ပင်လယ်နီပြဿနာများကြောင့် အိန္ဒိယနိုင်ငံ၏ ဆန်တင်ပို့မှုအပေါ် သက်ရောက်မှုများရှိ

ပင်လယ်နီပြဿနာများကြောင့် အိန္ဒိယနိုင်ငံ၏ ဆန်တင်ပို့မှုအပေါ် သက်ရောက်မှုများရှိ

ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန ဝန်ကြီး Piyush Goyal က ပင်လယ်နီဒေသ ပြဿနာများကြောင့် ဆန်တင်ပို့မှုအပေါ် သက်ရောက်မှုရှိကြောင်း ကြာသပတေးနေ့တွင် ပြောကြား ခဲ့သည်။ ယီမင်အခြေစိုက် ဟူသီစစ်သွေးကြွများ၏ မကြာသေးမီက တိုက်ခိုက်မှုများကြောင့် ပင်လယ်နီနှင့် မြေထဲပင်လယ်ကိုဆက်သွယ်ထားသည့် အရေးကြီးသော ရေကြောင်းလမ်းကြောင်း ဖြစ်သည့် Bab-el-Mandeb ရေလက်ကြားဝန်းကျင် အခြေအနေမှာ ပိုမိုဆိုးရွားလာခဲ့သည်။

အိန္ဒိယပို့ကုန်များအပေါ် ပင်လယ်နီပြဿနာ၏ သက်ရောက်မှုနှင့် ပတ်သက်၍ ဝန်ကြီးက ယခုအချိန်ထိ လတ်တလော ထိခိုက်မှု မတွေ့ရှိရသေးကြောင်း၊ ထိခိုက်နစ်နာသည့် လုပ်ငန်းတစ်ခုမှာ  ဆန်တင်ပို့မှုဟု ပြောနိုင်သော်လည်း ယခုဒီဇင်ဘာလအတွက် ပို့ကုန်ဆိုင်ရာ အချက်အလက် ကိန်း ဂဏန်းများကို သိရှိပြီးမှသာ  အသေးစိတ်ပြောကြားနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 
ကမ္ဘာ့ကွန်တိန်နာ သွားလာမှု၏ ၃၀ ရာခိုင်နှုန်းအတွက် အရေးပါသော ယင်းရေလက်ကြား သည် ဒေသတွင်းနှင့် ကမ္ဘာ့အင်အား ကြီးများ၏ တိုက်ခိုက်မှုများနှင့် စစ်ရေးလေ့ကျင့်မှုများ အပါအဝင် ၂၀၂၃ ခုနှစ်တွင် ဖြစ်ရပ်အမျိုးမျိုးနှင့် တင်းမာမှုများ တိုးလာခဲ့သည်။

အာရပ်ဘာသာဖြင့် “မျက်ရည်တံခါး” ဟုလည်းလူသိများသော Bab-el-Mandeb ရေလက် ကြားသည် ပင်လယ်နီနှင့် စူးအက် တူးမြောင်းမှတဆင့် မြေထဲပင်လယ်နှင့် အိန္ဒိယသမုဒ္ဒရာတို့ကို ဆက်သွယ်ပေးသည့် အရေးကြီးသော ကုန်သွယ်ရေးလမ်းကြောင်း ဖြစ်သည်။ ၎င်းသည် အာဖရိကကို အာရေဗျကျွန်းဆွယ်နှင့် ပိုင်းခြားထားသည်။ ပင်လယ်နီတွင် ပဋိပက္ခများ ပြင်းထန်လာပါက အီဂျစ်နှင့် ဥရောပနိုင်ငံများသို့ အိန္ဒိယ၏ ဘာစမာတီဆန်များ တင်ပို့မှု ထိခိုက်နိုင်သည်ဟု ပို့ကုန်လုပ်ငန်းရှင်များက ပြောကြားထားသည်။ 

မျိုးမြင့်မောင်