မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်ကို အရှေ့တောင်အာရှစံနှုန်းများနှင့်အညီဖြစ်စေရေး အားထုတ်ကြိုးပမ်း
နေပြည်တော်၊ ဒီဇင်ဘာ(၃၀)
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာလ(၂၉)ရက်နေ့ ညနေပိုင်းတွင် မြန်မာနိုင်ငံတိရစ္ဆာန်ဆေးပညာကောင်စီ ဥက္ကဌနှင့် အဖွဲ့အား ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်ခံ တွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံတိရစ္ဆာန်ဆေးပညာကောင်စီ ဥက္ကဌ ဒေါက်တာခင်ဇော် က မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးပညာကောင်စီ ဥပဒေနှင့် နည်းဥပဒေများ၊ ရည်ရွယ်ချက်များ၊ ကောင်စီ ဖွဲ့စည်းခြင်း၊ ကောင်စီ၏တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ ကော်မတီများ၊ အဖွဲ့များ ဖွဲ့စည်းခြင်း၊ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများ၊ တိရစ္ဆာန်ဆေးပညာသင်ကျောင်းကို အရှေ့တောင်အာရှ စံနှုန်းအရ အသိအမှတ်ပြုမှု ရရှိစေရန်စစ်ဆေးခြင်း ၊ တိရစ္ဆာန်ဆေးပညာကောင်စီ (သတ္တမအကြိမ်) ဖွဲ့စည်းရေးကိစ္စရပ်များနှင့် သတ္တမအကြိမ် တိရစ္ဆာန်ဆေးပညာကောင်စီတွင် ဌာနအသီးသီးမှ အဆိုပြု တိရစ္ဆာန်ဆေးကုဆရာဝန်အမည်စာရင်းအနက် ဝန်ကြီးဌာနမှ (၈)ဦးကို တာဝန်ပေးအပ် နိုင်ရေးဆိုင်ရာကိစ္စရပ်များကိုတင်ပြသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက တိရစ္ဆာန်ဆေးပညာ တိုးတက်မြင့်မားလာရေးအတွက် မြန်မာနိုင်ငံတိရစ္ဆာန် ဆေးပညာကောင်စီ ၊ မွေးမြူရေး ဆိုင်ရာဆေးတက္ကသိုလ်နှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်မှု အခြေအနေများကို ဖြည့်စွက်ဆွေးနွေးတင်ပြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး က တိရစ္ဆာန်ဆေးပညာသင်ကြားရေး နှင့်စပ်လျဉ်း၍ လိုအပ်သည့် အကြံပြုချက်များကို တိရစ္ဆာန်ဆေးပညာကောင်စီအနေဖြင့် နှောင့်နှေးကြန့်ကြာမှုမရှိ တင်ပြပေးနိုင်ရေး ၊ တိရစ္ဆာန်ဆေးပညာ ခေတ်မီတိုးတက်ရေး အတွက် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းလုပ်ငန်းများ ပိုမိုထိရောက် စွာ ဆောင်ရွက်နိုင်စေရန် ဝန်ကြီဌာနက လိုအပ်သည့် ညှိနှိုင်း ပေါင်းစပ်ကူညီ ပံ့ပိုးမှုများ ဆောင်ရွက်ပေးသွားမည့် အစီအစဉ်များ၊ တားမြစ်ချက် နှင့် ပြစ်ဒဏ်များ ထိရောက်စေရေးအတွက် ထိန်းကျောင်း ကြပ်မတ်မှု လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ၏ ဆရာ နှင့် ကျောင်းသားအချိုး၊ သင်ကြား သင်ယူမှု လုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ်သော အကြံပြု မွမ်မံခြင်းကို ဝိုင်းဝန်းဆောင်ရွက်ပေးနိုင်ရေး၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ကို အရှေ့တောင်အာရှစံနှုန်းများနှင့်အညီ ဖြစ်စေရေး ဆက်လက် အားထုတ်ကြိုးပမ်း သွားရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။