နေကြာသီးနှံ ပန်းတိုင် အထွက်ရရှိရေး နှင့် မျိုးစေ့ထုတ်လုပ်ခြင်း ခေါင်းစဉ်ဖြင့် တောင်သူနည်းပညာဆွေးနွေးပွဲကျင်းပ

နေပြည်တော်၊ မေ(၁၂)
စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာန တို့ ပူးပေါင်း၍ အပတ်စဉ် စနေနေ့တိုင်း ကျင်းပလျက်ရှိသော (၃၄)ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲကို မေလ ၁၁ ရက်နေ့ နံနက်ပိုင်း က နေကြာသီးနှံ ပန်းတိုင် အထွက်ရရှိရေး နှင့် မျိုးစေ့ထုတ်လုပ်ခြင်း ခေါင်းစဉ်ဖြင့် ကျင်းပရာ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် နှင့် စိုက်ပျိုးရေးပညာရှင်များ သုတေသီများ ၊ လယ်ဝေးမြို့နယ်မှ တောင်သူ-(၃၀)ဦးတို့တက်ရောက်ကြပြီး တိုင်းဒေသကြီး ပြည်နယ်များမှ ကိုယ်စားလှယ် ၂၅၀ ဦး တို့က အွန်လိုင်းစနစ်ဖြင့် ပါဝင်တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီး က အမှာစကားပြောကြားရာ၌ သုတေသနဖွံ့ဖြိုးရေး နှင့် နည်းပညာပြန့်ပွားရေးလုပ်ငန်းကို အချိတ်အဆက်မိမိ ဆောင်ရွက်ခြင်းဖြင့် သီးနှံအထွက် နှုန်း တိုးတက်ရေးနှင့် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် ကောင်းမွန်သည့် အကျိုးရရှိနိုင်ပါကြောင်း၊ မူဝါဒ အပိုင်း၊ ပညာရှင်အပိုင်း၊ တောင်သူများအပိုင်း ပေါင်းစပ် ဆောင်ရွက်နိုင်မှု ပိုမိုအားကောင်း လာစေရန် ယခုကဲ့သို့သော စကားဝိုင်းဆွေးနွေးပွဲများကျင်းပ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊
စိုက်ပျိုးရေးဦးစီးဌာန နှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာန တို့ ပူးပေါင်းပြီး စိုက်ပျိုးမြေ များ ၏ မြေဆီလွှာချဉ်ငန်ဓာတ် ၊ မြေဆီလွှာ အဟာရဓာတ်များ စမ်းသပ် အဖြေရှာ၍ လိုအပ် သည်များ အတွက် သင့်တော်သော လမ်းညွှန်မှုများပေးခြင်းကို ပူးပေါင်း ဆောင်ရွက်နိုင်ရေး တွန်းအားပေးရန် လိုကြောင်း၊ ပညာရှင်များအနေဖြင့် ပန်းတိုင်အထွက်ရရှိရေး ဆောင်ရွက်ရာ၌ တောင်သူတစ်ဦးချင်း ပန်းတိုင်အတွက် ရရှိအောင်ဆောင်ရွက်ခြင်းထက် ရေမြေအခြေအနေ ပေးသည့်ဒေသတွင် အမြင့်ဆုံး ထွက်နိုင်စွမ်း ရရှိစေရန် စီမံဆောင်ရွက်ပေးပြီး အထွက်နှုန်း နည်းသည့်နေရာများ အား အထွက်နှုန်းအသင့်အတင့်ရရှိအောင် ကြိုးပမ်းဆောင်ရွက် ပေးခြင်းဖြင့် ပျမ်းမျှအထွက် မြင့်မားလာကာ ပန်းတိုင်အထွက်ကိုရရှိနိုင်မည်ဖြစ်ကြောင်း၊
သီးနှံ စိုက်ပျိုး ရေးဆိုင်ရာ နည်းပညာများအား မိုဘိုင်းဆက်သွယ်ရေးမီဒီယာများမှ တောင်သူများ ရှာဖွေရယူအသုံးပြုနိုင်ရေး နှင့် စိုက်ပျိုးရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲများ၊ တွေ့ဆုံဆွေးနွေးပွဲများ အွန်လိုင်းစနစ်ဖြင့် တောင်သူများ ပါဝင်တက်ရောက်နိုင်စေရေး အတွက် လေ့ကျင့် ကူညီပေးရန်လိုကြောင်း၊ တောင်သူများမဖြစ်မနေသိရှိရမည့် သတိပေးနှိုးဆော်ချက် များ ကို ဖုန်းမှ SMS ပေးပို့သည့် ဝန်ဆောင်မှုများဆောင်ရွက်ပေးနိုင်ရေး အပါအဝင် ခေတ်မီဒီ ဂျစ်တယ် နည်းပညာအသုံးပြုသော စိုက်ပျိုးနည်းပညာ တိုးတက်မှု ဖြစ်စေရေး ကြိုးပမ်း သွားကြ စေလိုကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန နှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့မှ ပညာရှင်များ က နေကြာသီးနှံ ပန်းတိုင် အထွက်ရရှိရေး နှင့် မျိုးစေ့ထုတ်လုပ်ခြင်းဆိုင်ရာ နည်းပညာများကို ဆွေးနွေးတင်ပြကြပြီး တောင်သူများ ၏ နေကြာသီးနှံ စိုက်ပျိုးမှု အတွေ့အကြုံများ ၊ ဈေးကွက်အလားအလာ နှင့် အခြားသိရှိလိုသည်များကို ရင်းနှီးပွင့်လင်းစွာ မေးမြန်းဆွေးနွေး ခဲ့ကြ ကြောင်း သတင်းရရှိသည်။