ရန်ကုန်ဈေးကွက်

ရန်ကုန်ဈေးကွက်

ဆန်

ယခုရက်သတ္တပတ်အတွက်ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်းလမ်း)တွင်ထုတ်ပြန်ထားသည့် ဆန်ဈေးနှုန်းများအရ ရွှေဘိုပေါ်ဆန်း အလတ်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၁၃၀၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၁၂၅၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဖျာပုံပေါ်ဆန်း အလတ်စတစ်တင်းခွဲ တစ်အိတ်လျှင် ၁၀၅၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ် ၁၀၀၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ပေါ်ကျွဲဆန် အလတ်စတစ်တင်းခွဲ တစ်အိတ်လျှင် ၉၁၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၉၀၀၀၀ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဧည့်မထဆန်ဟောင်း အလတ်စ တစ်တင်းခွဲတစ်အိတ်လျှင် ၇၈၀၀၀ ကျပ်နှင့် အောက်စ တစ်တင်းခွဲတစ်အိတ်လျှင် ၇၇၀၀၀ ကျပ်နှုန်းဖြင့် လည်း ကောင်း၊ ငစိန်ဆန် အလတ်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၇၂၀၀၀ကျပ်နှင့်အောက်စတစ်တင်းခွဲ တစ်အိတ်လျှင် ၇၁၀၀၀ ကျပ်နှုန်းဖြင့်လည်း ကောင်း အသီးသီး ရောင်းဝယ်လျက် ရှိကြောင်းသိရသည်။ ဖော်ပြပါ ဆန်ဈေးနှုန်းများမှာ မတ် ပထမ အပတ်မှ ဧပြီ စတုတ္ထပတ်တိုင်အောင် များစွာ ပြောင်းလဲမှုမရှိဘဲ တည်ရှိနေခဲ့ပြီး ဧည့်မထဆန်နှင့် ငစိန်ဆန်မှာ ဈေးနှုန်းအပြောင်းအလဲ အနည်းငယ်ရှိခဲ့ခြင်းဖြစ်သည်။  ဧည့်မထဆန်မှာ နွေစပါး အသစ်များပေါ်ချိန်ဖြစ်ခြင်းနှင့် သင်္ကြန်ပွဲတော်ရက်များ နီးခြင်းတို့ကြောင့် ရောင်းလိုအားများကာ ဧည့်မထဆန်သစ်များ ဈေးနိမ့်နေခဲ့ခြင်းဖြစ်ပြီး ယခု ဧပြီ စတုတ္ထပတ်တွင်မူ ပြည်ပတင်ပို့ ဝယ်လက်များနှင့် လှောင်လက်များမှ ဝယ်ယူမှုရှိခြင်း၊ စားသုံးသူများမှ ဝယ်ယူမှု ပုံမှန်ရှိခြင်း တို့ကြောင့် ယခင်အပတ်ထက် ဈေးမြင့်လာခဲ့ခြင်းဖြစ်သည်။ အလားတူပင် ငစိန်ဆန်ဈေးနှုန်း များမှာလည်း စိုက်ပျိုးထွက်ရှိမှု နည်းသော ဆန်အမျိုးအစားဖြစ်ခြင်း၊ ပြည်ပတင်ပို့ရန် ဝယ်ယူမှု များ ခြင်းတို့ကြောင့် ယခင်အပတ်ထက် အနည်းငယ် ဈေးမြင့်လာခဲ့ခြင်းဖြစ် သည်။ ဧည့်မထဆန် နှင့် ငစိန်ဆန်တစ်အိတ်လျှင် ၁၀၀၀ ကျပ်ဝန်းကျင်သာ ဈေးမြင့်လာခဲ့ခြင်းဖြစ်သည်။  ပြင်ပရှိ လက်လီဈေးကွက်တွင်မူ ဖော်ပြပါဆန်ဈေးနှုန်းများထက် ဆန်တစ်အိတ်လျှင် ကျပ်ငွေ ၁၀၀၀၀ မှ ၅၀၀၀၀ ကျပ်ခန့်အထိ ဆန်အမျိုးအစားပေါ်မူတည်၍ ဈေးမြင့်ကွာဟလျက်ရှိသည်။ ပြင်ပရှိ လက်လီ ဈေးကွက်တွင် ဆန်တစ်ပြည်လျှင် ဈေးနှုန်းအနိမ့်ဆုံး ၃၅၀၀ ကျပ်ဝန်း ကျင်ရှိပြီး ဈေးအမြင့်ဆုံးမှာ ၈၀၀၀ ကျပ်ဝန်းကျင်ဖြစ်သည်။ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်၏ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းမှ ရန်ကုန် တိုင်းဒေသကြီးအတွင်း မြို့နယ် ၁၈ မြို့နယ်ရှိ အသင်းဝင်ဆန်လက်လီဆိုင် ၅၈ ဆိုင်တွင် ဧည့်မထဆန် တစ်ပြည်လျှင် ၃၃၀၀ ကျပ်နှုန်းဖြင့် အပတ်စဉ် (သောကြာ၊ စနေ၊ တနင်္ဂနွေ)နေ့များတွင် ဆန်ရောင်းချပေးလျက်ရှိသည်။ ရန်ကုန်ဈေးကွက်သို့ ဖျာပုံ၊ မော်ကျွန်း၊ ဘိုကလေး၊ ကွမ်းခြံကုန်း၊ ဒေဒရဲ၊ ကော့မှူး၊ တွံတေး၊ ဝါးခယ်မ၊ မြောင်းမြ၊ ကျိုက်လတ် ၊ လပွတ္တာ၊ ရွှေူဘိုဒေသများမှ ဆန်ဝင်ရောက်မှု ပုံမှန်ရှိကြောင်းသိရသည်။

အစေ့ထုတ်ပြောင်း

အစေ့ထုတ်ပြောင်းများအား ထိုင်းနိုင်ငံသို့ အကောက်ခွန်လွတ်တင်သွင်းခွင့်ရသောကာလဖြစ်သော်လည်း နယ်စပ်ဂိတ်များမှ တင်ပို့ရာတွင် နယ်မြေမတည်ငြိမ်ခြင်းနှင့် သယ်ယူ ပို့ဆောင်စရိတ်များ ဈေးမြင့်နေခြင်းကြောင့် ပြည်ပဝယ် လက်များမှ အရောင်းအဝယ်အေးခြင်း၊ ထိုင်းနှင့်ဖိလစ်ပိုင်နိုင်ငံများသို့ ပင်လယ်ရေကြောင်းမှ အနည်းငယ်တင်ပို့မှုသာရှိခြင်း၊ ပြည်တွင်း အစာစပ်လုပ်ငန်းများမှ အနည်းငယ်ဝယ် ယူမှုရှိခြင်းစသည့်အခြေအနေများ ဖြစ်ပေါ်ခဲ့ပြီ အစေ့ထုတ်ပြောင်းဈေး နှုန်းများမှာ ဈေးငြိမ်အရောင်းအဝယ်အေးခဲ့သည်။ အစေ့ထုတ်ပြောင်း ၅၄ ပိဿာလျှင် ပျမ်းမျှဈေးနှုန်းမှာ ၅၆၇၀၀ ကျပ်ဖြစ်သည်။ ၎င်းဈေးနှုန်းဖြင့် မတ် စတုတ္ထပတ်မှ ယခုဧပြီ စတုတ္ထအပတ်တိုင်အောင် ဈေးငြိမ်အရောင်းအဝယ်အေးခဲ့ခြင်း ဖြစ်သည်။ လာမည့် စိုက်ပျိုးရာသီတွင် အစေ့ထုတ်ပြောင်းစိုက်ပျိုးထုတ်လုပ်မှုများလည်းလျော့နည်း လာဖွယ်ရှိ ကြောင်းသိရသည်။

စားဖိုဆောင်သီးနှံ

စားဖိုဆောင်သီးနှံဈေးကွက် တွင် ငရုတ်ခြောက်မှာ ပြည်ပတင်ပို့မှုမရှိသလောက်နည်းခြင်း၊ ရာသီပူခြင်းကြောင့် ပြည်တွင်းစားသုံးမှုလျော့နည်းခြင်း၊ ဈေးကွက်သို့ ကုန်အဝင်လှိုင်ချိန် ဖြစ်ခြင်းတို့ကြောင့် ငရုတ်ခြောက်(ရှည်)မှ ဧပြီ ဒုတိယ အပတ်၏ ဈေးနှုန်းများဖြင့်သာ ဈေးငြိမ်အရောင်းအဝယ်အေးခဲ့ပြီး ငရုတ်ခြောက်(ပွ)မှာ ဈေးကွက်သို့ ကုန်အဝင်လျော့လာခြင်းကြောင့် ဧပြီ ဒုတိယအပတ်ထက်အနည်းငယ် ဈေးမြင့်ခဲ့သည်။ငရုတ်ခြောက် (လတ်) မှာ ဈေးကွက်သို့ ကုန်အဝင် မရှိသလောက် နည်းခြင်းကြောင့် ဈေးနှုန်းကောက်ယူနိုင်ခြင်းမရှိခဲ့ပါ။ ဈေးကွက်သို့ ပန်းရဲ၊ မြားနီ၊ စူပါငရုတ်ခြောက်ရှည်များကုန်ဝင်ရောက်မှုရှိပြီး ဆင်ဖြူကျွန်းနှင့် မြစ်ဝပု ငရုတ် ခြောက်ပွများ ကုန်ဝင်ရောက်မှုရှိခဲ့ကြောင်းသိရသည်။ ငရုတ်ခြောက်(ရှည်ပွ) တစ်ပိဿာလျှင်  သင်္ကြန်မတိုင်မီဈေးနှုန်းများမှာ ၄၄၀၀-၈၅၀၀ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၄၄၀၀-၈၇၅၀ ကျပ် ဖြစ်သည်။ ကြက်သွန်နီ (ထူ၊လတ်၊ သေး)မှာ တောင်တွင်း၊ ဆိပ်ဖြူ၊ မြင်းခြံ၊ အောင်လံ ဒေသများမှ ကုန်ဝင်ရောက်မှု ပုံမှန်ရှိ သော်လည်း စားသုံးသူများမှ ဝယ်လိုအားနည်း ခြင်းကြောင့်သင်္ကြန်မတိုင်မီဈေးနှုန်း များထက် အနည်းငယ်ဈေးနိမ့်လာခဲ့သည်။ ကြက်သွန်နီ (ထူ၊လတ်၊သေး) တစ်ပိဿာလျှင် သင်္ကြန်မတိုင်မီ ဈေးနှုန်းမှာ ၂၅၅၀-၂၄၀၀-၁၉၅၀ ကျပ်ဖြစ်ပြီး ယခုအပတ်ပျမ်းမျှဈေး နှုန်းမှာ ၂၃၀၀-၂၀၀၀-၁၅၀၀ ကျပ်ဖြစ်သည်။ ကြက်သွန်ဖြူ(ရှမ်း)မှာ အရည်အသွေးကောင်းခြင်းနှင့် ဈေးကွက်သို့ ကုန်အဝင်နည်းခြင်းကြောင့်လည်းကောင်း၊ ကြက်သွန် ဖြူ(ကြူကုတ်)မှာ ကုန်အဝင်နည်းခြင်း၊ သယ်ယူစရိတ်နှင့် တင်သွင်းဈေးနှုန်းမြင့်ခြင်းကြောင့်လည်း ကောင်း သင်္ကြန်မတိုင်မီဈေးနှုန်းများထက် ဈေးမြင့်လာခဲ့သည်။ ကြက်သွန်ဖြူ (ရှမ်း)တစ်ပိဿာလျှင် သင်္ကြန်မတိုင်မီ ပျမ်းမျှဈေးနှုန်းမှာ ၇၁၀၀ ကျပ်ဖြစ်ပြီး ယခုအပတ်ပျမ်းမျှ ဈေးနှုန်းမှာ ၇၂၅၀ ကျပ်ဖြစ်သည်။ ကြက်သူဖြူ(ကြူကုတ်) တစ်ပိဿာလျှင် သင်္ကြန်မတိုင်မီ ပျမ်းမျှဈေးနှုန်းမှာ ၁၁၂၅၀ ကျပ်ဖြစ်ပြီး ယခု အပတ်ဈေးနှုန်းမှာ ၁၂၇၅၀ ကျပ်ဖြစ်သည်။ ဟဲဟိုးအာလူးသစ်များ ဈေးကွက်သို့ ကုန်အဝင်ပိုလာသော်လည်း အရည်အသွေး ကောင်းခြင်းနှင့် စားသုံးသူများမှ ဝယ်လိုအားများခြင်းကြောင့် အာလူး(အေဝမ်း)မှာအနည်းငယ်ဈေးမြင့်လာခဲ့ပြီး အာလူး(အက်စ်ဝမ်း)နှင့် အာလူး(အိုကေ)မှာသင်္ကြန်မတိုင်မီ ဈေးနှုန်းများဖြင့်သာ ဈေးငြိမ် အရောင်းအ ဝယ်အေးခဲ့သည်။ အာလူး (အက်စ်ဝမ်း၊ အိုကေ၊ အေဝမ်း) တစ်ပိဿာလျှင် သင်္ကြန် မတိုင်မီ ပျမ်းမျှဈေး နှုန်းမှာ ၂၁၀၀-၂၁၀၀-၁၆၀၀ ကျပ်ဖြစ်ပြီး ယခု အပတ် ပျမ်းမျှဈေးနှုန်းမှာ ၂၁၀၀-၂၁၀၀-၁၇၀၀ ကျပ်ဖြစ် သည်။

စားသုံးဆီ

စားအုန်းဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်မှု ကော်မတီ၏ ၂၀၂၄ ခုနှစ်၊ ဧပြီ  ၂၂  ရက်မှ ၂၈ရက်အထိ ကာလအတွက် ထုတ်ပြန်ထားသော ရန်ကုန်အထိုင်လက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၅၃၄၀ ကျပ်ဖြစ်ပြီး ယခင်ရက်တ္တပတ်ဖြစ်သော သင်္ကြန်ကာလ ဧပြီ ၁၃ ရက်မှ ၂၁ ရက်နေ့အထိ ကာလအတွက် ထုတ်ပြန်ထားသော ဈေးနှုန်းမှာ ၅၄၆၀ ကျပ်ဖြစ်သည်။ သင်္ကြန်မတိုင်မီ ဧပြီ ၈ ရက်မှ ၁၂ ရက်အထိ ကာလအတွက် ထုတ်ပြန်ထားသော ဈေးနှုန်းမှာ ၅၂၅၀ ကျပ်ဖြစ်သည်။ ထို့ကြောင့် ယခုရက်တ္တပတ် ဈေးနှုန်းအား သင်္ကြန်တွင်းကာလနှင့် နှိုင်း ယှဉ်ပါက တစ်ပိဿာလျှင် ၁၂၅ ကျပ်ဈေးနိမ့်ခဲ့ပြီး သင်္ကြန်မတိုင်မီကာလနှင့် နှိုင်းယှဉ်ပါက တစ်ပိဿာလျှင် ၉၀ ကျပ် ဈေးမြင့် လာခဲ့ခြင်းဖြစ်သည်။ ပြင်ပရှိ လက်လီဈေး ကွက်တွင် သတ်မှတ်ထားသော ဆိုင်အချို့၌ ရည်ညွှန်း ဈေးနှုန်းထက် များစွာမကွာသော ဈေးနှုန်းများဖြင့် စားအုန်းဆီများအား ရောင်းချပေးလျက် ရှိသည်။ 

အေးသန္တာဝင်း