မိုးစပါးအပြီး ထယ်ရေးမဲ့စနစ်ဖြင့် ဆောင်းသီးနှံ သီးထပ်စိုက်ပျိုးရန် စမ်းသပ်သုတေသနပြု

နေပြည်တော် ၊ ဒီဇင်ဘာလ(၂၇)
စပါး ရိတ်သိမ်းအပြီး အစိုဓါတ်မပျောက်ဆုံးမီ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ယခင်က အနည်းဆုံး ထယ်ရေး၊ ထွန်ရေးဖြင့် စိုက်ပျိုးရန်အတွက် စပါးရိုးပြတ်များကို မီးရှို့လေ့ ရှိကြသည်။ မိုးစပါးအပြီး ဆောင်းသီးနှံစိုက်ပျိုးရန် ပြင်ဆင်ချိန်တွင် ရိုးပြတ်များ မီးရှို့ခြင်းသည် စိုက်ပျိုးရေးလုပ်ငန်းခွင်တွင် လုပ်ရိုးလုပ်စဉ် လုပ်ငန်းတစ်ခုအဖြစ် ဆောင်ရွက်ခဲ့ကြ သော်လည်း လေထုအတွင်း ကာဗွန်ဒိုင်အောက်ဆိုဒ် ပမာဏကို များပြားစေပြီး ရာသီဥတု ပူနွေးမှု ဖြစ်ပေါ်ခြင်းကို ကာကွယ်တားဆီးနိုင်ရန်နှင့် သဘာဝ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိပြီး ရေရှည်တည်တံ့သော စိုက်ပျိုးထုတ်လုပ်မှုစနစ်ကို ဖော်ဆောင်လုပ်ကိုင်နိုင်ရန် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက တောင်သူများပူးပေါင်း ပါဝင်သော လက်လှမ်းမီသုတေသနများကို အလေ့အကျင့်ကောင်း တစ်ခုအနေဖြင့် ဆောင်ရွက်လျက ရှိကြောင်း သိရသည်။
မိုးစပါးအပြီး မြေတွင်းအစိုဓါတ် မပျောက်ဆုံးခင် ဆောင်းသီးနှံအချိန်အမီ စိုက်ပျိုးရေး အတွက် ထယ်ရေးမဲ့စိုက်ပျိုးနည်းစနစ်ကို စမ်းသပ်သရုပ်ပြ စိုက်ပျိုးလေ့လာခြင်းကို ဒီဇင်ဘာလ (၂၆)ရက် နံနက်ပိုင်းက နေပြည်တော် ဒက္ခိဏသီရိမြို့နယ် မဲဒီကျေးရွာ၌ စက်မှုလယ်ယာဦးစီးဌာန ၊ စိုက်ပျိုးရေး ဦးစီးဌာန နှင့် မဲဒီကျေးရွာ တောင်သူများပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။
ယခုကဲ့သို့ စက်မှုလယ်ယာဦးစီးဌာန ၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးသူ တောင်သူလယ်သမားများ ပူးပေါင်းပါဝင်သော သုတေသန လုပ်ငန်းများကို တောင်သူ့စိုက်ခင်းများတွင် လက်တွေ့ဆောင်ရွက်ခြင်းမှာ အလွန်ကောင်းမွန်သော အလေ့အကျင့်ဖြစ်ပါကြောင်း၊ ရိုးပြတ်များကို မီးမရှို့ပဲ စပါးရိုးပြတ်များအကြား တိုက်ရိုက်စိုက်ပျိုးရာတွင် အလေ့အကျင့်တစ်ခုဖြစ်သော မျိုးစေ့နှုန်းထား များများ ကြဲပက်၍ ရိုးပြတ်များကို ခုတ်ဖုံး စိုက်ပျိုးခြင်းသည် အပင်ပေါက် မသေချာသည့်အပြင် မျိုးစေ့နှင့် မြေသားထိစပ်မှုနည်း၍ အပင်ပေါက် မညီညာကာ စိုက်ခင်း ဖြစ်တည်မှုကို ညံ့ဖျင်းစေပါကြောင်း၊ မျိုးစေ့များလည်း အလေအလွင့် ရှိပါကြောင်း၊ ထိုသို့ မဖြစ်စေရန်အတွက် စပါးရိတ်သိမ်းအပြီး ရိုးပြတ်များကို စက်အားဖြင့် ဖြတ်တောက်ခါ ထယ်ရေးမဲ့ အခြေအနေတွင် စိုက်ပျိုးမှုကို စက်အားဖြင့် တွင်ကျယ်စွာ လိုက်နာ ကျင့်သုံးရမှာ ဖြစ်ကြောင်း ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် က ပြောသည်။
မိုးစပါးအပြီး ဆောင်းသီးနှံစိုက်ပျိုးရေးအတွက် ရိုးပြတ် အကြွင်းအကျန်များကို စီမံခန့်ခွဲရာတွင် သီးနှံမျိုးစေ့များ ထယ်ရေးမဲ့ အခြေအနေတွင် မျိုးစေ့ချ ကိရိယာနှင့် စိုက်ပျိုးပြီး ရိုးပြတ်များကို ခုတ်ဖုံးစိုက်ပျိုးခြင်း အပြင် ကောက်ရိုးများမှ တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်မည်ဆိုပါက စက်အားဖြင့် ဘေထုပ်များ ထုပ်ကာ လိုအပ်သလို အသုံးပြုရန် ဖြစ်ကြောင်း နှင့် ကောက်ရိုးမှ မြေဆွေးနှင့် တီကောင်မွေးကာ မြေဆွေး ပြုလုပ်ခြင်း၊ ဇီဝမီးသွေးပြုလုပ်ကာမြေတွင် ပြန်လည်ထည့်သွင်းခြင်း၊ စက္ကူနှင့် ပျော့ဖတ်များ ပြုလုပ်ခြင်း၊ လောင်စာတောင့်ထုတ်လုပ်ခြင်း၊ မှိုစိုက်ပျိုးခြင်း အပြင် တိရစ္ဆာန်အတွက် အားဖြည့် အစာတောင့်များ ထုတ်လုပ်ခြင်း စသဖြင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင် ခြင်းကို နိုင်ငံတကာကျင့်သုံးနေကြသည်ကို လေ့လာတွေ့ရှိရကြောင်း ၊ ယခုကဲ့သို့ သက်ဆိုင်ရာဌာနများ နှင့် တောင်သူများ ပူးပေါင်းပါဝင်ကာ တောင်သူစိုက်ကွက်များတွင် လက်လှမ်းမီသုတေသနများကို အလေ့ အကျင့်ကောင်း တစ်ခုအနေနှင့် ဆောင်ရွက်သွား ကြရန် ဖြစ်ကြောင်း ဒုတိယဝန်ကြီး က ဆက်လက်ပြောကြားသည်။
သရုပ်ပြ အခမ်းအနားတွင် ထယ်ရေးမဲ့စိုက်ပျိုးရန် ကောက်ရိုးစင်းစက်ဖြင့် ဖြတ်တောက် ခြင်း ၊ ပဲလွမ်းသီးနှံကို စမ်းသပ်စိုက်ပျိုးကာ တောင်သူများနှင့် အပြန်အလှန် ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြသည်။