မြန်မာနိုင်ငံတမံကြီးများဆိုင်ရာ အမျိုးသားကော်မတီ၏ ပဉ္စမအကြိမ် အထွေထွေညီလာခံ ကျင်းပ

မြန်မာနိုင်ငံတမံကြီးများဆိုင်ရာ အမျိုးသားကော်မတီ၏ ပဉ္စမအကြိမ် အထွေထွေညီလာခံ ကျင်းပ

မြန်မာနိုင်ငံတမံကြီးများဆိုင်ရာ အမျိုးသားကော်မတီ၏ ပဉ္စမအကြိမ် အထွေထွေ ညီလာခံကို ဇူလိုင်လ(၅)ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် ၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်၊   မြန်မာနိုင်ငံတမံကြီးများဆိုင်ရာ အမျိုးသားကော်မတီနာယက အဖွဲ့ဝင်များ၊ အလုပ်အမှုဆောင် ကော်မတီဝင်များ ၊ အသင်းသားများ နှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြသည်။

အခမ်းအနားအစီအစဉ် ပထမပိုင်းတွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ကိုယ်စား ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် က အဖွင့်အမှာစကား ပြောကြားရာ ၌ မိမိတို့နိုင်ငံတွင် ရေချိုအရင်းအမြစ်များ ပေါကြွယ်ဝသော်လည်း စိုက်ပျိုးရေလိုအပ် ချက် နှင့် လျှပ်စစ်ဓါတ်အားလိုအပ်ချက် မြင့်မားလာခြင်း တို့ကို စိန်ခေါ်မှုများအဖြစ် ကြုံတွေ့ ရလျက်ရှိကြောင်း၊ ရာသီဥတု ပြောင်းလဲလာမှု ဖြစ်စဉ်ကြောင့် မိုးရွာသွန်းမှုပုံစံများ ပြောင်းလဲလာပြီး မိုးခေါင်ခြင်း၊ မိုးနည်းခြင်း၊ လျှပ်တပြက် မိုးများခြင်းစသည့် အခြေအနေများ သည် ရေလှောင်တမံကြီးများ၏ လုံခြုံ စိတ်ချရမှုအပေါ် ခြိမ်းခြောက်မှု ကဲ့သို့ရှုမြင် နိုင်ပါကြောင်း၊

လက်ရှိ ရာသီဥတုဖြစ်စဉ်များသည် ပိုမိုပြီးဆိုးရွားလာသည့် အနေအထားဖြစ်ပြီး ပြင်းထန်သော ရာသီဥတုဖြစ်စဉ်များကြောင့် သဘာဝရေအရင်းအမြစ်များ ထိခိုက်ပျက်စီး လာလျက်ရှိရာ စိုက်ပျိုးရေး ကဏ္ဍတွင်လည်း ရေရှားပါးမှုဒဏ် နှင့် ရေကြီး နစ်မြုပ်မှုဒဏ်များ ကို ခံစားခဲ့ရပြီး အထွက်နှုန်းလျော့နည်းခြင်း၊ သီးနှံ ပျက်စီး ဆုံးရှုံးခြင်းများ ဖြစ်ပေါ်မှုနှင့်အတူ စားနပ်ရိက္ခာဖူလုံမှုအပေါ် သက်ရောက်မှုများ ဖြစ်ပေါ်စေလျက် ရှိကြောင်း၊

သို့ဖြစ်၍ မြန်မာနိုင်ငံတမံကြီးများဆိုင်ရာ အမျိုးသားကော်မတီ အနေဖြင့် တည်ဆောက်ပြီး၊ တည်ဆောက်ဆဲ ရေလှောင်တမံကြီးများ၏ ကြံ့ခိုင်မှု ရှိစေရေး၊ လုံခြုံစိတ်ချ ရမှု ရှိစေရေး နှင့် ရေရှည်အကျိုးပြုနိုင်ရေး အတွက် လိုအပ်သော Dam Safety လုပ်ငန်းများ အပြင် လက်ရှိနှင့် အနာဂတ်တွင် ကြုံတွေ့လာရမည့် စိန်ခေါ်မှုများ၊ ရာသီဥတု ပြောင်းလဲမှု ကြောင့် ရေရှားပါးလာမှုကို တုံ့ပြန်ဖြေရှင်းနိုင်မည့် ရေရရှိရေးနည်းလမ်းများနှင့် ဆောင်ရွက် သင့်သည့် လုပ်ငန်းအစီအစဉ်များအပေါ်မှာလည်း ဆက်လက် အလေးထား ကူညီ ဆောင်ရွက် ပေးသွားရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

အခမ်းအနားအစီအစဉ်ဒုတိယပိုင်းတွင် မြန်မာနိုင်ငံတမံကြီးများဆိုင်ရာ အမျိုးသား ကော်မတီ၏ အလုပ်အမှုဆောင်ကော်မတီဝင် အသစ်များ ကို ရွေးချယ်တင်မြှောက်ကြသည်။ 

အခမ်းအနား အစီအစဉ် တတိယပိုင်း တွင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန ၊ တည်ဆောက်ရေး(၉)မှ၊ ဦးစီးမှူး ဒေါ်ဇာနည်မော် က "Climate Change Adaptation on Dam Safety" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရေအားလျှပ်စစ်အကောင် အထည်ဖော်ရေး ဦးစီးဌာန လက်ထောက်ညွှန်မှူး ဦးအေးချမ်းမြင့်သိန်း က "Managing the Utilization of Myitnge River Basin Focused” ခေါင်းစဉ်ဖြင့်လည်းကောင်း စာတမ်းများ ဖတ်ကြား တင်သွင်းခဲ့ကြပြီး မြန်မာနိုင်ငံတမံကြီးများဆိုင်ရာ အမျိုးသား ကော်မတီ၏ အလုပ်အမှုဆောင်ကော်မတီ ဥက္ကဌ အသစ် ဦးဗစ်တာ က နှုတ်ခွန်းဆက်စကား နှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းဆိုင်ရာများကို ပြောကြားသည်။

မြန်မာနိုင်ငံတမံကြီးများဆိုင်ရာ အမျိုးသားကော်မတီ၏ (၂)နှစ် တစ်ကြိမ်ကျင်းပ သော အထွေထွေညီလာခံတွင် အလုပ်အမှုဆောင်ကော်မတီဝင်များ ရွေးချယ်တင်မြှောက် ခြင်း ၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ဆွေးနွေးခြင်း နှင့် နည်းပညာရပ် ဆိုင်ရာများ ဆွေးနွေးဖလှယ်ခြင်းတို့ကိုဆောင်ရွက်ခဲ့ကြရာ ယခုညီလာခံကို ပဉ္စမအကြိမ် ကျင်းပခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတမံကြီးများဆိုင်ရာ အမျိုးသားကော်မတီအနေဖြင့် စတင် ဖွဲ့စည်းချိန်မှ စတင်ပြီး ကော်မတီရည်ရွယ်ချက်များ ပြည့်ဝစွာ အကောင်အထည် ဖော်နိုင်ရေး အတွက် ဆောင်ရွက်လျက်ရှိပြီး တည်ဆောက်ပြီး၊ တည်ဆောက်ဆဲ ရေလှောင်တမံကြီးများ ၏ စိုက်ပျိုးရေ ရရှိရေး၊ လျှပ်စစ်ဓါတ်အားထုတ်လုပ်နိုင်ရေး စသည့်ကဏ္ဍများတွင် ရေရှည် လုံခြုံစိတ်ချရမှု၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွား ဘဝဖွံဖြိုးတိုးတက်မှုများ ဖြစ်ပေါ် စေရန် တစ်တပ် တစ်အား ပါဝင်ကူညီဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။