မုန်တိုင်းမိုးများကြောင့် ဆည်ရေသောက်ဧရိယာအတွင်း စိုက်ပျိုးသည့် နွေနှမ်းနှင့် အခြားသီးနှံများ ပျက်စီးဆုံးရှုံးမှုမရှိစေရေး ကွင်းဆင်းဆောင်ရွက်

မုန်တိုင်းမိုးများကြောင့် ဆည်ရေသောက်ဧရိယာအတွင်း စိုက်ပျိုးသည့် နွေနှမ်းနှင့် အခြားသီးနှံများ ပျက်စီးဆုံးရှုံးမှုမရှိစေရေး ကွင်းဆင်းဆောင်ရွက်

နေပြည်တော်၊ မေလ(၂၀)ရက်

           

နေပြည်တော်ကောင်စီနယ်မြေအတွင်း စိုက်ပျိုးပြီးဖြစ်သည့် နွေနှမ်းနှင့် အခြား သီးနှံများ အား မိုးကြိုရာသီတွင်ဖြစ်ပေါ်တတ်သော မုန်တိုင်းမိုး နှင့် ရာသီဥတုပြောင်းလဲ၍ မိုးသည်းထန်စွာရွာသွန်းခြင်းတို့ကြောင့် သီးနှံများပျက်စီးဆုံးရှုံးမှု မရှိစေရေး အတွက် ဒေသခံ တောင်သူများ၊ ရေအသုံးချသူများ အဖွဲ့(WUG) နှင့် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ရေနုတ်မြောင်းများ ရှင်းလင်းတူးဖော်ခြင်း၊ စိုက်ခင်းများ အတွင်း စိမ့်မြောင်း ပတ်မြောင်းများတူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ က မေလ တတိယပတ်တွင် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ် ဘဲကုန်းကျေးရွာတွင် ဘောင်ကြီးတင် စနစ်ကို အသုံးပြု၍ စိုက်ပျိုးထားသော နှမ်းသီးနှံစိုက်စနစ်(၄)မျိုး စမ်းသပ် စိုက်ပျိုးခြင်း စံပြကွက်ကို ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍ အေးမြင့်သာယာကျေးရွာ နေရောင်ပြအင်းဘုရားအနီး ယာယီ ရေထိန်းဆည်ရေသောက် ဧရိယာအတွင်း စိုက်ပျိုးထားရှိ သော နွေနှမ်းစိုက်ခင်း ၊  ဇေယျာ သီရိမြို့နယ် သပြေပင်ကျေးရွာ ရေဆင်းဆည်သောက် ဧရိယာ အတွင်း စိုက်ပျိုးထားသော နွေနှမ်းစိုက်ခင်းများကို ထိခိုက်စေနိုင်သည့် ရေအိုင်ခြင်း ရေဝပ်ခြင်း မဖြစ်ပေါ်စေရန် ရေနုတ်မြောင်းများ ရှင်းလင်းတူးဖော်မှုအား ကြည့်ရှုစစ်ဆေး သည်။

အလားတူ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ် အေလာ ယာယီရေထိန်းဆည် ရေသောက်ဧရိယာအတွင်း ရေနုတ်မြောင်း ရှင်းလင်း တူးဖော်နေမှု နှင့် ကူသပိတ်ကျေးရွာ မဒန်းဆည်ရေသောက် ဧရိယာအတွင်း စိုက်ပျိုးထားသော နွေနှမ်း စိုက်ခင်းများတွင် ရေမဝပ်စေရန် ရေနုတ်မြောင်းတူးဖော်မှု လုပ်ငန်းများ ကို ကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ နွေနှမ်းသီးနှံများ စိုက်ပျိုးရာတွင် ရေသွင်း၊ ရေထုတ်သေချာ၍ အထွက်နှုန်းကောင်းမွန်သော ဘောင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုးနိုင်ရေး၊ မိုးကြိုရာသီတွင်ဖြစ်ပေါ်လေ့ရှိသည့် မုန်တိုင်း မိုးများကြောင့် နွေနှမ်းနှင့်အခြားသီးနှံများ ထိခိုက်ပျက်စီးဆုံးရှုံးမှု မရှိစေရေးအတွက် တောင်သူများသို့ ကြိုတင်အသိပေး ဆောင်ရွက်ရန်၊ တောင်သူအချင်းချင်း ဆင့်ပွားအသိပေးနှိုးဆော် ဆောင်ရွက်သွားကြရန်၊ ရေအသုံးချသူများ အဖွဲ့(WUG) နှင့် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဝန်ထမ်းများ ပူးပေါင်း၍ ထပ်ဆင့်အသိပေးလုပ်ငန်းများ ဆောင်ရွက်ရန်လိုအပ်ချက်များ နှင့် ဆောင်ရွက်ထားသည့် အခြေအနေများ အား အချိန်နှင့်တစ်ပြေးညီ တင်ပြသွားကြရန် တို့ကို ဆွေးနွေးမှာကြား ခဲ့ကြောင်း သတင်းရရှိသည်။