောကြာ၊ စနေ၊ တနင်္ဂနွေ) နေ့များတွင် ဆန်ရောင်းချပေးလျက်ရှိသည်။ ၎င်းဧည့်မထဆန်များအား စားသုံးသူများမှ ကြိုက်နှစ်သက်မှုနည်းကာ အရောင်းအဝယ်အေးလျက်ရှိကြောင်းသိရသည်။  ရန်ကုန်ဈေးကွက်သို့ ဖျာပုံ၊ မော်ကျွန်း၊ ဘိုကလေး၊ ကွမ်းခြံကုန်း၊ ဒေဒရဲ၊ ကော့မှူး၊ တွံတေး၊ ဝါးခယ်မ၊ မြောင်းမြ၊ ကျိုက်လတ် ၊လပွတ္တာ၊ ရွှေူဘိုဒေသများမှ ဆန်ဝင်ရောက်မှု နည်းခဲ့ကြောင်းသိရသည်။

အစေ့ထုတ်ပြောင်း

အစေ့ထုတ်ပြောင်းများအား ထိုင်းနိုင်ငံသို့ အကောက်ခွန်လွတ်တင်သွင်းခွင့်ရသော ကာလဖြစ်ခြင်း၊ထိုင်း၊ အိန္ဒိယ၊ ဖိလစ်ပိုင်နိုင်ငံများသို့ ပင်လယ်ရေကြောင်းနှင့်  နယ်စပ်ဂိတ်အချို့မှ တင်ပို့မှုရှိခြင်း၊ ထိုင်းနယ်စပ်တွင် ပြောင်းဈေးမြင့်လာခြင်း၊ ပင်လယ်ရေကြောင်းမှ တင်ပို့ရာ တွင် (ကွန်တိန်နာ)ကုန်သေတ္တာရရှိမှုနှင့် ရာသီဥတုအပေါ် ချိန်ဆ၍ အချိန်မီဆောင်ရွက်ရခြင်းကြောင့် ရန်ကုန်ဝန်းကျင်ရှိဒေသများမှ ပြောင်းများအား ဈေးကောင်းပေးဝယ်ယူမှုရှိလာခြင်းစသည့် အခြေအ နေများကြောင့် အစေ့ထုတ်ပြောင်းဈေးနှုန်းများမှာ ယခင်အပတ်ထက် ဈေးမြင့်လာခဲ့ ခြင်း ဖြစ်သည်။ အစေ့ထုတ်ပြောင်း ၅၄ ပိဿာလျှင် ယခင်အပတ်ပျမ်းမျှဈေးနှုန်းမှာ ၆၄၂၆၀ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၆၈၀၄၀ ကျပ်ဖြစ်သည်။ သယ်ယူစရိတ်မြင့်မားခက်ခဲသော ဒေသများတွင်မူ အစေ့ထုတ်ပြောင်းဈေးနှုန်းများမှာ ဈေးနိမ့်လျက်ရှိသည်။ အချို့ဒေသများတွင်မူ တောင်သူများလက်ဝယ်ရှိ ပြောင်းများအား အနိမ့်ဈေးဖြင့်ရောင်းချပြီးပါမှဈေးမြင့်လာ ခြင်းကြောင့် တောင်သူအများစုမှာ အရှုံးနှင့်ရင်ဆိုင်ခဲ့ရပြီး လက်ရှိတွင် မျိုးစေ့နှင့် မြေဩဇာဈေးမြင့်နေခြင်းကြောင့် အစေ့ထုတ်ပြောင်းစိုက်ပျိုးမှုမှာလည်း လျော့နည်းလာဖွယ် ရှိကြောင်းသိရှိရသည်။

စားဖိုဆောင်သီးနှံ

ငရုတ်ခြောက်(ရှည်)မှာ ပန်းရဲ၊ မြားနီ၊ ပန်းတနော်ငရုတ်များ ဈေး ကွက်သို့ ကုန်အဝင်ရှိ သော်လည်း မိုးရွာသွန်းမှုများကြောင့် ကုန်အဝင်နည်းလာကာ ယခင်အပတ်ထက်ဈေးမြင့်လာခဲ့သည်။ ငရုတ်ခြောက် (ပွ)မှာ မြစ်ဝ(ပု)နှင့် ဆင်ဖြူကျွန်းငရုတ်များဈေးကွက်သို့ ကုန်အဝင် နည်း သော်လည်း ဈေးမြင့်လျက်ရှိခြင်းကြောင့် စားသုံးသူများမှ ဝယ်လို အားနည်းကာ ယခင်အပတ် ဈေးနှုန်းများဖြင့်သာဈေးငြိမ်အရောင်းအဝယ် အေးခဲ့သည်။ ငရုတ်ခြောက်(ရှည်၊ ပွ) တစ်ပိဿာလျှင် ယခင်အပတ်ပျမ်းမျှဈေးနှုန်းမှာ ၅၁၅၀-၁၂၀၀၀ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေး နှုန်းမှာ ၅၄၀၀-၁၂၀၀၀ ကျပ်ဖြစ်သည်။ ကြက်သွန်နီ (ထူ၊လတ်၊ သေး)မှာ  ဆိပ်ဖြူ၊ မြင်းခြံ၊ မင်းဘူး၊ ရွှေဘို၊ မုံရွာ၊ တောင်သာဒေသများမှ ကုန်ဝင်နည်းလာခြင်း၊  စားသုံးသူများမှ အသေးစများအား ဝယ်လိုအားနည်းခြင်းတို့ကြောင့် ကြက်သွန်နီ(သေး)မှာ ဈေးငြိမ်နေခဲ့ပြီး (ထူးနှင့်လတ်)မှာ ယခင် အပတ်ထက်အနည်းငယ်ဈေးမြင့်လာခဲ့သည်။ ကြက်သွန်နီ (ထူး၊ လတ်၊ သေး) တစ်ပိဿာလျှင် ယခင်အပတ်ပျမ်းမျှဈေးနှုန်းမှာ ၂၁၂၅-၂၀၂၅-၁၆၂၅ ကျပ်ဖြစ်ပြီး ယခုအပတ်ပျမ်း မျှဈေးနှုန်းမှာ ၂၁၇၅-၂၀၆၃-၁၆၂၅ ကျပ်ဖြစ်သည်။ ကြက်သွန်ဖြူ(ရှမ်း)မှာ ရာသီကုန်ချိန်ဖြစ်၍ ဈေးကွက်သို့ကုန်အဝင်နည်းသော်လည်း အဝင်ရှိသလောက် အဝယ်ရှိနေခြင်းကြောင့် ယခင်အပတ်ထက် ဈေးမြင့်လာခဲ့သည်။ကြက်သွန်ဖြူ(ကြူကုတ်) မှာ ယခင်အပတ်ထက် ကုန်အဝင်အနည်းငယ် ပိုလာခြင်း၊ ရှမ်းကြက်သွန်ဖြူထက် ဈေးမြင့်နေခြင်းကြောင့် စားသုံးသူများမှ ဝယ်လိုအား နည်းခြင်းတို့ဖြစ်ပေါ်ခဲ့ပြီးယခင်အပတ်ထက် အနည်းငယ်ဈေးနိမ့်လာခဲ့သည်။ ကြက်သွန်ဖြူ (ရှမ်း)တစ်ပိဿာလျှင် ယခင်အပတ်ပျမ်းမျှဈေးနှုန်းမှာ ၉၇၅၀ကျပ်ဖြစ်ပြီး ယခုအပတ်ပျမ်းမျှ ဈေးနှုန်းမှာ ၁၁၀၀၀ ကျပ်သို့ ရောက်ရှိဈေးမြင့်ခဲ့သည်။ ကြက်သူဖြူ(ကြူကုတ်) တစ်ပိဿာလျှင် ယခင်အပတ်ပျမ်းမျှဈေးနှုန်းမှာ ၁၁၇၀၀ ကျပ်ဖြစ်ပြီး ယခု အပတ်ဈေးနှုန်းမှာ ၁၁၅၅၀ ကျပ်သို့ ရောက်ရှိ ဈေးနိမ့်ခဲ့သည်။ အာလူးဈေးနှုန်းများမှာ ရှမ်းအာလူများ ဈေးကွက်သို့ ကုန်အဝင်နည်း နေချိန်ဖြစ်ခြင်းနှင့် တရုတ်အာလူးများ ကုန်အဝင်လှိုင်နေချိန်ဖြစ်ခြင်း၊ စားသုံးသူများမှ အဝယ် သွက်ခြင်း၊ တင်သွင်း၊သယ်ယူစရိတ်များဈေးမြင့်နေခြင်းတို့ကြောင့် တရုတ်အာလူးများ ယခင် အပတ်ထက် ဈေးမြင့်လာခဲ့သည်။ တရုတ်အာလူး (အက်စ်ဝမ်း၊ အိုကေ၊ အေဝမ်း) တစ်ပိဿာ လျှင် ယခင်အပတ် ပျမ်းမျှဈေးနှုန်းမှာ ၁၉၀၀-၁၉၀၀-၁၆၀၀ ကျပ်ဖြစ်ပြီး ယခုအပတ်ပျမ်းမျှ ဈေးနှုန်းမှာ ၂၂၅၀-၂၂၅၀-၁၈၀၀ ကျပ်သို့ ရောက်ရှိဈေးမြင့်လာခဲ့ခြင်းဖြစ်သည်။

စားသုံးဆီ

ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သောနိုင်ငံများတွင် ဖြစ်ပေါ်လျက်ရှိသော ဈေးကွက် ဈေးနှုန်းများအပေါ် အခြေခံ၍ စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း၊ လုပ်ငန်း ကြီးကြပ်မှု ကော်မတီ၏ ၂၀၂၄ ခုနှစ်၊ မေ  ၂၇  ရက်မှ ဇွန် ၂ ရက်အထိ ကာလအတွက် ထုတ်ပြန်ထားသော ရန်ကုန်အထိုင်လက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၅၂၇၀ ကျပ်ဖြစ်ပြီး ယခင်အပတ်ဈေးနှုန်းမှာ ၅၂၀၀ ကျပ်ဖြစ်သည်။ ယခင် အပတ်ထက် တစ်ပိဿာလျှင် ၇၀ ကျပ် ဈေးမြင့်လာခဲ့ခြင်းဖြစ်သည်။ ပြင်ပရှိ လက်လီဈေးကွက်တွင် သတ်မှတ်ထားသော ဆိုင်အချို့၌ ရည်ညွှန်းဈေးနှုန်းထက် များစွာမကွာသော ဈေးနှုန်းများဖြင့် စားအုန်းဆီများအား ရောင်းချပေး လျက်ရှိသည်။ 

အေးသန္တာဝင်း