မိတ္ထီလာခရိုင် စိုက်ပျိုးရေရရှိရေးနှင့် မြို့ကြီးရေလှောင်တမံမှ ဆည်ရေခွဲဝေအသုံးပြုနိုင်ရေးအခြေအနေများအား ကွင်းဆင်းစစ်ဆေး

မိတ္ထီလာခရိုင် စိုက်ပျိုးရေရရှိရေးနှင့် မြို့ကြီးရေလှောင်တမံမှ ဆည်ရေခွဲဝေအသုံးပြုနိုင်ရေးအခြေအနေများအား ကွင်းဆင်းစစ်ဆေး

နေပြည်တော်၊ ဇွန်လ(၂၃)ရက်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် သည် ဇွန်လ(၂၁)ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ် မြို့ကြီးကျေးရွာအနီး ရှိ မြို့ကြီးရေလှောင်တမံ ၏ ဝင်ရေသိုလှောင်ထားရှိမှု တမံကြံ့ခိုင်မှုနှင့် တမံမှ ရေပေးဝေမှုလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး ကျိုင်းခမ်းရေလှောင်တမံ စီမံကိန်းမှ ရေလွှဲပေးပို့ကာ ဇော်ဂျီရေလှောင်တမံမှတဆင့် မြို့ကြီးရေလှောင်တမံသို့ ရေဖြည့်တင်း ပေးခြင်းအားဖြင့် ရေသိုလှောင်မှု ပိုမိုရရှိလာသည့်ရေများအား မိတ္ထီလာလွင်ပြင် ရေပိုမိုရရှိရေး အတွက် စီမံဆောင်ရွက်ရန်နှင့် လိုအပ်သောတိုင်းတာမှုများ ကွင်းဆင်းဆောင်ရွက်မှုများအား အချိန်မီတင်ပြနိုင်ရန် တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။ ဆက်လက်၍ မြို့ကြီး ရေလှောင်တမံ ရေဝင်ရောက်မှုနှင့် ရေလွှဲဆည်မှ ကင်းတားလက်ယာမြောင်းသို့ ရေကူပေးပို့ မည့် မြို့ကြီးမြောင်းမတော် အမှတ် (၁) ၏ ရေစီးရေလာ အခြေအနေများကို ကြည့်ရှုစစ်ဆေး သည်။

ထို့နောက် ဒုတိယဝန်ကြီးသည် မြို့ကြီးမြောင်းမတော် အမှတ်(၁)မှ ကင်းတာလက်ယာ တူးမြောင်း ရေသောက်စနစ် သို့ရေပို့လွှတ်နိုင်မည့် အခြေအနေများနှင့် ပန်းလောင်မြစ်အတွင်း သို့ ဆက်သွယ်တူးမြောင်း ဖောက်လုပ်၍ ရေချပေးခြင်းအားဖြင့် ပန်းလောင်မြစ်ပေါ်တွင် တည်ဆောက်ထားသော မယ်ဇယ်ပင်သာရေလွှဲဆည်၊ ကျီးမဲရေလွှဲဆည် နှင့် စမာရေလွှဲဆည် များ ၏ ရေသောက်စနစ်များအား ရေပေးဝေနိုင်မည့် အခြေအနေများကို ကွင်းဆင်းစစ်ဆေးပြီး  မြို့ကြီးမြောင်းမတော် အမှတ်(၁)အား ဒီဇိုင်းရေထုစီးနှုန်း ရရှိနိုင်ရေးအတွက် တူးမြောင်း အခြေအနေကို ပြန်လည် တိုင်းတာရန်နှင့် လိုအပ်ပါက ပြုပြင်ဆောင်ရွက်နိုင်ရေး အတွက် အသေးစိတ်ကွင်းဆင်း တိုင်းတာ ဆောင်ရွက်ရန်၊ လက်ရှိစိုက်ပျိုးနိုင်သည့် စိုက်ပျိုးမြေများ အပေါ်တွင် သီးထပ်သီးနှံများ တိုးတက်စိုက်ပျိုးနိုင်ရန်နှင့် ဆည်ရေ မရရှိသေးသည့် နေရာများ တွင် ဆည်ရေရရှိအောင် ဆောင်ရွက်ပေးနိုင်ရန် လိုအပ်ချက်များကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။   

ကင်းတားရေလွှဲဆည်မှ လက်ယာတူးမြောင်း ရေသောက်စနစ်နှင့် ပန်းလောင်မြစ်ပေါ် တွင် တည်ဆောက်ထားသည့် ရေလွှဲဆည် (၃) ခု၏ ရေသောက်စနစ်များကို ရေပေးဝေရာမှ  မြို့ကြီးရေလွှဲဆည်၏ မြောင်းမတော် အမှတ်(၁)မှ ပေးဝေနိုင်မည်ဖြစ်သည့်အတွက် ကင်းတား လက်ဝဲတူးမြောင်းမကြီးသို့ ပိုမိုရေပို့လွှတ်နိုင်မည်ဖြစ်ခြင်းကြောင့် ကင်းတား လက်ဝဲ ရေသောက်စနစ်နှင့် ရေသောက်ပြင်ပရှိ စိုက်ဧကများကို ဆည်ရေပေးဝေနိုင်မည်ဖြစ်၍ သီးထပ်စိုက်ဧက ပိုမိုတိုးတက်လာမည် ဖြစ်ကြောင်းသိရသည်။ 

          အလားတူ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်ဇော်နှင့် ဒီဇိုင်းနှင့်ပုံထုတ်ဌာနခွဲမှ တာဝန်ရှိသူများသည် မိတ္ထီလာခရိုင်အတွင်း စိုက်ပျိုး မြေ ဧရိယားအသစ်များ တိုးတက်ပေးဝေနိုင်ရေးအတွက် ဒေသအတွင်း ‌ရေရှိရနိုင်မည့် အရင်းအမြစ်နေရာများ ရှာဖွေဆောင်ရွက်ပေးလျက်ရှိရာ ပျော်ဘွယ်မြို့နယ် အရှေ့ဘက်ခြမ်းရှိ ကျောက်အိုးရေလှောင်တမံ အဆိုပြုနေရာနှင့် ဖျောက်ဆိပ်ပင်ရေလှောင်တမံ ဆောင်ရွက်နိုင် မည့် အခြေအနေများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။ အဆိုပါ ရေလှောင်တမံများ တည်ဆောက်နိုင်ပါက မိတ္ထီလာခရိုင်အတွင်း စိုက်ပျိုးမြေဧရိယာ အသစ်များကို ရေပိုမိုပေး ဝေနိုင်မည်ဖြစ်သဖြင့် အသေးစိတ်ထပ်မံ တိုင်းတာခြင်းနှင့် စူးစမ်းလေ့လာခြင်း လုပ်ငန်းများ ကို ဆက်လက်ဆောင်ရွက်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။