ကြက်ဥများ တင်သွင်းရန် တူကီယဲကုမ္ပဏီ ၂၁ ခုကို ရုရှားခွင့်ပြု

ရုရှားနိုင်ငံသို့ ကြက်ဥများ အပြည့်အဝထောက်ပံ့ပေးရန် အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး တင်ပို့မှု များ စတင်နေပြီဟု တူကီယဲနိုင်ငံ ကြက်ဥထုတ်လုပ်သူများသမဂ္ဂ၏ အကြီးအကဲက ပြောကြားခဲ့သည်။
ရုရှားနိုင်ငံ၏ တိရစ္ဆာန်နှင့် အပင်ပိုးမွှားရောဂါကင်းရှင်းရေး ကြီးကြပ်ကွပ်ကဲမှုဌာန (Rosselkhoznadzor)သည် တူကီယဲနိုင်ငံ၏ ကုမ္ပဏီ ၂၁ ခုကို ရုရှားသို့ ကြက်ဥများ တင်ပို့ရန် ခွင့်ပြု ချက်ပေးထားပြီး ကုမ္ပဏီ ၃ ခုမှာ စတင်ပို့ဆောင်နေပြီဖြစ်သည်။
ရုရှားနိုင်ငံသို့ ကြက်ဥ ၁.၂ ဘီလီယံအား အကောက်ခွန်ကင်းလွှတ်ခွင့်စနစ်ဖြင့် တင်သွင်းရန် အကောက်ခွန်နှင့် အခွန်စည်းကြပ်မှုဆိုင်ရာ ဆပ်ကော်မတီက အတည်ပြုခဲ့ကြောင်း၊ ၎င်းအစီအမံ သည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ဇွန်လ ၃၀ ရက်အထိ သက်တမ်းရှိမည် ဖြစ်ကြောင်း ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနက အစောပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။
၎င်းအစီအမံသည် ပြည်တွင်းဈေးကွက်ကို တည်ငြိမ်စေရန် ရည်ရွယ်ခြင်းဖြစ်ပြီး မိတ်ဖက် နိုင်ငံများမှ ကြက်ဥများကို တင်သွင်းနိုင်မည် ဖြစ်ကြောင်း၊ ထောက်ပံ့ရေးတိုးမြှင့်ရေးအတွက် ချစ် ကြည်ရင်းနှီးသောနိုင်ငံများနှင့် ညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိကြောင်း၊ အဇာဘိုင်ဂျန်နိုင်ငံမှ တင်ပို့မှုကို မျှော်လင့်ထားပြီး မကြာမီ တူကီယဲနိုင်ငံမှလည်း တင်သွင်းလာမည်ဖြစ်ကြောင်း၊ လာမည့်လတွင် ကြက်ဥဈေးနှုန်းများ တည်ငြိမ်လာမည်ဟု ခန့်မှန်းထားကြောင်း ရုရှားစိုက်ပျိုးရေးဝန်ကြီးဌာန၏ သတင်းစာရှင်းလင်းပွဲတွင် သတင်းထုတ်ပြန်ထားသည်။
ရုရှား Rosstat စာရင်းအင်းဌာန၏ ဒီဇင်ဘာလ ၄ ရက် သတင်းထုတ်ပြန်ချက်အရ ကြက်ဥ ဈေးနှုန်းသည် ၄၂.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ ယင်းနှင့်စပ်လျဉ်း၍ အာဏာပိုင်များသည် ထုတ်လုပ်သူများကို ပံ့ပိုးကူညီရန်နှင့် ပြည်တွင်းဈေးကွက် တည်ငြိမ်စေရေး ထောက်ပံ့မှုတိုးမြင့်လာ စေရန် ရည်ရွယ်သည့်အစီအမံများ ချမှတ်ဆောင်ရွက်ခဲ့သည်။ ၂၀၂၃ ခုနှစ်အတွင်း ကြက်ဥဈေးနှုန်း များ မြင့်တက်လာခြင်းသည် ထုတ်လုပ်မှုစရိတ်များ မြင့်တက်လာခြင်းနှင့် စားသုံးသူဝယ်လိုအား တိုးလာခြင်းတို့ကြောင့် ဖြစ်ကြောင်း သုံးသပ်ထားပါသည်။
ခွန်မျိုးသူ
Source : https://ria.ru/20231213/yaytsa-1915472263.html