ရှမ်းပြည်နယ်(အရှေ့ပိုင်း)၏ စိုက်ပျိုးရေ ဖူလုံပိုလျှံစွာရရှိရေးနှင့် လယ်ယာကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးကြိုးပမ်း

နေပြည်တော်၊ဒီဇင်ဘာလ(၂၅)ရက်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၏ စိုက်ပျိုးရေ ဖူလုံပိုလျှံစွာရရှိရေးနှင့် လယ်ယာကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက် ပေးရန်တာချီလိတ်မြို့တွင် ရောက်ရှိနေသော စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် သည် ဒီဇင်ဘာလ(၂၃)ရက်နေ့ နံနက်ပိုင်းတွင် ဝမ်ပုံရွာအနီးရှိ ဝမ်ပုံမြေသားတမံ ပြုပြင်ခြင်းလုပ်ငန်းခွင်းအားကြည့်ရှုစစ်ဆေးပြီး ဒေသခံ တောင်သူများနှင့် တွေ့ဆုံ၍ စိုက်ပျိုးရေ မျှတစွာအသုံးပြုနိုင်ရေး၊ စိုက်ပျိုးသည့် သီးနှံပုံစံအလိုက် ရေလိုအပ်ချက်ကို စနစ်တကျပေးသွင်းပြီး ရေချိုအရင်းအမြစ်များ အလေအလွင့်မရှိအသုံးပြုနိုင်ရေး၊ဒေသ၏လယ်ယာကုန်ထုတ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်သူများနှင့် သက်ဆိုင်ရာဌာနများ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ရန် ကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ မိုင်းဟိကျေးရွာအနီး နမ့်မယ်ခွန် ချောင်းပေါ်တွင် နမ့်မယ်ခွန် ရေလွှဲဆည် တည်ဆောက်မည့်လျာထားနေရာ အား ကြည့်ရှုစစ်ဆေးစဉ် မြေပြင် အနေအထားနှင့် ကိုက်ညီသည့် ဒီဇိုင်းပုံစံများ ရေးဆွဲဆောင်ရွက်ကြရန်၊ အရည်အသွေးပြည့်မီစွာ တည်ဆောက်နိုင်ရေးနှင့် တည်ဆောက်ပြီးစီးပါက လျာထားစိုက်ပျိုးဧကများအတိုင်း ရေအပြည့်အဝပေးဝေနိုင်ရေး ဆွေးနွေမှာကြားသည်။ ဆက်လက်၍ ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ ရေပေးဝေရေးလုပ်ငန်းများ စနစ်တကျဆောင်ရွက်နိုင်ရေးအတွက် ရေအသုံးချသူများအဖွဲ့(WUG)ဖွဲ့စည်းနိုင်ရေး၊ ရေအနည်းလို သီးနှံများ စိုက်ပျိုးနိုင်ရေးအတွက် နည်းပညာအပါအဝင် တောင်သူလိုအပ်ချက်များ ကူညီပံ့ပိုး ပေးနိုင်ရေးဆိုင်ရာများကို ခင်မင်စွာ ရင်းနှီးဆွေးနွေးပြောကြားသည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် တာချီလိတ်မြို့၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှူးရုံး၌ လယ်ယာကဏ္ဍဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ နိုင်ငံတော်၏ စိုက်ပျိုးရေး မွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်ကို မိမိတို့ဝန်ကြီးဌာ၏ လယ်ယာကဏ္ဍဆိုင်ရာမူဝါဒများနှင့်အညီ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်၊ နိုင်ငံတော်မှချမှတ်ထားသည့် ညွှန်ကြားချက်များအပေါ် လယ်ယာမြေဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းများ၊ နိုင်ငံ့ဝန်ထမ်း ဥပဒေ စည်းမျဥ်းစည်းကမ်းများနှင့် အညီ လိုက်နာဆောင်ရွက်ရန်လိုကြောင်း၊ တစ်ဧကချင်း၏ သီးနှံအထွက်နှုန်းတိုးတက်ရေး ၊ တောင်သူများ လိုအပ်သည့် မျိုးကောင်း မျိုးသန့်နှင့် စိုက်နည်းစနစ်များ ဖြန့်ဝေပေးနိုင်ရေး၊ မွေးမြူရေး လုပ်ငန်းတွင် လွှတ်ကျောင်း စနစ်မှ တိရစ္ဆာန်အစာကျွေး၍ လှောင်မွေးသည့်စနစ် ဖွံ့ဖြိုးလာရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးမှာကြားခဲ့ ကြောင်း သတင်းရရှိသည်။