မန္တလေးဈေးကွက်

မန္တလေးဈေးကွက်

ဆန်

မန္တလေး ကိုင်းတန်းဈေးတွင် ရန်ကုန်ပေါ်ဆန်းမှာ အဝင်ပုံမှန် ၊ မြို့တွင်းစားသုံးမှုပုံမှန်ရှိခြင်းကြောင့် တစ်တင်းခွဲတစ်အိတ် ၁၃၅၀၀၀ ကျပ် ဖြင့် ဈေးတည်ငြိမ်နေပြီး ရွှေဘိုပေါ်ဆန်းမှာ အဝင်နည်းသွားပြီး မြို့တွင်းစားသုံးမှုပုံမှန်ရှိခြင်းကြောင့် ယခင်အပတ် ၁၅၀၀၀၀ ကျပ် မှ ၁၅၅၀၀၀ ကျပ်သို့ ဈေးမသိမသာမြင့်သွားသည်။ မနောသုခဆန်မှာ မိုးစပါးစိုက်ချိန်နီးပြီး လက် ကျန် နည်းခြင်း ၊ မြို့တွင်းစားသုံးမှု ပုံမှန်ရှိခြင်းကြောင့် တစ်အိတ် ၉၂၀၀၀ ကျပ် မှ ၉၄၀၀၀ ကျပ် သို့ ဈေးမသိမသာမြင့်သွားသည်။ ဇီယာဆန်နှင့် ငစိန်ဆန်မှာ လက်ကျန်နည်းသော်လည်း လုပ်ငန်းသမား အဝယ်နည်းခြင်းကြောင့် တစ်အိတ် ၈၈၀၀၀ ကျပ် မှ ၈၅၀၀၀ ကျပ်သို့ ဈေးနိမ့်သွားပြီး ဇီယာဆန်မှာ အဝင်ပုံမှန် ၊ စားသုံးမှုပုံမှန်ရှိခြင်းကြောင့် တစ်အိတ် ၈၈၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။     ဧရာမင်းဆန်မှာ အဝင်ပုံမှန် ၊ မြို့တွင်းစားသုံးမှုပုံမှန်ရှိခြင်းကြောင့် တစ်အိတ် ၁၃၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

ဆီထွက်သီးနှံ

 မန္တလေးပွဲစားကုန်သည်စက်ပိုင်ကထိန်တော်အသင်းတွင် မြေပဲ(လုံးဆံ/ဆီဆံ) ဈေးနှုန်းမှာ ဆောင်းလက်ကျန်နည်းသွားပြီး မိုးပဲစိုက်ရန် ပြင်ဆင်ချိန်ဖြစ်ခြင်း၊လုပ်ငန်းသမား အဝယ်ပုံမှန်ရှိခြင်းကြောင့် အရည်အသွေး ပေါ်မူတည်၍ ၁၀၀ ပိဿာ ၇၃၀၀၀၀  ကျပ် မှ ၇၅၀၀၀၀ ကျပ်ဖြင့် ပုံမှန်ရောင်းဝယ်မှုရှိသည်။ မြေပဲ(ဆီဆံ)မှာ ဆီစက်သမား အဝယ်နည်းခြင်းကြောင့် အရည်အသွေးအကောင်းဆုံး ယခင်အပတ် ၁၀၀ ပိဿာ ၆၅၀၀၀၀ ကျပ် မှ ၆၀၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။ နှမ်းဖြူမှာ ဆောင်းနှမ်းလက်ကျန်နည်းခြင်း ၊ နွေနှမ်းမဝင်သေးခြင်း ၊ လုပ်ငန်းသမား အဝယ်ပုံမှန်ရှိခြင်းကြောင့် ၄၅ ပိဿာ အရည်အသွေးအကောင်းဆုံး ၃၈၅၀၀၀ ကျပ်   မှ ၃၉၅၀၀၀ ကျပ်သို့ ဈေးမြင့်သွားပြီး နှမ်းညိုမှာလည်း လက်ကျန်နည်းသော်လည်း ဆီစက်သမား အဝယ်နည်းခြင်းကြောင့် ၄၅ ပိဿာ ၃၀၅၀၀၀ ကျပ် မှ ၃၁၀၀၀၀ ကျပ်သို့ ဈေးနိမ့်သွားပြီး နှမ်းနက်မှာလည်း တရုတ်ဝယ်လက်နည်းသော်လည်း လက် ကျန်နည်းခြင်းကြောင့် ၄၅ ပိဿာ ၄၀၅၀၀၀ ကျပ် မှ ၄၁၀၀၀၀ ကျပ်သို့ မသိမသာ  ဈေးမြင့်သွားသည်။ ပန်းနှမ်းဈေးနှုန်းအနေဖြင့် အဝင်ပုံမှန် ၊ ရောဆီသမား၊ ဘယဆေးသမား အဝယ်ပုံမှန်ရှိခြင်းကြောင့် ၄၅ ပိဿာ ၂၀၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ နေကြာဈေးနှုန်းအနေဖြင့် ဆောင်းလက်ကျန်နည်းခြင်း ၊ မိုးနေကြာစိုက်ရန် ပြင်ဆင်ချိန်ဖြစ်ခြင်းတို့ကြောင့် ဆီစက်သမားအဝယ်နည်းသော်လည်း ၂၇ ပိဿာ ၁၀၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

စားဖိုဆောင်သီးနှံ

မန္တလေး ကိုင်းတန်းဈေးတွင် ငရုတ်ခြောက်(ရှည်)များ မြင်းမူ ၊ ကျောက်ဆည်၊ မတ္တရာမှ ဝင်ရောက်ခြင်းကြောင့် အရည်အသွေးပေါ်မူတည်၍ ၈၀၀၀ ကျပ် မှ ၁၀၀၀၀ ကျပ်ထိ ဈေးအမျိုးမျိုးဖြင့် ရောင်းဝယ်နေသည်။ကြက်သွန်နီများ ဒေသစုံမှ ဝင်ရောက်ပြီး (ကြီး) တစ်ပိဿာ ၂၃၀၀ ကျပ် ၊ (လတ်) တစ်ပိဿာ ၂၀၀၀ ကျပ် ၊ (သေး) တစ်ပိဿာ ၁၇၀၀ ကျပ်ဖြင့်  မြို့တွင်းသုံးနှင့် လားရှိုး ၊ ဗန်းမော် ၊ ကောလင်းသို့ ရံဖန်ရံခါ တင်ပို့မှုရှိသည်။ရွှေဘိုဘက်မှ ကြက်သွန်ဖြူ(မြန်မာ)များ အဝင်များပြီး အရည်အသွေးပေါ်မူတည်၍ တစ်ပိဿာ ၈၀၀၀ ကျပ် မှ ၁၂၀၀၀ ကျပ် ၊ ရှမ်းကြက်သွန်ဖြူမှာ အရည်အသွေးပေါ်မူတည်၍ တစ်ပိဿာ ၆၀၀၀ ကျပ် မှ ၈၅၀၀ ကျပ်ဖြင့် ရောင်းဝယ်နေပြီး တရုတ်ကြက်သွန်ဖြူမှာ အဝင်နည်းခြင်းကြောင့် မြို့တွင်းသုံးသာရှိသော်လည်း တစ်ပိဿာ ၁၁၅၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။အာလူးဈေးနှုန်းအနေဖြင့် ဘန့်ဘွေးဘက်မှ ဝင်ရောက်ပြီး တစ်ပိဿာ ၁၈၀၀ ကျပ်ဈေးဖြင့် မြို့တွင်းသုံးဝယ်ယူမှုများသည်။ ချင်းဈေးနှုန်းမှာ ပင်ရင်းဒေသမှ ပြည်ပပို့ရန် ဝယ်ယူမှုရှိခြင်းကြောင့် ပင်ရင်းဈေးမြင့်သဖြင့် တစ်ပိဿာ ၈၀၀၀ 
ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

ပဲမျိုးစုံ

မန္တလေး ပွဲစားကုန်သည်စက်ပိုင်ကထိန်တော်အသင်းတွင် မတ်ပဲဈေးနှုန်းမှာ ရန်ကုန်ဝယ်လက်နည်းခြင်း ၊ လက်ကျန် အရည်အသွေးညံ့သွားခြင်းကြောင့် ၃ တင်းတစ်အိတ် ယခင်အပတ်  ၂၉၃၀၀၀ ကျပ် မှ ၂၉၀၀၀၀ ကျပ် သို့ ဈေးနိမ့်သွားသည်။ ယခုအပတ် ပဲတီစိမ်းလက်ကျန်နည်းခြင်း၊ မိုးအတွက် ပြင်ဆင်ချိန်ဖြစ်၍ ပစ္စည်းရှားခြင်းကြောင့် ၃ တင်းတစ်အိတ် ၁၅၅၀၀၀ ကျပ် မှ ၁၈၅၀၀၀ ကျပ် သို့ ဈေးမြင့်သွားပြီး ပဲတီစိမ်း(ခရမ်း) လက်ကျန်များပါ ရောင်းဝယ်မှုရှိပြီး ၃ တင်းတစ်အိတ် ၂၀၃၀၀၀ကျပ် ဈေးဖြင့် အရောင်းအဝယ်ဖြစ်မှုရှိသည်။ ပဲစဉ်းငုံ(ဖြူ/နီ)မှ ရန်ကုန်ဝယ်လက်မှ ဝယ်ယူပြီး ပြည်ပတင်ပိုမှုရှိခြင်း ၊ ပဲခွဲစက်များ ဝယ်ယူမှုရှိခြင်း ၊ လှောင်လက်များ ဝယ်ယူမှုရှိခြင်းကြောင့် ၃ တင်းတစ်အိတ် ပဲစဉ်းငုံ(ဖြူ) ၃၆၅၀၀၀ ကျပ် မှ ၃၇၄၀၀၀ ကျပ်သို့လည်းကောင်း ၊ ပဲစဉ်းငုံ(နီ) ၃၈၅၀၀၀ ကျပ် မှ ၃၈၇၀၀၀ ကျပ်သို့ မသိမသာဈေးမြင့်သွားသည်။ ပဲပုတ်(ရှမ်း/မြန်မာ)မှာ အဝင်နည်းသွားခြင်း၊ လုပ်ငန်းသမား၊ ဆီစက်သမားအဝယ်ပုံမှန်ရှိခြင်းကြောင့် ပဲပုတ် (မြန်မာ) ၃တင်းတစ်အိတ် ၁၈၈၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး ပဲပုတ် (ရှမ်း)မှာ ၃ တင်းတစ်အိတ် ၁၅၈၀၀၀ ကျပ် မှ ၁၆၂၀၀၀ ကျပ်သို့ ဈေးမသိမသာမြင့်သွားသည်။ ကုလားပဲ(ကုဖြူကြီး)မှာ လုပ်ငန်းသမား အဝယ်နည်းသဖြင့် အရောင်းအဝယ် အေးခြင်းကြောင့် ၃ တင်းတစ်အိတ် ၂၄၅၀၀၀ ကျပ် မှ ၂၄၀၀၀၀ ကျပ် ၊ ကုလားပဲ(လုံးဝါကြီး)မှာလည်း ခွဲစက်သမား အဝယ်နည်းခြင်းကြောင့် ၂၂၅၀၀၀ ကျပ် မှ ၂၂၄၀၀၀ ကျပ်သို့ ဈေးမသိမသာနိမ့်သွားသည်။လုံးဝါကြီးဈေးနိမ့်သဖြင့် ခွဲခြမ်းမှာလည်း တစ်ပိဿာ ၅၆၅၀ ကျပ်  မှ ၅၅၅၀ ကျပ်သို့ ဈေးနိမ့်သွားသည်။ ပဲယင်း ၊ မြေတောက်ပဲ ၊ စားတော်ပဲ(ကျွန်း)တို့အနက် ပဲယင်းမှာ အဝင်နည်းခြင်း ၊ လုပ်ငန်းအတွက် ခွဲစက်များ အဝယ်ရှိခြင်းကြောင့် ၃ တင်းတစ်အိတ် ၁၃၂၀၀၀ ကျပ် မှ ၁၃၄၀၀၀ ကျပ် သို့ ဈေးမြင့်နေပြီး မြေတောက်ပဲ နှင့် စားတော်ပဲမှာ အကြော်အလှော်သမား နှင့် လက်လီသမား အဝယ်ပုံမှန်ရှိခြင်းကြောင့် မြေတောက်ပဲ ၃ တင်းတစ်အိတ် ၃၃၀၀၀၀ ကျပ်၊ စားတော်ပဲ(ကျွန်း) ၂၆၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ထောပတ်ပဲ(ကြီး/သေး) ၊ ပဲကြီး(ကြီး/သေး) တို့အနက် ပဲကြီး(ကြီး/သေး)မှာ အဝင်ပုံမှန် ၊ လုပ်ငန်းသမား အဝယ်ပုံမှန်ရှိခြင်းကြောင့်  ပဲကြီး(ကြီး) ၃ တင်းတစ်အိတ် ၂၆၀၀၀၀ ကျပ် ၊ (သေး) ၃ တင်းတစ်အိတ်  ၂၃၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ထောပတ်ပဲ(ကြီး/သေး)တို့မှာ  လုပ်ငန်းသမား အဝယ်ပုံမှန်ရှိခြင်း ၊ မိုးပဲစိုက်ရန် ပြင်ဆင်ချိန်ဖြစ်၍ မျိုးအတွက် ဝယ်ယူမှုရှိခြင်းကြောင့် ထောပတ်ပဲ(ကြီး) ၃ တင်း ၃၄၀၀၀၀ ကျပ် မှ ၃၄၅၀၀၀ ကျပ် ၊ ထောပတ်ပဲ(သေး)မှာ လက်လီသမားအဝယ်များခြင်းကြောင့် ၂၉၇၀၀၀ ကျပ် မှ ၃၃၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။

ဟင်းသီး/ရွက်နှင့် သစ်သီးဝလံ

မန္တလေးသီရိမာလာဈေးတွင် ထိုင်ဝမ်ခရမ်းချဉ်သီးများ အဝင်မရှိတော့ဘဲ ကျောက်မဲ ၊ နောင်ချိုသီးများ ဝင်ရောက်ပြီး  ၂၀ ပိဿာ တစ်သေတ္တာ ၂၄၀၀၀ ကျပ်၊ အင်းသီးတစ်သေတ္တာ ၃၃၀၀၀ ကျပ်ထိ ဈေးမြင့်သွားသည်။ မုံရွာ ၊ ချောင်းဦး ၊ ရွှေဘို ၊ ရေဦး မှ ငရုတ်စိုဝင်ရောက်သော်လည်း ရာသီဥတုကြောင့် အဝင်နည်းခြင်း ၊ မြို့တွင်းသုံး ငပိထောင်း ၊ လက်ဖက်သမား အဝယ်ပုံမှန်ရှိခြင်းကြောင့် ငရုတ်စို(ရှည်)တစ်ပိဿာ ၃၀၀၀ ကျပ် ၊ (လတ်) တစ်ပိဿာ ၅၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။

သစ်သီးဝလံဈေးနှုန်းအနေဖြင့် မန္တလေးဝန်းကျင် ၊ ချောင်းဦး ၊ ပခုက္ကူမှ ဖရဲသီးများ အဝင်များပြီး တစ်လုံးလျှင် ၃၀၀၀ ကျပ် မှ ၅၀၀၀ ကျပ်၊ (၁၅)လုံး ဝင် ပီနံအိတ်များဖြင့် ထည့်ပြီး မိုးကုတ် ၊ ပြည်သို့ တင်ပို့မှုရှိသည်။ညောင်ပင်ဝန်းမှ သဘောႅသီးများ ဝင်ရောက်သော်လည်း  ရာသီဥတုကြောင့် အဝင်နည်းသဖြင့် တစ်လုံး ၁၅၀၀ ကျပ် မှ ၁၈၀၀ ကျပ်ထိ ဈေးမြင့်နေသည်။စိန်တလုံးသရက်သီး (အိတ်စွပ်) များ အဝင်များပြီး တစ်လုံး ၆၀၀ ကျပ် မှ ၈၀၀ ကျပ်ထိ ဈေးမြင့်နေသည်။သခွားမွှေး ၊ ရွှေသခွားများလည်း နယ်စုံမှ ဝင်ရောက်မှုများသော်လည်း အရည်အသွေးကောင်းသဖြင့် တစ်လုံး ၁၅၀၀ ကျပ် မှ ၂၀၀၀ ကျပ်ဖြင့် ရောင်းဝယ်နေသည်။ အော်ဂင်လိမ္မော်သီး ၁၃ ပိဿာဝင် တစ်ခြင်း  ၈၅၀၀၀ ကျပ် ၊ သီပေါနာနတ်တစ်လုံး ၈၀၀ ကျပ် မှ ၁၃၀၀ ကျပ်ထိ ဈေးမြင့်နေသည်။

ဂျုံနှင့် အစေ့ထုတ်ပြောင်း

ဂျုံစိုက်ဧကနည်း၊ အဝင်နည်းခြင်းကြောင့် ငါန်းဇွန် ၊ မြင်းမူ ၊ မြောင်၊ ဆားတောင် ၊ စစ်ကိုင်း ၊ ဘုတလင် ၊ မုံရွာဂျုံများ ၃ တင်းတစ်အိတ် ၁၅၀၀၀၀ ကျပ် မှ ၁၆၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားပြီး ရှမ်းဂျုံမှာ အသစ်အဝင်များခြင်း၊ ဂျုံမှုန့်အထွက်နည်းသဖြင့် ဂျုံစက်များ အဝယ်နည်းခြင်းကြောင့် တစ်အိတ် ၁၄၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ကလေးဂျုံ ၃ တင်းတစ်အိတ် ၁၃၀၀၀၀ ကျပ်၊ ဩစတြေးလျဂျုံမှုန့် တစ်ပိဿာ ၃၃၀၀ ကျပ်၊ ဂျုံဖွဲ တစ်ပိဿာ ၁၃၀၀ ကျပ်ဖြင့် ရောင်းဝယ်နေသည်။ အစေ့ထုတ်ပြောင်းဈေးနှုန်းအနေဖြင့် ဆောင်းပဲလက်ကျန်နည်းခြင်း၊ မိုးပဲစိုက်ချိန်နီးခြင်း ၊ အစာစပ်သမား အဝယ်ပုံမှန်ရှိခြင်းကြောင့် ၃ တင်းတစ်အိတ် ၅၁၀၀၀ ကျပ် မှ ၅၃၀၀၀ ကျပ်
သို့ ဈေးမြင့်သွားသည်။                                   

   ခင်မေကြည်